Sunday, August 29, 2010

စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ... (၁)

မြန်မာပြည်မှာပြန်နေဖို့ ဆုံးဖြတ်တော့မယ့်အခါ စဉ်းစားရမယ့် စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ ရှိပါတယ်...

ကျောင်းပြီးလို့ အလုပ်မဝင်ခင် မြန်မာပြည်ကို ပထမဆုံး ပြန်တဲ့အခေါက်ရဲ့ အတွေ့အကြုံလေးပါ....

2005 မေလကုန်ခါနီးလောက်မှာ project အပြီးသတ်နိုင်ခဲ့တယ်။
ဇူလိုင်လပထမပတ်မှာ project supervisorရဲ့ ခွင့်ပြုချက်နဲ့ thesis paperကို examinerတွေဆီ တင်လိုက်တယ်။
အဲဒိနောက်တော့ ရှိသမျှအားအင်တွေ အကုန်ပုံအောလိုက်ရသလို အရုပ်ကြိုးပြတ်ပဲ။
စိတ်တွေ လျော့ချလိုက်တာကြောင့်လဲ ဖြစ်မယ်ထင်တယ်။
ဦးနှောက်ကို အလုပ်ပေးရမယ့် ကြီးကြီးမားမားကိစ္စတွေကို လုံးဝမလုပ်ချင်၊ မစဉ်းစားချင်တော့တာ။

ရန်ကုန်ကိုပြန်ပြီး အားရပါးရ နားလိုက်ချင်စိတ်ပဲ ရှိတယ်။
ကျောင်းပြီးခါစမို့ အချိန်ရတုန်းလေး တစ်လလောက် ပြန်နားမယ်လို့ စိတ်ကူးတယ်။
Examinerတွေစစ်ပြီး ၂လလောက်ကြာမှ thesisကို နောက်ဆုံး အပြီးသတ်ပြန်တင်ရမှာ။
ဒါကြောင့် ကြားထဲမှာ ၂လလောက်အချိန်ရမယ်။
အလုပ်ရှာမယ့်ကိစ္စကို ခဏမေ့လိုက်ပြီး ရန်ကုန်ပြန်ဖို့ကိုပဲ ခေါင်းထဲထည့်ထားလိုက်တယ်။
အလုပ်က တသက်လုံးလုပ်ရမှာ၊ အရမ်းပင်ပန်းနေတော့ နားချင်လှပြီ။

ဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်တွေ ပေါ့ပါးပြီး အရသာရှိလိုက်တာ မပြောပါနဲ့တော့...

ဒါပေမယ့် ကျောင်းပြီးခါစဆိုတော့ ငွေပိုငွေလျှံသိပ်မရှိဘူး။
ကျောင်းတက်နေတုန်း ကုန်ကျစရိတ်တွေကများ၊ အိမ်ကိုလည်း ထပ်အပူမကပ်ချင်တော့ ပြန်ဖို့လိုအပ်မယ့် ပိုက်ပိုက်အတွက် part-timeလုပ်ပြီး ရှာရပါမယ်။
ဒီရက်ပိုင်းအတွင်း သေချာအနားယူပြီး အားလဲပြန်ဖြည့်ချင်သေးတယ်။
ဒါကြောင့် part-time အလုပ်မလုပ်ခင် တစ်ပတ်လောက် စိတ်လွတ်ကိုယ်လွတ် နားပစ်လိုက်တယ်။
ပထမ၄ရက်ကို အိမ်ထဲမှာပဲအောင်းပြီး ပေါ့ပေါ့ပါးပါး ရသစာပေတွေဖတ်တယ်၊
ရုပ်ရှင်တွေကြည့်တယ်။
နောက်၃ရက်မှာတော့ သွားချင်တာ လျှောက်သွား၊ စားချင်တာ လျှောက်စားတယ်။

Part-timeလုပ်နေတုန်း စိတ်တွေက မြန်မာပြည်ကိုပဲ ရောက်ရောက်နေတော့တာ...
အချိန်တွေ မြန်မြန်ကုန်ပြီး မနက်ဖြန်တွေ မြန်မြန်ရောက်စေချင်လှပြီ။
အဲ... ဒါပေမယ့် မြန်မာပြည်ပြန်ရောက်ရင်တော့ "ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးပေါ့"...

ပြန်ပြီဆိုတော့လဲ လက်ဆောင်လေးတွေ ဝယ်သွားပေးချင်သေးတယ်။
ဒါကြောင့် ဇူလိုင်လ တတိယပတ်ကနေ၊ စက်တင်ဘာလ ပထမပတ်အကုန်အထိ part-timeလုပ်ပြီးရှာလိုက်တာ လမ်းစရိတ်၊ အိမ်လခ၂လစာနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ လောက်ငှတဲ့အပြင် ငွေပိုလေးတောင် ရလိုက်တယ်။
သယ်စရာ သိပ်များများမရှိတော့ ကီလို ၃၀ကို ရောင်းလိုက်တဲ့အခါ ငွေတော်တော်ပိုသွားတာပေါ့။
ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်မဝင်ခင် စက်တင်ဘာလကုန်ခါနီး မြန်မာပြည်ကို ပထမဆုံးအကြိမ် ပြန်ခဲ့ပါတော့တယ်။

လေယာဉ်စီးချိန် ၂နာရီ၄၅မိနစ်ခန့်ကို မြန်မြန်ကုန်စေချင်ပါတယ်။
ဒါကြောင့် အစားမကျွေးခင်အိပ်၊ ကျွေးပြီးတော့လဲအိပ်လိုက်တာ ခါးပတ်ပတ်ဖို့ လာနှိုးမှပဲ နိုးတော့တယ်။
နိုးတာနဲ့ မင်္ဂလာဒုံလေဆိပ်ကြီးကို မြင်လိုက်ရတာ အရသာက တယ်ကောင်းဗျို့

လေယာဉ်ပေါ်ကဆင်းတာနဲ့...
ဒါငါ့မြေ၊ ဒါငါ့နိုင်ငံဆိုတဲ့ အသိကြောင့် စိတ်ထဲမှာ နွေးထွေးသွားပြီး..
ခံစားရသမျှ ပိုင်ပိုင်နိုင်နိုင်ရှိလိုက်တာ...
ဖြာဆင်းနေတဲ့ နေရောင်ခြည်၊ တိုက်ခတ်နေတဲ့ လေပြည်တွေ အားလုံး အားလုံးကို အငမ်းမရခံစား....
ကြည့်စမ်းပါအုံး!!! အရာအားလုံးဟာ ကိုယ်နဲ့တသားတည်း စီးမျောနေကြတာ...

အဲဒိအချိန်ခဏမှာ ထာဝရအသိ၁ခု ရလိုက်တယ်...
ဘယ်နေရာရောက်ရောက်၊ ဘယ်တွေကိုလုပ်လုပ် ဒီနေ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကို အမြဲတမ်း လွမ်းဆွတ်နေမယ်၊ ချစ်နေမယ်ဆိုတာ....
ကျနော့်လိုပဲ အဝေးရောက်မြန်မာတွေ ခံစားဖူးကြမှာပါ။

အဲဒိတုန်းက လေဆိပ်အသစ် ဆောက်နေဆဲအချိန်ပါ။
သူတို့ဆီရောက်ဖို့ ဘတ်စ်စီးတော့ ရုတ်တရက် ညစ်နွမ်းနွမ်းခံစားလိုက်ရသေးတယ်။
ကားဘော်ဒီတုန်ခါမှုကြောင့် ကားတံခါးဆီက တဖျတ်ဖျတ်အသံ၊ ကားအင်ဂျင်အိုအိုရဲ့ငြီးငြူသံ ဒီအသံတွေကလည်း ဝရုန်းသုန်းကားနဲ့ ဆီးကြိုကြတယ်။
နောက်ပြီး ကွမ်းတံတွေး နီနီတွေကလည်း ညှိုးငယ်သောစိတ်ထားဖြင့် ကြိုဆိုပါ၏တဲ့။
ဒါတွေ ဒါတွေက မင်းမြန်မာပြည်ရောက်နေပြီလို့ ထပ်လောင်း ပြောပေးနေကြတယ်။

သုံးထပ်သားပြားတွေ ခင်းထားတဲ့ လမ်းရဲ့အဆုံးမှာ သူတို့တွေ ရှိနေကြတယ်။
သူတို့တွေဆိုတာက ကံကောင်းထောက်မလို့ ၁နှစ်လောက် တွေ့စရာ မြင်စရာ ပတ်သတ်စရာမလိုတဲ့..
အပျော်ဖျက် အပြတ်ဖျော်မယ့်လူတွေပေါ့။
ခပ်တင်းတင်း စောင့်ကြိုနေကြလေရဲ့...
အစ်ကိုတစ်ယောက်ပြောတာ ကြားဖူးတာတော့ ငရဲခန်းသို့ ခြေလှမ်းကိုးဆယ်တဲ့။
သူတို့ကိုတော့ မလွမ်းမိတာ အမှန်။

မပြန်ခင် စီနီယာအစ်ကိုတွေကို မေးထားခဲ့ပါသေးတယ်...
အတတ်နိုင်ဆုံး အပိုတွေအတွက် လေအကုန်မခံရမယ့်နည်း၊ အကုသိုလ်နည်းနိုင်သမျှနည်းမယ့် နည်းတွေအကြောင်းလေ...

ဒါပေမယ့် ကျနော် ကံဆိုးပါတယ်...
လေယာဉ်ပေါ်မှာ ထိုင်ခုံနံပါတ်က နောက်ဘက်ကျတော့ ခရီးသည်အကုန်လုံးနီးပါး ဆင်းပြီးတော့မှသာ ကျနော်လဲ ဆင်းလို့ရပါတယ်။
ဒါကြောင့် ကျနော် သူတို့နားကို ရောက်တဲ့အချိန် လူတော်တော်ကုန်နေပါပြီ။
အများအာရုံကျချင်စရာ ထီးထီးကြီးပေါ့...

အစ်ကိုတွေ မှာထားတဲ့အတိုင်း ရုံးခန်းသေးသေးလေးကို ဦးတည်လိုက်တယ်။
အဲဒိအချိန်မှာ အရာရှိငယ်တစ်ယောက် အပြေးတပိုင်းနဲ့ ရောက်လာပါတယ်။
ချိုချိုသာသာပါပဲ "ငါ့ညီ ကျောင်းသားလားတဲ့"။
"ဟုတ်ကဲ့"လို့ ပြန်ဖြေတော့ "ကိုယ့်ကို စာရွက်ပေး ဆရာ့လက်မှတ်ယူပေးမယ်"တဲ့။

ပေးလိုက်ရမလား? ငါကိုယ်တိုင်ပဲ ဝင်တွေ့ရမလား?
ခက်တာက သူ့ဆရာဆိုသူ ..ကြီးကြီးကလဲ ရုံးခန်းလေးထဲမှာ မရှိ။
အူတိအူကြောင် ပုံစံနဲ့ ရုံခန်းထဲ မဝင်သေးဘဲ ရုံးခန်းဝင်ပေါက်ရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေလိုက်တယ်။
အရာရှိငယ်ကတော့ ရုံးခန်းထဲ ဝင်လာဖို့ ခေါ်တယ်။
တကယ်လက်မှတ်ထိုးပေးရမှာ သူမဟုတ်တော့ "ရပါတယ်၊ ဒီကပဲ စောင့်မယ်" ဆိုပြီး သူ့ကို မကြည့်မိအောင် မျက်နှာလွှဲထားလိုက်တယ်။
ဝင်သွားမိရင် မတော်တရော်တွေ လာပြောမှ အားနာတတ်တဲ့ ကျနော် ဒုက္ခရောက်ရပါလိမ့်မယ်။

အဲဒိလို ဝေခွဲမရဖြစ်နေတုန်း ..ကြီးကြီးကို ဖြတ်ခနဲ အတွင်းခန်းလေးထဲမှာ တွေ့လိုက်တယ်။
..ကြီးကြီးဆီ သွားဖို့ ရုံးခန်းလေးထဲအဝင် ခုနက အရာရှိငယ်က "ဆရာဒီမှာ" လို့ ပြောပြီး..
ရုံးခန်းကအထွက် အပေါက်ဝနားမှာ ကျနော့်ကို အမိအရ တိုးတိုးလေး ပြောဖြစ်အောင် ပြောလိုက်သေးတယ်။
"ဆရာ့ကို ဘာညာတဲ့"
လက်မှတ်အရေးတကြီး အရင်လိုနေတဲ့ ဟန်ပန်နဲ့ မကြားလိုက်သလို ဟန်ဆောင်လိုက်တယ်။
("တတ်သည့်ပညာ မနေသာ" ဆိုသလိုပေါ့)

..ကြီးကြီးက ..ကြီးကြီးမို့ အေးဆေးပါပဲ။
ကျောင်းသားလား? ဘာပြန်လုပ်တာလဲ? (တာဝန်?)ဝတ္တရားအရ မေးပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။
ဟိုအရာရှိငယ်က ဆရာ့ကို ဘာညာပေးမပေးကို ခပ်လှမ်းလှမ်းက အကဲခတ်သလို ကြည့်နေတယ်။
"ဒီမျက်လုံးရိုင်းကြီးတွေကြောင့်":(

အူတိအူကြောင်ပုံလုပ်၊ အလျင်စလိုနဲ့ အခန်းထဲက ပြန်ထွက်ပြီး ဟိုအရာရှိငယ် ရှေ့ကနေဖြတ်အလျှောက်...
သူကလဲ တစ်ယောက်တည်းပဲ ကျန်တော့တဲ့ ကျနော့်ကို လွယ်လွယ်နဲ့ လက်မလွှတ်ချင်ဘူးနဲ့ တူပါရဲ့။
"ငါ့ညီက ကျောင်းတက်ပြီး ပြန်လာတော့ ဘာလေးညာလေးများ မပါဘူးလား" တဲ့။
(စိတ်ထဲကတော့ "ဘာမှလဲ မဆိုင်ဘူး" လို့ တွေးလိုက်ပေမဲ့)
အပြင်မှာတော့"ဟုတ်ကဲ့ မပါဘူးအစ်ကို" လို့ လေးလေးစားစား ချိုချိုသာသာ ပြန်ဖြေလိုက်ပါတယ်။
မြန်မာပြည်က အရာရှိတွေအပေါ် ကရုဏာသက်ဝင်မိတဲ့ အခိုက်အတန့်လေးပါပဲ...
သားကျွေးမှု၊ မယားကျွေးမှုပေကိုး။
(မိဘကို လုပ်ကျွေးနေတာ (သို့) သူ့အတွက် သပ်သပ်လဲ ဖြစ်နိုင်ပါတယ်။)

ကဲ တစ်ခုသော ဂိတ်ကိုတော့ အောင်မြင်ခဲ့ပြီ။
ငရဲမကျတော့ဘူးလို့ ထင်လိုက်ပေမဲ့ နောက်ဂိတ်၁ခုက ဆီးကြိုနေပါသေးတယ်။

ဒီတစ်ခါတော့ အသက်၃၅-၄၀ဝန်းကျင် အမျိုးသမီး အရာရှိခင်ဗျ။
"မင်းက အိတ်တွေ များလှချည်လား"တဲ့။
"ဟုတ်ကဲ့၊ hand carryက ကျနော့်ဟာပါ၊ ကျန်တဲ့ အိတ်၂လုံးက သူများဟာ"လို့ ပြောလိုက်မိတယ်။
စကားမှားသွားပြီလို့ သိလိုက်ပေမဲ့ မမှီတော့မှန်း ငေါက်သံလိုလို ကြားမှ သိလိုက်ရတယ်။
"မင်းက ဘာမှန်းမသိ သယ်လာရလား?"
"ဘာမှန်းသိပါတယ်၊ အထဲမှာ အဝတ်အစားတွေပဲ ပါတာပါ၊ ဖွင့်ကြည်နိုင်ပါတယ်" လို့ ဖြေလိုက်တယ်။
စိတ်သိပ်ကြီးတယ် ထင်ပါတယ်။ ထပ်ငေါက်ပါတယ်။
"အဝတ်အစားတွေဆိုရင် အခွန်ဆောင်ရမယ်တဲ့"
"အဝတ်အစားဆိုရင် ဘာဖြစ်လို့ အခွန်ဆောင်ရတာလဲ"လို့ ပြန်မေးလိုက်တယ်။
(တကယ်မသိတာပါ၊ ရစ်တာမဟုတ်ရပါ။)

"အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမယ်လေ"
ဟဲဟဲ သူ့ခွင်ထဲ ကျနော်အဝင် မခံပါဘူး၊ ရှောင်နိုင်လို့ လွတ်ပါတယ်... ကြည့်...
"အဝတ်အစားအသစ် တထည်မှ မပါပါဘူး၊ အကုန် ဝတ်ပြီးသား အဟောင်းတွေပါ"
"အဝတ်အစား အဟောင်းတွေကို ပိုက်ဆံအကုန်ခံပြီး သယ်ခိုင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဒီလို ဆက်ရစ်ပါတယ်။
ကျနော်ကလည်း "ဖြစ်နိုင်ပါတယ်၊ မယုံကြည်ရင် ဖွင့်ကြည့်ပါလို့"ပြောလိုက်တယ်။
ဖွင့်ပြမယ်လို့ မပြောလိုက်ဘူး...(မုန်းလို့)

အပေါ်က စကားတွေ အများကြီးကို နှစ်ဦးနှစ်ဖက် ပြောကြပြီးနောက်...
ဦးလေးရဲ့ သူငယ်ချင်းဖြစ်သူက သူ့အတွက် ကျနော် သယ်လာတဲ့ ပစ္စည်းတွေကို လေဆိပ်အထိ လာယူပါတယ်။
အဲဒိဦးလေးက လေဆိပ်မှာ အသိရှိပုံပါပဲ။
သူ့အိတ်၂လုံးကို ယူသွားလိုက်တာများ လွယ်လွယ်လေး။
ကျနော်ဖြင့် ဒီမှာ စကားရည်လုပွဲ ဝင်နေတာ ရေတောင်ငတ်တယ်။

ကဲ ဒီလိုဆိုတော့ ကျနော် သွားလို့ ရပြီပေါ့။
ဟိုးမှာ တွေ့ချင်လှပြီ ဖြစ်နေတဲ့ အမေ့ကို လှမ်းမြင်နေရတယ်။
ငါ့သား ကြာလိုက်တာလို့ လှမ်းပြောနေသယောင်။

သွားလို့မရသေးပါဘူး....နောက်၁မျိုးပါခင်ဗျ။
"ဒါဆို မင်းရဲ့ hand carryထဲမှာရော ဘာတွေပါလဲ" တဲ့။
"ဖွင့်ကြည့်လို့ ရပါတယ်" ပဲ ပြောလိုက်ပြီး၊ ဖွင့်မပေးခဲ့ပါဘူး။
သူ့ဟာသူ ဖွင့်ကြည့်ပါတယ်။
"မင်းအဝတ်အစားတွေက အကုန်လုံး အသစ်တွေပါလား"တဲ့။
"ဟုတ်ကဲ့"လို့ တိုတိုတုတ်တုတ်ပဲ ဖြေလိုက်တယ်။
(ဟုတ်တယ်လေ... အမေနဲ့ တွေ့ချင်လှပြီ။ လူကို တရားခံစစ် စစ်နေလိုက်တာများ...မုန်းတယ်၊ မုန်းတယ်)

"ဟုတ်ကဲ့ဆိုပြီး မပြီးဘူးလေ၊ အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမှာပေါ့"လို့ ပြောပြန်တယ်။
လာပြန်ပြီ... ဒီအခွန်။ သူများပိုက်ဆံ တော်တော်လိုချင်နေကြတယ်။

ကျနော် စကားတွေ ဆက်တိုက် ပြောလိုက်တယ်။
"တဝက်က ကျနော့်အဝတ်အစားတွေ၊ ကျန်တဝက်က အိမ်အတွက် လက်ဆောင်ဝယ်လာပေးတာ၊ ကျနော် ကျောင်းပြီးလို့ အိမ်ပြန်နားချင်တာနဲ့ တစ်လခွဲလောက် အချိန်ပိုင်း အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ အမေတို့အစ်မတို့အတွက် လက်ဆောင်တွေ ဝယ်လာခဲ့တာ"
မြန်မြန်ပြောလိုက်တယ်၊ တော်ကြာ သူဖြတ်ပြောနေရင် ကိုယ်ပြောချင်တာ မပြောလိုက်ရမှာ စိုးလို့။

"ဘာပဲဖြစ်ဖြစ် ဒီအဝတ်အစားအသစ်တွေ ဝယ်လာရင်၊ အခွန်ဆောင်ရမယ်ဆိုတာ မင်းမသိဘူးလား"တဲ့။
ကဲ... သူကလဲ မလျော့ဘူးခင်ဗျ။
"ဟုတ်ကဲ့၊ အဲဒိတုန်းက အိမ်ပြန်ချင်တဲ့စိတ်ရယ်၊ လက်ဆောင်ဝယ်ပေးချင်တဲ့ စိတ်ရယ်ပဲ ရှိပါတယ်၊ ပြီးတော့ ကိုယ်ဝယ်တာကလဲ မိသားစုအတွက် အနည်းအကျဉ်းပါပဲ...စီးပွားဖြစ် လုပ်လာတာ မဟုတ်တော့၊ ဒါတွေ မစဉ်းစားမိခဲ့ဘူး"လို့ ပြန်ဖြေလိုက်တယ်။

တဆက်တည်းမှာပဲ..."လက်ဆောင်ကလဲ အဟောင်းတွေပေးလို့မှ မကောင်းတာ၊ ဒါကြောင့် အသစ်တွေ ဝယ်လာတာ၊ အစ်မလဲ အိမ်အပြန်လက်ဆောင် ဝယ်ဖူးမှာပါ၊ ပြည်တွင်းခရီးပဲ ဆိုရင်တော့ ပြည်တွင်းပြန်လက်ဆောင်၊ ပြည်ပက ပြန်လာရင်တော့ ပြည်ပပြန်လက်ဆောင်ပေါ့... ဘယ်လိုမျိုး လက်ဆောင်ဖြစ်ဖြစ် အစ်မလဲ အသစ်ပဲ ဝယ်မယ်ထင်ပါတယ်၊ အခွန်ဆောင်ရမယ်ဆိုလဲ ကျနော်ဝယ်လာတဲ့အထဲက အစ်မကြိုက်တဲ့အဝတ်အစားကို ယူပါ"လို့ ပြောချင်တာတွေ ပြောချလိုက်ပြီး၊ ကျနော် သူ့ကို တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်ဆိုတာ သိသာအောင် လုပ်လိုက်တယ်။

အဲဒိလို ပြောနေတဲ့ခဏမှာ စိတ်ကောင်းရှိပုံရတဲ့ အရာရှိတစ်ယောက်ဖက်ကို ကြည့်ရင်း စိတ်တွေ ပင်ပန်းနေဟန်၊ အမေကို တွေ့ချင်လှပြီဆိုတဲ့ ပုံစံလုပ်ပြလိုက်တယ်။
ဟုတ်တယ်လေ... ကျနော်တစ်ယောက်တည်း အပြင်မရောက်သေးတာ။ ဘယ်ခရီးသည်မှကို မကျန်တော့တာ။

ဒီတခါတော့ ကျနော် ကံကောင်းပြီခင်ဗျ။
ခုနက စိတ်ကောင်းရှိပုံရတဲ့ အရာရှိက
"ရစ်မနေပါနဲ့တော့ကွာ၊ သူလဲ အမေနဲ့ တွေ့ချင်လှရောပေါ့"လို့ ဝင်ပြောပေးတာ ကျေးဇူးတင်မိပါတယ်။
သူတို့မှာလဲ ဒီမိန်းမကြီး စံပြဝန်ထမ်းလုပ်ပြနေတာနဲ့ပဲ တာဝန်ချိန်ကုန်တာတောင် မပြန်ရဖြစ်တော့မယ် ထင်တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ကျနော်လဲ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ နောက်ဆုံးဂိတ်ကိုဖြတ် အမေ့ဆီကိုသာ အပြေးသွားလိုက်ပါတော့တယ်။
အိမ်ကိုအသွား ကားပေါ်မှာတော့....
"အင်း... တကယ်တမ်းတွေးကြည့်ရင် မြန်မာပြည်က ဒီလိုမျိုး အရာရှိတွေဟာ တော်တော်သနားဖို့ကောင်းပါတယ်...
နဂိုကတည်းက ကိုယ့်ကျင့်တရားမကောင်းတဲ့ တချို့ကလွဲရင်...
သူတို့တွေဟာ သူတို့ရဲ့ အရာရှိဆိုတဲ့ဂုဏ်ကိုတောင်မှ ဂရုမစိုက်နိုင်ကြပဲ အဆမတန် မြင့်မားတဲ့ ကုန်ဈေးနှုန်းကြောင့် ဒါတွေ လုပ်နေကြရတာ...
ဘဝဆိုတာ ခဏလေးပါ၊ သံသရာကတော့ ဘဝပေါင်းများစွာကိုဆိုလိုတယ်...

သံသရာမှာ သူတို့တွေ ကျင်လည်ကြရအုံးမှာကို တွေးမိတော့လဲ..."

"ဒါနဲ့ ခုနက ငါ့အပျော်လေးတွေ ဘယ်တွေရောက်ကုန်ကြပြီလဲ?"

နောက်တော့လဲ အိမ်သွားတဲ့ လမ်းတလျှောက်က ရန်ကုန်မြို့မြင်ကွင်းလေးတွေကြည့်ရင်း အမေနဲ့စကားတပြောပြောလုပ်လာလိုက်တာ အပျော်လေးတွေ ပြန်ရောက်လာခဲ့ပါတယ်...

တော်ပါသေးရဲ့...

ဘာပဲဖြစ်ဖြစ် "ချစ်တယ် မြန်မာပြည်ရယ်..."

Tuesday, August 24, 2010

ခိုးလို့ခုလု ဖြစ်နေတယ်

ကျလိကျလိ အသည်းယားတယ်...
မခံချိ မခံသာဖြစ်တယ်...
တနုံ့နုံ့ဖြစ်တယ်...

ပြောပြမယ် အဖြစ်ကဒီလို...

မြန်မာပြည်ပြန်ဖို့ အချိန်နီးကပ်လာပြီ။
အိုးးးးးးးးး သိပ်ပျော်တာပေါ့။
မပြန်ခင် ၂လလောက်တည်းက ပြင်ဆင်နေခဲ့တာ။

အိမ်အတွက် လက်ဆောင်လေးတွေဝယ်၊ ခင်ရာမင်ရာတွေ ပေးဖို့လဲဝယ်။
မခင်ရာမမင်ရာတွေကိုလဲ ပေးကိုပေးရမှာမို့...
(ဝယ်)၃ အကုန် အကုန် တကယ်ကို ကုန်တာပဲ၊ မယုံရင် A/C Summary ပြမယ်။

မလုပ်ချင်ဆုံး အလုပ်၁ခုကိုလဲ မလုပ်မနေရမို့ လုပ်ရပါမယ်။
အားလုံးသိပြီးသားပဲ...ဟုတ်!
ကိုယ့်နိုင်ငံကိုပြန်ဖို့ပဲဟာ လုပ်လုပ်...

မနက်စောစော ဝေလီဝေလင်းကတည်းက အိပ်ရာကထ။
ကဲ... ရောက်ပြီဗျာ... (အဲဒိကဝန်ထမ်းတွေကို ပြောတာမဟုတ်)
အကြမ်းစာရွက်၁ရွက်ပေါ်မှာ နာမည်ရေး၊ ပြီးတော့ ဆိုင်၁ဆိုင်မှာ ဗိုက်သွားဖြည့်။

အချိန်ကြည့်တယ်......
အင်း 1hourplus! ဒီအချိန်ကို “ဖြုန်းရင် ကောင်းမလား? သုံးရင်ကောင်းမလား?”
ငါ့မလဲ... သိပြီးသား ကိစ္စကိုများ။
တကယ်ဆို ၁ခုခုလုပ်ဖို့ ကြိုတင်စဉ်းစားထားခဲ့သင့်တာ။
အခုတော့ လတ်ယားလတ်ယားနဲ့ လမ်းပေါ်မှာ...

အင်း... ဘာလုပ်ရမလဲ???
စင်ကာပူမှာ အချိန်တွေ သိပ်ရှားတယ်ဆို။
အဲလို ပြောကြတာ ဘယ်သူတွေတုန်းးးးးးး
အခု ဒီမှာ အချိန်တွေပိုနေတယ်ဗျို့

မုန်းလိုက်တာ...
မနက်စောစောစီးစီး...လမ်းပေါ်မှာ အူကြောင်ကြောင်နဲ့။
“ကျက်သရေရှိအောင်နေပါကွာ... ဘာမှ တောင်တောင်အီအီတွေ တွေးမနေနဲ့၊
စိတ်ကို အတတ်နိုင်ဆုံး ကြည်ကြည်လင်လင်လေးထား”
ဒီလို ကိုယ့်ဟာကိုယ် ဆုံးမလိုက်မိသေးတယ်။

စင်ကာပူ အနောက်ဘက်ခြမ်းကနေ နာမည်ကြီး orchardလမ်းပေါ်မှာ မနက်ဝေလီဝေလင်းကလေး လမ်းလာလျှောက်နိုင်တာ တော်ရုံ ဝီရိယနဲ့ ဘယ်ရလိမ့်မတုန်း...

အခုလို အချိန်မျိုးမှာ လူကောစိတ်ကော၊ ကျန်းမာအောင်လုပ်ထား။
ပေါက်တတ်ကရ ရယ်စရာတွေတွေး၊ ဓာတ်ပုံတွေလျှောက်ရိုက်။
မနက်ခင်းလေးကလှတယ်...
စိတ်ပျော်စေမယ့်၊ စိတ်ကို ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အကြောင်းလေးတွေ တွေးနေ၊ လုပ်နေ...
ဖြစ်နိုင်ရင် တရားနှလုံးသွင်းထားနိုင်ရင်တော့ အကောင်းဆုံးပဲ။
သိတယ်ဟုတ်!!! မင်း စိတ်ညစ်ရတော့မှာ...

ပြီးရင် တွေ့ရပါလိမ့်မယ်။
စိတ်တို၊ စိတ်ရှုပ်၊ စိတ်ပျက်၊ စိတ်နာစရာတွေ။
ဒေါသတွေ အလိပ်လိုက်မျိုချရအုံးမယ်။

ဒါကြောင့် မြန်မာပြည်ပြန်ဖို့ရယ်၊ ဟိုရောက်ရင် ဘာတွေလုပ်မယ်၊ ဘာတွေစားမယ်ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကလေးကို ပျော်အောင်ထားလိုက်ပါ။
ပြုံး ပြုံး.. ပြုံးထား... ထပ်ပြုံး....အဲ ဟုတ်ပြီ ဟုတ်ပြီ.. ဟုတ်ပြီ... မရပ်လိုက်နဲ့နော်...

ရောက်လာကြပါပြီ။
အိပ်ရေးဝအောင် အိပ်ခဲ့ရတဲ့ သူတို့တွေလေ။
ထီမထင်မျက်နှာပေးတွေနဲ့။

အကြာကြီးစောင့်ခဲ့ရလို့လား?
အိပ်ရေးမဝလို့လား?
အလုပ်တွေ ပင်ပန်းနေလို့လား?...လား?...
သူတို့တွေကတော့ မှုန်တေတေမျက်နှာတွေနဲ့...

လာကြတဲ့ လူတွေရဲ့ပုံစံတွေကတော့ အစုံပါပဲ။
ညတည်းက လာစောင့်နေတဲ့ သူတွေ...
မနက်အစောကြီးထလာရတဲ့သူတွေ...
မထူးပါဘူးကွာ တနေကုန်လဲ ကုန်ပါစေတော့ဆိုပြီး အိပ်ရေးဝဝအိပ်ခဲ့တဲ့သူတွေ...

ထူးဆန်းတာက သူတို့အားလုံး ပုံစံ၁ခုတည်းဖြစ်နေကြတာ။
အားလုံးမှုန်တေတေဖြစ်နေသလားလို့...

ဟင် ဒါဆို ငါကရော???
စိတ်မှန်ထဲ ၁ချက်ကြည့်လိုက်တယ်.. အော.. ငါရောပဲကိုးးးးးး

အခန်းကျဉ်းကျဉ်းလေးထဲမှာ လူတွေလူတွေ ပြည့်သိပ်ကျပ်ညပ်နေလိုက်သမှ...
မြန်မာပြည်ကရုံးတွေကို ပြန်ရောက်သွားသလိုပါပဲ။
ဒါတွေက အလွမ်းပြေလား၊ အလွမ်းမပြေလား...

ဘေးနားက အစ်ကိုတစ်ယောက်ကို
“အစ်ကို အခု ဟိုလူတွေ ဖြည့်နေကြတာ ကျနော်တို့ဖြည့်ခဲ့တဲ့ အကြမ်းစာရွက်လဲ မဟုတ်ဘူး”
“သူတို့ရောက်လာကြတော့ နောက်ထပ်စာရွက်အသစ်၁ရွက် ထပ်ချပေးတယ်၊ ပြောတာကတော့ စာရွက်၂ရွက် ပြိုင်တူခေါ်မယ်တဲ့”
“ဟင် ဂလိုလား? ဘယ်လိုကြီးတုန်း!!!”
“ဒါဆို ကျနော့်အလှည့်က တကယ်ကြာသင့်တာထက် ၂ဆပိုကြာတော့မှာပေါ့..”
“ဟင်းးးးး တော်တော့်ကို စည်းမရှိကမ်းမရှိ”
“ဘယ်လိုဟာတွေနဲ့ ဒီဘဝမှာ လာကြုံတွေ့နေရတာပါလိမ့်...”
“အောင်မလေးဟဲ့ ဆိုးလိုက်တဲ့ကံ”
အဲ့လို ခံစားနေရတာတွေကို စိတ်ထဲမှာ အားပါးတရ မြည်တွန်တောက်တီးပြီးတော့...

ခြံထဲမှာစောင့်တာပဲ ခပ်ကောင်းကောင်းထင်ပါရဲ့။
သရက်ပင်အောက် သွားထိုင် ထိုင် ထိုင်
ဒုက္ခတွေ အဲဒိဒုက္ခတွေပေါ့
အဖော်အပေါင်းနဲ့ လာတယ်ဆိုတာ အခုလက်တွေ့ပဲ...
ကြည့်လေ မိုးရွာပြီ!!!
ဟင်းးးးးးးးးးးးးးးးးးးးး... ပြောကို မပြောချင်တော့တာ...
တကယ်စိတ်ပျက်တယ်...
ကဲ “ဘယ်မှာ နားခိုမလဲ?”

အခန်းထဲပဲ ပြန်ဝင်ရတော့တာပေါ့။
မှုန်တေတေမျက်နှာတွေနဲ့ သူတို့တွေ နည်းနည်းပျော်သွားပုံပဲ။
“အထဲမှာ အိုက်စပ်နေတာပဲ၊ တော်သေးတယ် မိုးရွာလို့...”
“နင်ကလဲ အပြင်မှာစောင့်နေတဲ့သူတွေ သနားပါတယ်”
“ဆောရီးပါ... ငါလဲ အိုက်လွန်းလို့ ရုတ်တရက် ပြောလိုက်တာ...”

ကဲ နာမည်ခေါ်မယ်...
ကိုxxx မxxx ဦးxxx ဒေါ်xxx...xxxx....
စိတ်တွေလေးပြီး ပင်ပန်းနေတဲ့ပုံပေါ်တဲ့ ခပ်နွမ်းနွမ်း အစ်ကိုတစ်ယောက်ရဲ့ အော်သံကြားလိုက်ရတယ်။

“ဟုတ် အဲဒါကျနော့်ဟာပါ”

“မင်းက သက်တမ်းတိုးနဲ့ အခွန်၅နှစ်စာ”

“ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ကျနော့်မှာ ၂နှစ်စာပေးဖို့လောက်ပဲ ငွေကျန်တော့လို့ပါ”

“မရဘူး၊ သက်တမ်းတိုးမယ်ဆို အနည်းဆုံး အခွန်က၃နှစ်ခွဲစာဆောင်ရမယ်၊ ပြီးတော့ မင်းက အခွန်ကိုလည်း နည်းပြီးဆောင်ချင်သေးတယ်”

“အမေနေမကောင်းတာ တော်တော်ကြာနေပြီ၊ မပြန်မှ ပိုက်ဆံပိုစုမိမှာမို့ မပြန်တာနဲ့ ၅နှစ်တောင်ဖြစ်သွားရတာ... အခု မပြန်လို့မဖြစ်တော့လို့ပါ”

“ဒါဆိုရင် ၁နှစ်စာ ထပ်ပေး၊ ၃နှစ်စာတော့ ဆောင်သွား”

“မလုပ်ပါနဲ့ဗျာ... ကျနော့်မှာ ရှိတာ အဲဒါအကုန်ပဲ မို့ပါ၊ အမေမသေခင်လေး တွေ့သွားချင်သေးလို့ ကူညီပါ”

“ခက်တယ်ကွာ... ငါတို့က ဘယ်လိုယုံရမှာလဲ တစ်ယောက်ကိုလုပ်ပေးလိုက်ရင် နောက်တစ်ယောက်ကလဲ ဒီအချိုးမျိုး လုပ်လာအုံးမယ်”

“ကျနော့်မိန်းမ ရေးပေးလိုက်တဲ့ စာယူလာပါတယ်”

“ဒီစာကိုရော ဘယ်လိုယုံရမှာလဲ?”

“ကျနော့်ပုံစံသာကြည့်ပါတော့ဗျာ...”

“မယုံဘူး”

“ကူညီပါဗျာ”

...#..@#@.^#/..\*/...

စိတ်တွေ ညစ်တယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုယ့်လူမျိုးချင်းကွာာာာာာာ...
ဒါမျိုးတွေ မြင်နေကြားနေရတဲ့ အရပ်က အမြန်ဆုံးထွက်ပြေးပါရစေ။
ငါ့နာမည် မြန်မြန်ခေါ်ပါတော့... ပိုက်ပိုက်ပေးချင်လှပြီ။

♫♫..ဒီကစောင့်နေသူ အိုးအို ဒီကစောင့်နေသူ..♫♫
♫♫..ကြာတယ်၊ ကြာတယ်၊ မြန်မြန်ခေါ်ကွာ (ခေါ်ပြီ ခေါ်ပြီ)၂..♫♫
♫♫..မဟုတ်သေးဘူး၊ မင်းမဟုတ်ဘူး..♫♫

ဒီကောင်ကွာ... သီချင်းတောင်ဆိုနေနိုင်သေးတယ်လို့တော့ မထင်ကြပါနဲ့။
စိတ်တွေညစ်၊ စိတ်တွေရှုပ်လာရင် လက်တလောဖြစ်နေတာတွေကို ပေါ့စေလိုတဲ့ သဘောမျိုးဖြစ်အောင် သီချင်းတွေအော်ဆိုတတ်ကြသလိုမျိုးပါ။

ကိုယ့်လူမျိုးအချင်းချင်း မတရားလုပ်နေကြတဲ့ ခုနက မြင်ကွင်းမျိုးကြောင့် အလိပ်လိုက်တက်လာတဲ့ ဒေါသတွေကို မျိုသိပ်ထားရတာ ခါးသီးလိုက်တာ။
လက်သီးကို တင်းနေအောင်ဆုပ်၊ အံကိုကြိတ်ထားရင်းကနေ လေပူတွေ ခဏခဏမှုတ်ထုတ်နေရတယ်။

ငါဘာမှ မလုပ်ပေးနိုင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုလည်း မကျေနပ်သလိုကြီး ဖြစ်မိသေးတယ်။
အဲဒိနေ့က စိတ်တွေ ပင်ပန်းလိုက်တာ...

ကျနော် အဲ့အစ်ကိုကို ယုံတယ်...သူ့ပုံစံက တော်တော်ရိုးရိုးအေးအေးကြီးပါ။
အခုကိစ္စအဆင်မပြေခဲ့ရင် ဆိုတဲ့အတွေးနဲ့ သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ။
တကယ်ကို ကြေကွဲဝမ်းနည်းနေတာ အရမ်းသိသာတယ်။
ဒါတွေကို မမြင်နိုင်လောက်အောင်များ ဖြစ်နေကြတာ၊
ဒီဟာတွေ လူတွေမှ ဟုတ်ပါလေစ...

ကိုယ့်အကြောင်း ပြန်ရောက်သွားတော့လဲ...
“အင်း ကုန်တော့မယ်၊ ကုန်တော့မယ်”ဆိုပြီး တွေးလိုက်
“ဒီပိုက်ဆံလေးသာ အမေ့အတွက်ဆိုရင်၊ အမေတော်တော် သုံးရမှာ”ဆိုပြီး မချိတင်ကဲ ဖြစ်လိုက်
ခံစားချက်ကို စုံလို့ပဲ။

ကိုယ့်အကြောင်းတွေးရင်း စိတ်ဆင်းရဲနေရမယ့်အစား...
“မင်းတစ်ယောက်တည်းမဟုတ်ဘူး” သီချင်းကို တိုးတိုးလေး ညည်းနေလိုက်တယ်။
သူများတွေကြည့်တော့လည်း ကိုယ့်လိုပါပဲလေ...လို့ စိတ်ဖြေရပြန်တယ်။
ဒါကြောင့် သီချင်းတွေ လျှောက်ညည်းနေမိတာပါ။

တချို့များဆို တော်တော့်ကို ကြေကြေကွဲကွဲလေး ဖြစ်နေရှာတဲ့ပုံ။
ရုပ်ရှင်တွေထဲမှာ... ရွာသားတွေက ဓားပြတွေကို ဆပ်ကြေးပေးရတော့မယ့်အခါ... ရွံရွာစက်ဆုပ်နေကြသလို၊ နှမြောတသလဲ ဖြစ်နေကြတာမျိုးလေ...
သိတယ်ဟုတ်။
အင်း အဲ့လိုမျိုးပဲ...

ကဲ... ရောက်ပါပြီ။
ကျနော် ဆပ်ကြေးပေး အဲဟုတ်ပါဘူး... အခွန်ဆောင်ရတော့မယ်အလှည့်။

“ဘာလုပ်မှာလဲ”

“(ဟင် လေသံကလဲမာပ... ငါပဲ သူ့သမီးကို ငန်းနေသလို၊ သူ့ဆီမှာ အကြွေးယူထားသလိုလို၊ ဒါမှမဟုတ် အကြွေးယူမလို့ လာသလိုလို...)
(အော် ငါတို့က အပြစ်ကို သိတဲ့ သူတွေပဲ၊ သိရင် သိတဲ့ သူတွေက ရှောင်ရမယ်လေ)”

“ဟဲ့ မေးနေတာ ဖြေအုံးလေ”

“အော် ဟုတ်ကဲ့၊ ကျနော်က ၁နှစ်စာ အခွန်ဆောင်မယ်၊ သက်တမ်းတိုးမယ်”

“၁နှစ်စာ အခွန်က xxx၊ သက်တမ်းတိုးတာက ၃၀၀”

ငွေပေးပြီးသကာလ...
♫♫..ဒီကစောင့်နေသူ၊ အိုးအို ဒီကစောင့်နေသူ..♫♫
နောက်တစ်ခေါက် ထပ်ဆိုဖြစ်ပါတယ်။

အခု ကျနော် ပြောခဲ့သမျှတွေကို စင်ကာပူက မြန်မာနိုင်ငံသားတွေ သိပြီးသားဖြစ်မှာပါ။
ဒီပို့စ်ရဲ့ အဓိက ပြောချင်တဲ့ အကြောင်းအရာက...
အခုမှ လာမှာ...

အဲဒိနေ့က ကျနော်အတွေးဖြစ်ဆုံးကတော့...
“ငါအခု အခွန်ဆောင်လိုက်ရတဲ့ ပိုက်ဆံတွေသာ ငါ့အမေရရင်”ဆိုတာပါပဲ။
ကံတရားက ကျနော့်ကို မျက်နှာသာပေးပါတယ်။
ကျနော်ပေးလိုက်တဲ့ ပိုက်ပိုက်ထဲက တချို့ကို ကျနော်ပြန်ရဖို့ အကြောင်းရယ်ဖန်လာတယ်။

ကျနော့်ကို collectionအတွက် ပြန်ခေါ်ပြီ။
“ဒီမှာ receipt၊ passportနဲ့ SGD300”

အဲ ဒါ ပဲ!!!

တကယ်က ကျနော်ပေးလိုက်တာ အတိအကျပဲ။
ပြန်အမ်းစရာ မလိုဘူး။
သူတို့ပြန်အမ်းတဲ့ ဒေါ်လာ၃၀၀က သက်တမ်းတိုးဖို့ပေးခဲ့တဲ့ ပိုက်ဆံ။

ကျနော် ခဏ အူကြောင်ကြောင်ပုံစံလေး ဖြစ်သွားတယ်။
ငါ့passport သက်တမ်းမတိုးပေးလိုက်တာလားလို့ ရိုးရိုးလေးပဲ တွေးခဲ့မိပါတယ်။
အဲဒါနဲ့ passportစာအုပ်ကို နေရာမှာတင်ပဲ စစ်ဖို့ ဖွင့်ကြည့်လိုက်တယ်။
ဟင်... သက်တမ်းလည်း တိုးပေးထားပါလား... ဒါဆိုရင်..........................

ဒါပေမယ့်လည်းလေ.....
ခဏလေးမှ တကယ့်ကို ခဏလေးပါ။
ကျနော် အဲဒိနေရာမှာ ဆက်ပြီး ရပ်နေမိတာက ကျနော့်အမှား။
ဒါပေမယ့် သေချာချင်လို့ သက်တမ်းတိုးထားလား စစ်တာပါ။

ကျနော် အဲဒိလို အူတိအူကြောင်လေးဖြစ်နေတဲ့ ခဏကို မြင်ဖြစ်အောင်မြင်တယ်။
ပြီးတော့ right actionကို အဲဒိမိန်းမကြီး လုပ်လိုက်နိုင်ခဲ့တယ်။
တကယ့်ကို ဝန်ထမ်းကောင်းပါပဲဗျာ...

“မင်းက စာအုပ်သက်တမ်းတိုးလဲ လုပ်တာလား”

ကျနော်ကလဲ “ဟုတ်ကဲ့”လို့ အမှန်အတိုင်းပဲ ဖြေလိုက်မိတယ်...

“ဒါဆိုရင် ဒီငွေ၃၀၀က ပြန်အမ်းစရာ မလိုဘူးပေါ့”

“ဟုတ်ကဲ့ ပြန်အမ်းစရာ မလိုဘူး”လို့ “ပြန်ဖြေလိုက်မိပြန်တယ်”

ဒါနဲ့ပဲ ခုနက ကျနော့်ကို ပေးခဲ့တဲ့ ငွေ၃၀၀ သူတို့ပြန်ယူသွားကြတယ်ဗျာ...

ဘေးနားက လူတွေဆိုတာ... ကျနော့်ကို သနားသလိုလို အဲ မဟုတ်သေးဘူး...
တကယ်က သူတို့လဲ တစ်ခုခုကို လက်လွှတ်လိုက်ရသလို ခံစားချက်မျိုးနဲ့ ကျနော့်ကို ကြည့်နေကြတယ်...
တချို့များ ဘယ်လိုမှ ရင်ထဲမှာ သိမ်းမထားနိုင်တော့ဘူးနဲ့ တူပါရဲ့။
“မင်းကွာ၊ အခန်းထဲက အမြန်ပြန်ထွက် သွားပါတော့လား”တဲ့။

ကျနော်သာ အခန်းထဲက အမြန်ပြန်ထွက်သွားနိုင်ခဲ့ရင်....
..............................
..............................

အဲဒိနေ့က ငရဲပြည်ကအပြန် တလမ်းလုံး...ကျနော့်မှာ...
ရင်ထဲ ဟာနေလိုက်တာများ... နှမြောတသဖြစ်နေတာများ... မချိတင်ကဲ ဖြစ်နေတာတွေများ...

ကဲ...ဆိုမိပြန်ပြီပေါ့ နောက်တစ်ပုဒ်...
ဒီတစ်ပုဒ်ကတော့ ဇာတ်သိမ်းခန်းအတွက် သီချင်းပေါ့ဗျာ...
အလွမ်းဇာတ်သိမ်းလို့ ပြောရမလား... ဇာတ်နာတယ်ဗျာ...

♫♫..♫♫..ငါ့စိတ်တွေ ကသိကအောက်ဖြစ်အောင်၊ မင်းဘယ်လိုလုပ်တာလဲ
ငါ့အတွေးတွေ ကသိကအောက်ဖြစ်အောင်၊ မင်းဘယ်လိုလုပ်တာလဲ
အခုတော့ ငါ့တစ်ယောက်တည်း ခိုးလို့ခုလု ဖြစ်နေတယ်
ဒီအကြောင်းတွေးလိုက်တိုင်း ခိုးလို့ခုလု ဖြစ်နေတယ်..♫♫..♫♫


(လွန်ခဲ့သော၂နှစ်က ကိုယ်တွေ့အဖြစ်အပျက်ပါ။)

Friday, August 20, 2010

“မြကျွန်းညိုညိုနှင့် စပ်လျဉ်း၍...ချစ်သောကမ္ဘာ စွယ်တော်ရိပ်မဟာ”

ဒါ ငါတို့မပိုင်ဆိုင်ခဲ့ရတဲ့ ချစ်သောကမ္ဘာ စွယ်တော်ရိပ်မဟာ


စွယ်တော်ရိပ်က လွမ်းအောင်ဖန်လေတယ်...

ကျနော် အထင်ကြီးလေးစားရတဲ့ အစ်မတစ်ယောက်ရေးတဲ့ တက္ကသိုလ်နောက်ခံဇာတ်လမ်းတွေ ဖတ်ရတိုင်း...

မြန်မာပြည်ကို လွမ်းတယ်...
(အိမ်သားတစ်ယောက်အဖြစ်နဲ့)
အစ်မရေးတဲ့စာတွေထဲက တက္ကသိုလ်မြေကို လွမ်းတယ်....(အိမ်သားတစ်ယောက်မဖြစ်ခဲ့ရပေမဲ့ အိမ်သားတစ်ယောက်ရဲ့စိတ်နဲ့)

ဒီလိုမျိုးစာတွေဖတ်ရတိုင်း အသစ်ဖြစ်ဖြစ်သွားတတ်တဲ့ ခံစားချက်တွေအကြောင်း ပြောချင်နေတာကြာပါပြီ...

"သူစိမ်းတစ်ယောက်ပါ...
ဒါပေမယ့် ငါ့မှာလဲ ပြောစရာတွေရှိနေပါတယ်။

ဟိုးးး.တုန်းက............................ဒီနေရာကို

သူတို့... သူတို့ရဲ့ စကားတွေခေါ်ဆောင်ရာနောက် မျောပါရင်း ငါရောက်ခဲ့ဖူးတယ်။
စိတ်ကူးအိပ်မက်ထဲမှာရော... လက်တွေ့ဘဝထဲမှာရော...
အကြိမ်ကြိမ်ပါပဲ။
ဒီဘဝတွေကို သူစိမ်းတစ်ယောက်အဖြစ်နဲ့ပဲ မြင်တွေ့ခံစားရတာကို မကျေနပ်နိုင်ခဲ့ဘူး။

ငါ့ကို သူစိမ်းလို့ မသတ်မှတ်ကြပါနဲ့။
အချိန်တန်ရင် သူတို့လိုဘဝတွေထဲက ဘဝတစ်ခုအဖြစ်နဲ့ စီးမျော...
ဒီနေရာမှာ...
ငါလဲ... ပျော်ဝင်လိုက်ချင်တယ်။

ဒီအိပ်မက်ကို လက်တွေ့ဘဝမှာ ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်...
ဒါပေမယ့်လည်းလေ...

ကိုယ့်အလှည့်ရောက်ပါပြီလဲဆိုရော မြို့ပျက်ကြီး၁ခုလို တိတ်ဆိတ်ခြောက်ကပ်သွားလိုက်တာ...

ဘယ်မှာလဲ...???
ကြားခဲ့ဖူးတဲ့ အသံတွေ.....
မြင်ခဲ့ဖူးတဲ့ ပုံရိပ်တွေ.....

အို...ဘာပဲဖြစ်ဖြစ်ပါ...
ငါ့အတွေးတွေအားလုံးကို ငါပိုင်တယ်

“မပိုင်ဆိုင်ခဲ့ရတဲ့ ချစ်သောကမ္ဘာ
အို စွယ်တော်ရိပ်မဟာ”


ငါတို့အလှည့်ရောက်ပြီ
ငါအခုရောက်လာခဲ့ပြီ
ကြိုဆိုပါ
ငါ့ကိုကြိုဆိုပါ
ငါတို့ကိုကြိုဆိုကြပါ
..................
..................


..................
..................
..................
..................

ရူးတယ်ပဲဆိုချင်ဆိုတော့"



ဒီလိုမျိုး ခံစားခဲ့ရဖူးတယ်...

“ကိုယ်ရည်ရွယ်တဲ့ ဘဝလမ်းမှာ
အနာဂတ်ကို မှန်းမျှော်လို့
မျှော်လင့်ချက်တွေနဲ့ အသက်သွင်း
ငါ... အားမာန်တင်းခဲ့တယ်...

ဒီတစ်ကွေ့မှာ အတက်မို့၊ သွက်သွက်လေးနှင်
အဆင်းပေမဲ့လဲ အပျင်းမဖက်ခဲ့ပါဘူး

ဒီလိုအားနဲ့ ဒီလိုစိတ်
ဒီလိုဇွဲနဲ့ ဒီလိုနွှဲမယ်
“ငါဟဲ့ယောင်္ကျား” အားတင်းထားးး

မျှော်လင့်ခြင်းတွေ မျက်မှောက်
ငါ့ရဲ့ရှေ့သို့ရောက်

အိပ်မက်တွေ ပိုင်ဆိုင်တော့မှာမို့
လက်တွေ့ဘဝမှာ ငါပျော်ရွှင်
ကွန်းခိုရာတက္ကသိုလ် မြင်ပါမှ
မှန်းတာတွေ နွမ်းကာကြွေပြီပေါ့
ဆူးမွေ့ယာ သဲမြေပေါ
သြော်... သီဟိုဠ်တော (သန်လျင် GTCကို ရည်ညွှန်းပါသည်။)”


ကိုဝိုင်ဝိုင်းရဲ့ ကြိုးမဲ့စွန်သီချင်းစာသားတွေလိုပါပဲ...

♫♫..♫♫..မျှော်လင့်ခြင်းတွေရယ်၊ ယုံကြည်ခြင်းတွေရယ်
တိမ်စိုင်များလို လေနှင်ရာ ပြိုကွဲတယ်။
ပျော်ရွှင်ခြင်းတွေရယ်၊ အိပ်မက်များစွာရယ်
မြူမှုန်များလို နေရောင်မှာ ပြယ်လွင့်တယ်..♫♫..♫♫

ငါလဲ လွမ်းပါတယ်...
သူစိမ်းတစ်ယောက်လိုတော့ မလွမ်းပါရစေနဲ့တော့...

ပိုင်ပိုင်နိုင်နိုင် လွမ်းမယ်ကွာာာ...

အိမ်သားတစ်ယောက်လို... ချစ်သောအမိမြန်မာပြည်ကို လွမ်းသည်
အိမ်သားတစ်ယောက်လိုခံစားပြီး... ချစ်သောအမိကျောင်းတော် စွယ်တော်ရိပ်ကို လွမ်းသည်


(စကားချပ်၊ “ငွေဝယ်ကျွန်တဲ့လား”ရဲ့အဆက်
အစွန့်ပစ်ခံ ဘဝတွေပါ...
ဆယ်ယူလိုက်တာ မဟုတ်ပေမဲ့လဲ...
အနာဂတ်မဲ့နေတဲ့၊ မျှော်လင့်ချက်တွေ ပျောက်ရှသွားတဲ့ ကူကယ်ရာမဲ့ (ကျွန်တော်အပါအဝင်) ဘဝတွေကို ဆယ်ယူလိုက်သလိုပါပဲ။
အစ်မသက်ဝေ ပြောသလို “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” သဘောမျိုးလဲ ဟုတ်တယ်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“သူတို့ပြောပြတဲ့ ငါတို့မပိုင်ဆိုင်ခဲ့ရသော ချစ်သောကမ္ဘာ စွယ်တော်ရိပ်မဟာ”



ဒီကဗျာကို ရခဲ့တဲ့ အစ်မတန်ခူးရဲ့ပို့စ်
(အစ်မတန်ခူးကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ၊ ကဗျာရေးသူ ကိုသျှားကိုလဲ ကျေးဇူးတင်ပါတယ်။)

အချစ်ရိုင်းတို့ အချစ်ဦး
(၁)
မ၀ံ့ တ၀ံ့
မချင့်မရဲ
ခွဲရတော့မယ် ။

သံယောဇဉ်ချောင်း ၊ ငြိမ့်ညောင်းစီးဆင်း
တွေ့ ဆုံခြင်းအစ
ခွဲခွါရမည့်ကာလအထိ
မသိသလို ၊ သိသလိုပဲ
ခွဲခါခြင်းတစ်ခဏ
ဝေးကွာခြင်းတသသ
ဘ၀အပိုင်းအခြား
လှေကားတစ်ထစ်
ဖြစ်ပြီးမပျက်၊ အမှတ်တရ ။

ဘယ်ကလာလည်း ၊ ဘယ်နယ်ကလည်း
မိတ်ဆုံပွဲမလိုပါ
အညာအကြေ ၊ မြေပြန့် တောင်တန်း
တစ်ဝမ်းတည်းဘွား ၊ တို့ ကျောင်းသားတွေ
သွေးစကားခင်း၊ ရင်းနှီးခင်မင်
သွားလာဝင်ထွက်၊ လက်တွဲဖေးကူ
ဖြူဖြူစင်စင်၊ မြူမတင်ခဲ့
ခင်မင်မှုပရ၀ုဏ်ကို
သံယောဇဉ်နဲ့ လုံခြုံစည်းတား
တကဲ့တစ်သားတည်း
ကွဲပြားတယ်ဆိုတာမရှိ
သိသလိုခင်၊ ခင်သလိုရင်း
ဖြည့်တင်းကူထောက်
ကောက်ကြောင်းမဲ့နှလုံးသားလေးတွေ ။

နေရာတိုင်းမှာ ၊ ကာလနုနု
ပြုစုဆောက်တည်
ငွေချိုးဖြူတို့ တိုင်းပြည်ငယ်
တကယ်ပါ ။

ကျောင်းသွားကျောင်းပြန် ၊ မှန်မှန်ဖြတ်ကူး
အာရ်စီတူးထဲ ၊ ဆူးလှည်းစစ်ကြောင်းခင်း
“ဤကျောင်းဝန်းအတွင်း
လမ်းကြိတ်စက်များမောင်းနှင်ခြင်းမပြုရ”
“ဘေးတိုက်မရပ်ပါနဲ့ ဗျို့ 
လူပျောက် ပျောက်သွားလို့ ပါ”
“ယဉ်ယဉ်လေး………………..ရူးနေတာ”
“အမြှောက်ကြိုက်သလားလို့ ပါ
အဆောင်ရောက်မှ မှန်ပြန်ကြည့်မနေနဲ့ ဦး”
ပိန်ပိန်၀၀ ၊ မြင်သမျှတို့ ထိ
တိတိကျကျ ၊ ဟာသခေတ်ဦး
ဖူးပွင့်ဘူးတယ်ယုံ ။

လှည်းတန်းအပြန် ၊ မိုးပျံတေးသွား
သွားရင်းဟားရင်း၊ ပျော်ရင်းရွှင်နောက်
“ကားခဘယ်လောက်လဲ
အမိုးပေါ်မှာ ဆယ်ယောက် ၊ အတွယ် ငါးယောက်”
ဘာကိုမှ မကြောက်ကြ…
“ခြောက်ယောက် ငါးကျပ် ထားလိုက်ပါဗျာ”
နေပူပူ ၊ မိုးရွာရွာ
ထိုင်ခုံမှာမထိုင်ချင်
ကောင်မလေးတွေတွေ့ ရင် အော်လို့ အော်
“ရှေ့ ကားကိုကျော်မယ်ဆရာ
ဆိုက်ကားက လမ်းတောင်းနေတယ်ဗျို့ ”
နှေးရင်လည်းတစ်ယောက်တစ်ပေါက်
အပျော်ချောင်းပေါက်ခဲ့ရာ
မာလာ ၊ တံတားဖြူ ၊ စွပ်ကျယ်စက် ၊ ခြောက်မိုင်ခွဲ
ရင်ထဲကနေရာလေးတွေ
ရွှေနဲ့ လည်းမလဲချင်
ငွေနဲ့ လည်းမလဲချင်
ဘယ်တော့မှလည်းမခွဲချင် ။

အင်ကြင်းမြေနီလမ်း ၊ စမ်းတ၀ါးဝါး
လျှောက်သွားဆူညံ ၊ သံစဉ်ကင်းမဲ့
အော်ခဲ့ဟစ်ခဲ့ ၊ အတီးမဲ့အဆို
အငိုမဲ့အလွမ်း ၊ တစ်ခန်းပြီးတစ်ခန်း
ဖြတ်သန်းရှတ ၊ တသသပေါ့
တူးတူးကတော့ “ကျောင်းတွေပိတ်ရင်ဝေး” တဲ့
တို့ ကတော့ “ပွေးတွေပျောက်အောင်ကု”
ပြူစုတင်ဆက် ၊ မှတ်မိစေချင်
ညသံစဉ်များ………
“အခန်းနံပါတ် တစ်ဆယ့်ငါးမှာ ဖဲရိုက်နေပါတယ်ဗျို့ ”
“ကျွန်တော်ကို မုန်းသူများ
ဝရန်တာသို့  ထွက်လာကြပါ
သို့ မဟုတ်ပါက ၊ ချစ်သူဟုသတ်မှတ်မည်”
အမိန့် တော်တွေချမှတ်
အမှတ်တရ ၊ ဘ၀ရထား
ရွေ့ လျားစုန်ဆင်း ၊ သမိုင်းဝန်းမှာ
ပန်းခင်းတွေလည်း ဝေဘူးတယ် ။

ဂန္စမာရှေ့  ၊ နေ့ ဖြူလေးတွေ
ဖြန့် ခင်းဝေဆာ ၊ သာယာကြည်နူး
ငှက်ပျော်ပေါင်း ဘူးသီးကြော် ၊ အော်ဟစ်မှာယူ
ပူပူ လောင်လောင် ၊ ကြောင်ကြောင်ကျားကျား
“ခုနက ဒီရှေ့ မှာ ကားတိုက်သွားတာ
လုံးလုံးမသေဘူး……..
ဟုတ်လား
ပြားပြားကြီးသေသွားတာ”
ရယ်စရာ မောစရာ၊ ဟာသဇာတ်ခင်း
ရင်းရင်းနှီးနှီး ၊ ဖြည့်ဆီးစုပေါင်း
ကျောင်းသီချင်းကို ၊ ကဒေါင်းဆိုညည်း
စောင်းအိုတီးခတ် ၊ ထက်အောက်လွင့်ပျံ့ 
“တစ်ခါတစ်ရံမှာ … အိပ်မက်လို
ပင်ညိုညိုရိပ်တွေ…. မြမြက်စိမ်းစိမ်းတွေ”
ဝေးခဲ့ပြီး ပန်းခရမ်းပြာ
ဒါကိုလည်း မေ့မေ့ပျောက်ပျောက်..
တကယ့်မေ့မေ့ပျောက်ပျောက်….။

“ကြက်စင်းကော နှစ်ပွဲ”
“၀က်စင်းကော နှစ်ပွဲ”
တစ်ပွဲ ငါးကျပ် ၊ အိပ်ကပ်စမ်းကြည့်
“ကျားပျံ” သိတယ် ၊ မရှိခဏ
ဝေငှသုံးစွဲ ၊ ရွှင်လည်း လန်းလန်း
ခန်းလည်း ပျော်ပျော် ၊ အဖေါ်တစ်သိုက်
“လိုက်ပွဲ ဒီဘက်က… လိုက်ပွဲ”
“ရေနွေးအိုး… ရေနွေးအိုး”
မရိုးနိုင်သော တောင်းဆိုမှုအားလုံး
ပြုံးပြုံး တုန့် ပြန် ၊ မငြင်းဆန်ခဲ့
ကျားပျံမောင်ကောင်း ၊ အားလုံးရောင်းမလား
ဝယ်… စား… ပစ်… မယ် ။

“အရူးပါဗျို့ ”
“ဟေ့ကောင် ငပေါ”
သြဘာသံတွေ ၊ ဆူဝေပွက်ထ
မတားဆီးကြေး ၊ လေးဘက်လေးတန်
ဝရံတာမှာ ၊ နေရာလပ်မရှိ
အားပေးသူ အပြည့်နဲ့ 
ငါတို့ ရဲ့ သြဘာလမ်းကလေး
ဘာကြေး ညာကြေး
လောင်းကြေးနဲ့ လျှောက်သူများ….
တစ်ပါးသောအရပ်မှ
မျက်နှာစိမ်းဧည့်သည်များ…..
အားမနာနိုင် ၊ တို့ နိုင်ငံလေ
စွယ်တော်မြေမှာ ၊ ဒီလိုပါပဲ
စွဲလန်းမှုက ချစ်စရာ ။

“ငဖဲ”ရှိလား ၊ “ရှမ်းကြီး”ရှိလား
“တရုတ်”ရှိလား ၊ “ကျားကြီး”ရှိလား
ကင်တင်းသွားမယ်
“သားကြီး”တို့ တော့ ၊ “မှန်ကြောင်” ချော့ခေါ်
အဆောင်ထမင်းသော်မှ မစား
အင်းလျားသွားပြီတဲ့…
စည်စည်ကားကား ၊ သွားသွားလာလာ
ဆည်းဆာညနေ ၊ ခြေဆန့် ခရီး
အပြီးမသတ် ၊ တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်၊ မပျက်ကွက်ကြ
သဇင် အင်ကြင်း ၊ ကံ့ကော်နှင်းဆီ
သရဖီ ဂန္စမာ ……
ပြီးတော့
ကန်သာယာ ၊ ရွှေကြယ် ၊ မာလာဝင်း
ထမင်းသုတ် ၊ ပေါ့ကျ ၊ ဖန်ချို ၊ ပုံမှန်
ထုံးစံအတိုင်း၊ လေလှိုင်း ခိုစီး
“ဒီကောင်ကြီးတော့ ကုသိုလ်တွေ ရဦးမှာကွ
သူ့ အမေကို ခဏခဏ ဘုရားလိုက်ပို့ တာ”
“မင်းတို့ မကြားလိုက်ဘူးလား
မုန့် ပုံးတွေ ဈေးတက်သွားပြီ”
အားမနာကြေး ၊ သြဘာပေးခဲ့
ကျန်သေးသူများ ၊ စကားမရှိ
အကြည့်ဂျွမ်းထိုး ၊ မေးထိုးမေ့ ငေါ့
ဆာလာတော့မှ
“လာကြပါဦးဗျို့ 
ဒီနေ့ စားမှာပါဗျို့ 
စပါးပျိုးနေတုန်းလားဗျ”
ရေနွေးအိုးများ ၊ ရထားလွန်းပျံ
ဝေဖန်ပွက်ထ ၊ ခဏကွန်းခို
ကိုကြီးတိုး ၊ ဘိုထီး ၊ ထူးအိမ်သင်
သံစဉ်ရှရှ ၊ တသနွဲ့ ယိမ်း
တိမ်းပါးယစ်မူး ၊ အိပ်မက်ဦးတွေ
ဟုတ်တယ်… ဒါတို့ ရဲ့ အိပ်မက်ဦးတွေ ။

အရှည်ကြီး… ဗျို့ … အရှည်ကြီး
ထပါဦးဗျ….
သန်းကောင်ကို နေ့ မှတ်
ရပ်ကွက်ကိုလည်း အားမနာ
အုတ်ကျင်းမှာ ၊ လှည်းတန်းမှာ
သူရာပွဲခင်း ၊ ငြင်းကြခုန်ကြ
အားမရနိုင် ၊ ယိုင်ထိုးတွဲထူ
မငြူစူခဲ့ ၊ အဖြူထည်များ
ဘုရားလမ်းထဲ ၊ ရဲရဲကျော်ဖြတ်
အဖေါ်မက်….
ဘီပက်နဲ့ လည်း… ဒီထွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ။

အောက်တစ်နဲ့ အရမ်းကောင်း
အလွမ်းကျောင်း တက်ခဲ့ရသူတွေ…
တစ်ညလုံး တစ်ကိုးကင်းနဲ့ 
ကင်တင်းမှာ အဖြေရှာ
မသေချာရင်နာခဲ့သူတွေ…
အောက်ပြုတ် နဲ့ စွတ်လိုက်
လိုက်ရဲတာလည်းသတ္တိ
ပြေးရဲတာလည်းသတ္တိတဲ့
မချိတင်ကဲပြောလိုပြော….
အော်နာ ဆွဲရင်း အိပ်ပျော်
သင်ပုန်းမှာမော်ကွန်းဝင်
ဝမ်နင်ကို ဂေဇတ်မှတ်
အောင်စာရင်း ကြိုထွက်ခဲ့သူတွေ…
ဘက်စုံတွက်ချက် ၊ အဖြေခက်လည်း
အမှတ်ခြစ်တော့ ၊ ခရက်ဒစ်ဆို
ဘယ်လို ဖြေလိုက်တာလည်းဟင် ။

နံက်လေးနာရီ အရောက်
နောက်ကျသူကို မစောင့်ပါ
ကျောင်းသာကဒ်ယူလာခဲ့ပါ
ခင်မင်မှုယူလာခဲ့ပါ
ပွင့်လင်းမှုယူလာခဲ့ပါ
ပျော်ရွှင်မှုနှင့် ချစ်ခင်မှုမှအပ
မူးယစ်စေတတ်သောအရာများ မမှီဝဲရ
စည်းကမ်းချက်တွေချမှတ်လို့ 
မိသားစု ပစ်ကနစ်ထွက်ခဲ့စဉ်….
“တပင်တိုင် ကပါဗျို့ 
မျောက်က ကပြပါဗျို့ ”
မြို့ မေတ္တာခံယူမဲ့သားလေ
မိတ်ကပ်များနဲ့ ဖွေးဖွေးကြည် ၊ နှုတ်ခမ်းနီက တရဲရဲ
စောင်ကွက်ကျဲကို တောင်ရှည်လုပ်
ခြေထုတ် လက်မြှောက် ၊ ခြောက်ကပ်ကပ် အသံသေးသေးနဲ့ 
“ငွေသောင်ယံမှာ မြူးတူးကြတဲ့ ငွေငန်းရိုင်းတို့  သခင်မ”
ရှာဖွေခက်ခဲစွာ
ဒေ၀စ္ဆရာလား ၊ ပိစိလား ၊ ဂမုန်းလား
မခွဲခြားတတ်တော့
တို့ သူငယ်ချင်းအားလုံး
အလှဆုံးချည်း ဖြစ်နေကြတာကိုး ။

အဆောင်နောက်မှာ
ကားတစ္ဆေ ခြောက်နေပြီ
ဒါ… ပျောက်နေတဲ့ သဲလွန်စပေါ့
ကလပ်(စ)မသိ၊ လက်ဘ်မသိကြ
တစ်ချို့ ဒူးထောက် ၊ တစ်ချို့ ဗိုက်မှောက်
မကြောက်တတ်သူတွေက သစ်ပင်ပေါ်မှာ
ခါချဉ်မကြောက် ၊ ပရွက်နီမကြောက်
မြွေမကြောက် ၊ ကင်းမကြောက်
အကြောက်အလန့် မရှိ
ရှိသမျှခြုံ အကုန်တိုး
ဆွေမေ့ မျိုးမေ့
အဆောင်ထမင်းလွတ်ခဲ့ရတဲ့နေ့ ရက်တွေ ။

ထုံးဖြူရိုးရိုး ဗမာဆေး
ဗမာဆေး ၊ အာမွှေး၊ ဖာလာ
တစ်ယောက် တစ်ယာစီ
ထွေးရင်းနီရဲ
အချင်းချင်းလည်းမှီခဲ့ကြရာ….
ဆင်ဆင် ၊ ဆင်မင်း ၊ နှင်းဆီ ၊ ဂျိုးသိမ်း
အုန်းဆံကြိုးမီး ၊ တို့ ပြီးရှိုက်ဖွာ
ဘတ်စ်ကားစောင့်ခဲ့ကြရာ
ငါတို့ ရဲ့အားကစားမှတ်တိုင်
ထိုင်လိုက် ထလိုက် ၊ သွားလိုက် စောင့်လိုက်
စရိုက်မျိုးစုံ ၊ ယုံကြည်ပေါင်းစပ်
မိုးစက်ပွင့်ခူး ၊ ကြည်နူးဆွတ်ပျံ့ 
ကျောင်းရနံ့ လည်းဝေဘူးတယ် ။

အဆောင်ညရဲ့ ၊ ဂီတသံစဉ်
ချိုလွင်လွင်ပျံ့  ၊ လွမ်းရနံ့ ထုံ
ရင်ခုန်လှုပ်ရှား ၊ ခံစားမျှဝေ
ကြားသိစေလို
“သီဆိုနေမယ် မင်းဘို့ သီချင်းတွေ
တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ”
တစ်ဘ၀လုံးလည်း မင်းအား တမ်းတမျှော်ကာနေ
ရည်ရွယ်လေလည်း ၊ အသေချာခက်
လက်တုန့် ပြန်မှု ၊ အနုအရင့်
တားခွင့်ရစည်း ၊ ကြိုပြီးမသိ
သတ္တိမှ မရှိရဲ ခဲ့တော့
“’ဒီလိုမိုးသည်းထဲမှာ
နှုတ်ဆက်ထွက်ခွါ ရီဝေတဲ့အကြည့်ကို
ပြန်လည်ကာ မြင်ယောင်တိုင်း အသည်းမှာ စူးနစ်ခဲ့” ရသူတွေ
“လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့  မောပန်းနွမ်းနယ်
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဘို့ ” ကြိုးစားနေကြသူတွေမှာ
နွေးထွေးလုံခြုံရာ ၊ အမေ့အိမ်ဆိုတာကို တမ်းတ
ဘ၀စခဲ့ရပြန်ပြီ…..
ဒီနေရာရဲ့ ဒီညမှာ
ကာရန်မဲ့ ရင်ခုန်သံ အသစ်တွေ
နှစ်ချို့ လေလေ ခိုင်မာလေလေ
အလွမ်းည အိပ်မက်ရှည်ပါပဲကွယ် ။

ပါလာချိန်တွေ ၊ နေကုန်သည့်တိုင်
ထိုင်နေမိကြ ၊ ဘ၀ဆိုတာ
တွေးစရာလား ၊ မေ့ချန်ထားခဲ့
အားလုံးအတူတူ……..
အဖြူရောင် ခင်မင်မှုပန်းတစ်ပွင့်
ရင်ဖြင့်ရင်းနှီး ၊ ပွင့်ပြီးမကြွေ
ဝေနေလိုက်တာ….
ရွှေဟင်္သာမှာ လမ်းလျှောက်
ရွှေကြယ်မှာ လဘက်ရည်သောက်
ရွှေအင်ကြင်းမှာ ချောင်းပေါက်
ကောက်ကြောင်းမဲ့ ဘ၀လေးတွေ
ကံတရားဖေးမနေခိုက်
ထိုက်တန်နေလွန်းလိုက်တာ
ကဗျာဆန်တဲ့ အိပ်မက်ရှည်ရယ်….
ဘယ်တော့များမှ ၊ ဘယ်ဘ၀မှာ
တို့ ရှိမှာလည်း ၊ မသိနိုင်ဘူး
ဘယ်သူမှ မသိနိုင်ခဲ့ကြဘူး ။

သမိုင်းဝန်း အင်ကြင်းဆောင်မှာ
ဂမုန်းတို့ အဖွဲ့ ရောက်ပါပြီလားလို့ 
ဘယ်သက္ကရာဇ်များအထိ
စုံစမ်းခွင့်ရှိနိုင်ဦးမှာလည်း….
တချိန်ချိန်ဆို ၊ အိပ်မက်လိုလို
တက္ကသိုလ်မှာ ၊ ဘာတွေကျန်ခဲ့သေးလည်းဟင်လို့ 
ရင်ခုန်သံမှန်တမ်းနဲ့ 
လွမ်းရုံလောက်ပဲ တတ်နိုင်ကြတော့မယ် ။

ဘာပဲဖြစ်ဖြစ် ၊ ခေတ်တခေတ်မှာ
တက္ကသိုလ်ဆိုတာ ၊ ငါတို့ ရဲ့အချစ်ဦး
အချစ်ရိုင်းတို့ အချစ်ဦးအဖြစ်
ကြမ်းရိုင်းနုထွတ်တဲ့ နှလုံးသားတိုင်းမှာ
သမိုင်း တင်ရစ်ခဲ့ပြီ ။

(၂)

ကံတရားရယ်………
ငါတို့ မှာ ဘာအပြစ်များရှိလို့ လည်း ။


အချိန်တန်ပြီ ၊ မြန်လွန်းလိုက်တာ
သာယာနုထွတ် ၊ ပစ္စုပန်တွေ
ပျော်ရွှင်ခြင်းဖွဲ့  ပစ္စုပန်တွေ….
အတိတ်လို့  သတ်မှတ်ကြရတော့မယ့်
နွေးထွေးကြည်သာ ၊ ကြင်နာရွှန်းစို
တက္ကသိုလ်လေ….
တစ်ခါတုန်းက တက္ကသိုလ်လို့ ပဲ
ရင်ထဲ ပဲ့တင် လှိုင်းခတ်တော့မယ်
ချိုမြိန်ဝင်းပ ၊ ရွရွသင်းကြူ
ဘ၀ရဲ့ကာလဖြူတွေ
ေ၀၀ါးဝါး အနာဂတ် အတွက်
ပေးဆပ်စွန့် လွှတ်ကြရတော့မယ်ကွယ် ။

ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း လျှောက်ဘို့ အထိမချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း ကြည့်ဘို့ အထိ မစိုပြေတော့ဘူး
အတွေးတွေကလည်း လင်းလက်တဲ့အထိ မတောက်ပတော့ဘူး
ပန်းတွေကလည်း လှပတဲ့အထိမပွင့်ကြတော့ဘူး
သစ်ရွက်တွေကလည်း စိမ်းလန်းတဲ့အထိ မဝေဆာတော့ဘူး
လေညှင်းကလည်း အေးမြတဲ့အထိ မတိုက်ခတ်တော့ဘူး
နောက်ဆုံးနေ့ တွေက
တက္ကသိုလ်ရဲ့ မိုးကောင်းကင်မှာ
ပြာစလေးတွေ
လေမှာဝေ့လို့ …
မြက်ခြောက်ပင်တွေ ဆီက လာခဲ့တာ မဟုတ်ဘူး
အရာရာ ရင့်အိုနွမ်းလျ
ညကလည်း တကယ့်ည
သစ္စာတရားမှ အပ
မည်သည်ကိုမျှ အိပ်စက်ခွင့် မပြုခဲ့တဲ့ည ။

စာရေးပါ ဖုန်းဆက်ပါ
ကြုံရင်လည်း ၀င်ခဲ့ပါ
တမင်လည်းလာခဲ့ပါ
လိပ်စာတွေ ထပ်နေအောင်ပေးကြ
ဟာသတွေ ဟန်လုပ်ပြောကြရင်း
ကျောင်းသီချင်းကို ကျောင်းဝန်းထဲမှာ နောက်ဆုံးဆို
အတိတ်ကို အရိပ်လို ရှိစေချင်ရယ့်ကွယ်….. ။

ရင်ထဲဆို့ နင့်
မချင့်မရဲ
ခွဲခဲ့ရပြီ………………။

(၃)


လွမ်းမိတော့မှ
ရှိသမျှအရာ
သတိရစရာချည်းပဲနော် ။

မနေတတ်တာလား ၊ အနေခက်တာလား
မကျေနပ်တာလား ၊ အဖြေတတ်တာလား
ဘ၀ကို အနိုင်နဲ့ ပိုင်းလို့ ရပါသလား……
ဦးအောင်သွားနှင့်တာလား “တက်ထွတ်” ရေ…
အဖြစ်တိုင်း အတွက် အပျက်ကို လက်ခံခဲ့ပေမယ့်
မိုးရေထဲက ကတိသံကြိုးတွေ အတွက်တော့
မင်းနားလည်ခွင့်လွတ် တတ်မှန်းသိလည်း
ငါ… တစ်သက်လုံးရှက်နေရတော့မှာ… ။

ဝေဘူတောင်ခြေမှာ
ငါတို့ ချစ်တဲ့ “ဗလ”
စာရွက်ထဲက အရုပ်ကို
စုတ်တံနဲ့ ဆွဲ ထုတ်တတ်သူရယ့်..
စက်မှုတက္ကသိုလ် မျက်နှာစာ
မဟာတိုင်လုံးကြီးတွေရှေ့ မှာ
ကာရန်မဲ့ ကဗျာတစ်ပုဒ်
မင်းသရုပ်ဖေါ်ခဲ့ဦး။

ရန်ကုန်မှော်ဘီ
ကူးချည် သန်းချည်နဲ့ 
တကဲ့ဘ၀ထဲက လှမင်း
“နှင်းစက်နဲ့ လမ်း” ကိုဆို
သမီးလေးကိုချော့သိပ်လေ…
အိပ်မက်လှလှလေးတွေမက်ပြီးရင်
သွားချင်တာသွား ၊ မှားမသွားကြေး
စွယ်တော်ဝေးလည်း ၊ သွေးချင်းနီးနီး
ငါတို့  တစ်ခရီးတည်းနော် ။

ဟိုး… ကော့ကရိတ်မှာ
ငါတို့ ချစ်တဲ့ ”လောပန်”
အပြန်ခက်တဲ့လမ်းကိုရွေး…
စီးပွားရေးပဲ တွယ်ကပ်လုပ်
ခေါင်းကုတ်နေရပြီလား...
သားကျွေးမှု မယားကျွေးမှုမှာ
သာယာကြည်နူးနေတတ်ခဲ့ပြီလား
ဖုန်းမဆက် သတင်းမကြား
မင်းဘာတွေများလုပ်နေလည်း ။

ကိုကြီးမျိုးရေ
ဖန်ခါးမြေမှာ ၊ ရွှေလသာရင်
အရင်ကလို ၊ ကိုသီဟဆိုင်
ထိုင်ရင်းငေးမော ၊ အတောမသတ်
တောဇာတ်လည်းက ၊ မြိုင်ထလည်းထွက်
အရက်လည်းသောက် ၊ တစ်ယောက်တစ်ပေါက်
ရောက်တတ်ရာရာ ၊ ထင်ရာမြင်ရာ
ဘာရယ်မဟုတ်၊ မရှုပ်မရှင်း
မိုးအလင်း… ငြင်းရအောင် ။

မိထ္တီလာ ကန်တော်အောက်မှာ
ဖါးကောက်ရင်း ငါးမျှား….
ဘ၀မှာ နှစ်လမ်းသွားရှိပါသလား…
တရားရှိသူ အတွက်လည်း တရားရှိခဲ့
တရားမဲ့သူ အတွက်လည်း တရားရှိခဲ့..
မရှိခြင်းနှင့် ၊ ခင်းကျင်းစတင်
သည်ဇာတ်စင်ကို ၊ ပြင်ဆင်ဆက်သွင်း
“၀င်းကို ၊ ခင်သီတာ” ၊ အကြင်နာအိပ်မက်
ညတိုင်းမက်နော် ၊ သားအတွက်လည်း
ထက်ထက်မြက်မြက်
ဓါးတစ်လက်သွေး ပေးခဲ့ဦး။

သဇင် “သားကြီး”၊ ညခရီးသွား
အင်းလျာ်း “သားကြီး”၊ ဘူးသီးကြော်စား
ဂန္စမာ “သားကြီး”၊ ခရီးလမ်းဆုံး
တဖြီးဖြီး တပြုံးပြုံး…
တစ်သက်လုံး လက်တွဲနော်
တစ်ဘ၀လုံးပျော်ဘို့ အတွက်
သစ်ပင်စိုက်ပါ…
အနာဂတ်ကိုလည်း
မင်းတတ်သလိုသာ ဘာသာပြန်လိုက်တော့… ။

ဘောကြီးရေ….
အင်းစိန်မှာ တင်းတိမ်ပါပြီလား..
“သဇင်မင်း” သွားမှာလား
“အရှည်ကြီး” ဆိုင်သွားမှာလား
ငါ လည်း အားပါတယ်…
ဆိုင်မှာပဲ ဒီဇိုင်းတွေ ပြီးအောင်ဆွဲတာပေါ့
အရေးမပါတာတွေ ဆက်လုပ်ရင်း
ကိုယ့်သီချင်းကို ဆိုရအောင် ။

“မှန်ကြောင်” ”အရိုး” ၊ ကိုအောင်မိုးတို့ 
ခိုကိုးရာရှာ ၊ အေးချမ်းပါစ…..
“ကျားကြီး” ”ဘီပီ” ၊ မေခဆီလှမ်း
ထိုညချမ်းများ ၊ လွမ်းအားပါစ…
“ငဖဲ” ”ရှမ်းကြီး” ၊ ၀မ်းမီးဝင်းဝင်း
နေ့ ခင်းရေဖလား ၊ ညကားထမင်းအိုး
ဂျိုးကပ်သပ်ခွာ ၊ ကြည်နူးပါစ…
“ကိုမိုးသူ” “၀င်းကို” ၊ လိုအင်တွက်ချက်
လောကဓါတ်မှာ ၊ နှံ့ စပ်ပါစ…..
“ကုလား” “ကိုနိုင်ဝင်း” ၊ ဗျတ်တသင်းလည်း
တစ်ကိုးကင်းမှ ၊ လွတ်ကင်းပါစ….
“လှိုင်မ” “မြူဟိန်း” ၊ ကဗျာယိမ်းခင်း
ကျောင်းသီချင်းဆို ၊ နုပျိုပါစ….
“အမကြီး” “ဦးစန်းရီ” ၊ တည်ကြည်လေးနက်
ဘ၀ဇာတ်ခုံ ၊ ပြည့်စုံပါစ….
“ဌေးဌေးနိုင်” ရေ၊ “သန်းသန်းဝေ” ကော
လောက ဖတ်စာ၊ ကျေညက်ပါစ…
“ကျားပျံမောင်ကောင်း” ၊ ကွမ်း“ဦးသောင်း” တို့ 
ရောင်းရေးဝယ်တာ ၊ ပြေလည်ပါစ…
“သားကြီး” “အမောင်”၊ သိုးနှစ်ကောင်လည်း
အဖြူရောင်ည ၊ ဆုံခွင့်ရစေ….. ။

မုတ္တမပင်လယ်ကွေ့ မှာ
ရှာသူကိုတွေ့ ပါပြီလား…
ညီမလေး”ပိစိ”ရေ
သံလွင်ရေစီးနေသမျှ
ညည်းမသေစေရဘူး
အစားအသောက်လျှော့ပါ
အအိပ်အနေလျှော့ပါ
ကျန်းမာရေးဂရုစိုက်ပါ
အနာဂတ်မှာ ၊ တို့ ချစ်စရာ
တက္ကသိုလ်ဆိုတာ ရှိတယ် ။

ပင်လယ်အော်ကိုပွေ့ ယူ
ကျောက်ဖြူက “အပုလေးပေ”
ပင်လယ်ဆားငန်ရေလှိုင်း
ဘော်ငွေရောင်မြင်းရိုင်းကို
ကဆုန်ဆိုင်း ခရီးထွက်သူရဲ့
မနက်ဖြန်အတွက်
သတ်မှတ်ရက် ရှိပါပြီလား ။

မြစ်ဝကျွန်းပေါ် ၊ မျှော်ကြည့်ဖမ်းဆုပ်
ဧရာလှိုင်းပုတ်သံတို့ နဲ့ 
ဟင်္သာတ ဆိုတဲ့မြို့ ကလေး…
“ဂမုန်း” တို့  “မစိုး”တို့  မွေးရပ်မြေ…
သူတို့ တစ်တွေ ၊ ဇာတိမြေမှာ
ဧရာဝတီရဲ့ နှင်းဆီနီအတိတ်ကို
မျက်စေ့မှိတ်ဖတ်ကြား
အိပ်မက်တမ်း ကစားနေကြပြီလားကွယ် ။

နေရပ်မသိသူတွေ
ပြောင်းရွှေ့ သွားကြသူတွေအတွက်
မဆုံနိုင်ခြင်းများမှ တစ်ဆင့်
ကျေးဇူးပြု၍ ပို့ ပေးပါလို့ 
လိပ်စာတပ် စာရေး
ဒီလိုနဲ့ ပဲ ဝေးကြရတော့မှာလား ကွယ် ။

(၄)


အိပ်မက်ဆိုလည်း ၊ မစွဲမလန်း
ရှင်ခန်းဖြတ်တောက် ၊ မေ့လောက်သေးရယ့်….
စိတ်ကူးဆိုလည်း ၊ အတွေးထဲထား
စကားမချွေ ၊ နေနေသေးရယ့်…
ပုံပြင်မဟုတ် ၊ သမိုင်းရုပ်စုံ
ရင်ခုန်ဆူပွက် ၊ တစ်သက်မက
အမှတ်ရတယ်….. ။

ဘယ်မှာလည်း
ငါ့ကို သြဘာလမ်းလေး ပြန်ပေး
ငါ့ကို မေတ္တာပေါင်းကူး ပြန်ပေး
ငါ့ကို နွေးအေး ပြန်ပေး
ငါ့ကို ကန်သာယာ ပြန်ပေး
ငါ့ကို ချစ်သူတို့ လမ်းကလေး ပြန်ပေး
ငါ့ကို ဒီဖေါ်တီးနိုင်း ပြန်ပေး
ငါ့ကို သဇင်ဆောင် ပြန်ပေး
ငါ့ကို ဂျီဟော ပြန်ပေး
ငါ့ကို ဦးလေးအောင် ပြန်ပေး
ငါ့ကို ၀မ်းသရီး စစ်စတင်း ပြန်ပေး
ငါ့ကို အယ်လ်တူး ပြန်ပေး
ငါ့ကို သမိုင်းဝန်း ပြန်ပေး
ငါ့ကို အာရ်စီတူး ပြန်ပေး
ငါ့ကို ဘီပီအိုင် မှတ်တိုင် ပြန်ပေး
ငါ့ကို ပစ္စည်းမဲ့ ဂိတ် ပြန်ပေး
ငါ့ကို င့ါကို၊ မငိုပါဘူး
ရူးအောင်လွမ်းတယ်၊ ဘယ်ဆီမှန်းဆ
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….

သတိရလို့ ၊ ခဏအရောက်
အကြည့်ကောက်ကြောင်း ၊ နေရာဟောင်းဆီ
ဦးတည်စုဆုံ…
တို့ ခိုလှုံနွေးထွေးနေကျ
ကျောင်းရှေ့ က မှတ်တိုင်လေး…
မြက်ရိုင်းတောကြားက
ချစ်သူ့ အဆောင်….
ခန်းဆီးမဲ့အခန်းငယ်များ
ဝိညာဉ်မဲ့ အေဘီစီဒီအီးအက်ဖ်ဂျီ…
ခေါင်းလောင်းအက်နေသော ကျောင်းတော်ကြီး…
ကင်တင်း ရုပ်ကြွင်း အစအနများ…
လမ်းမပေါ်ရောက်နေတာမှ
ဘယ်သွားရမှန်းမသိရှာတဲ့
နွမ်းခြောက်ခြောက် ရွက်ဝါလေးတွေ…
အရာရာဟာ အေးစက်နေခဲ့ပါပြီကွယ်…
လွမ်းဆွတ် မောလျနေသူတစ်ယောက်သာ
မြင်မြင်ရာ ကြေကွဲစိတ်နဲ့ 
အတိတ်ကိုအသက်သွင်း…
ကျောင်းသီချင်းကို တိုးတိုးဆို…
မဟာတိုင်မြင့်ကြီးတွေကို တိုင်တည်လို့ …. ။

“စောင့်မျှော် လွမ်းဆွတ်ခြင်းတွေနဲ့ 
မင်းကိုမင်း အဆုံးရှုံးမခံနဲ့ လေ…
ငါလည်း… တစ်ခါက ရယ်မောသံတွေကို ပြန်ကြားချင်စိတ်နဲ့ 
အတိတ်ကို တမ်းမက်နေဆဲပါ…
မဖြစ်နိုင်တာတွေ ၊ မရှိနိုင်တာတွေကိုတောင်မှ
အိပ်မက်အဖြစ်၊ စိတ်ကူးအဖြစ်နဲ့ 
နှစ်သိမ့်ပျော်နိုင်သေးတာ
တည်ရှိသမျှအားလုံးကို လက်ခံလိုက်ပါ…
မြစ်အစင်းစင်းကတော့
မြစ်ကြောင်းကျဉ်းကျဉ်းကို
ရေစီးနက်နက် ထွင်းဖေါက်
ပင်လယ်ဆီရောက်အောင် သွားခဲ့ကြတာပဲ…
သမိုင်းဆိုတာ ရှိတယ်…
ပန်းပွင့်တွေကမှ မလှပစေခဲ့တဲ့သစ်ပင်အတွက်
သစ်ရွက်တွေနဲ့ စိမ်းလန်းခွင့်
မျှော်လင့်ကြရအောင်” တဲ့
ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။ ။

ကိုသျှား

***********************

ကိုသျှားကဗျာကို အစ်မတန်ခူးက ပြန်လည်ဝေမျှပါသည်။
12:55am 21-Aug-2010
ဒါကို ကျွန်တော်က အစ်မတန်ခူးပို့စ်က ပြန်လည်ကူးယူဖော်ပြပါသည်။

Wednesday, August 18, 2010

Saya Puzaw Pwe - RIT EE (Singapore)

Posted by Nyi Nyi Win
link to original post by Nyi Nyi Win


RIT EE (Singapore)

Announcement: RIT Alumni "Saya Puzaw Pwe"
To all RIT-EE Friends..

SPZP : Saya Puzaw Pwe
RIT : Refers to all "Set Hmu Tekkatho" under various names (RIT, YIT, MIT, YTU, MTU, xTU, etc.)
EE : Refers to all Electrical Engineering related majors (EP, EC, Electronic, etc.)


Here's a great opportunity for us to reunite with old friends and give respect to our Saya once again. Mark your calendar: Sunday 19 December 2010.

SPZP-2010 Main Committee and all majors' reps have decided to organize RIT Alumni SPZP & Reunion 2010 in Singapore on 19 Dec. The Main Comm will extend invitation to all Saya/Sayama who taught us in RIT and will sponsor at least fifty (50) Saya/Sayama from various engineering majors, together with a number of Saya/Sayama who taught common subjects ("minors").

We, EE alumni in Singapore, will join all other majors to participate in the SPZP-2010. The EE alumni group in SG will sponsor eleven (11) senior EE Saya/Sayama and invite them to Singapore to pay our respect.

The 11 Saya/Sayama will be selected based on their seniority and they represent all EE Saya/Sayama in SPZP-2010.

All EE alumni everywhere are kindly requested to contact your nearest Class Reps and make generous contribution, which will be used to cover following SPZP-2010 expenditures:

* to contribute the overall budget of the Main Committee, by pledging to sponsor the expenses to invite 11 EE Saya/Sayama to SG (and pay respect to them in person)
* all remaining funds will be utilized to equally pay respect in absence, all other EE Saya/Sayama, whom we are not be able to invite to SPZP in person.


Tentative List of EE Saya/Sayama to be invited to SG (To be confirmed)

Potential list of senior EE Saya/Sayama (in no particular order):

* Dr U Ba Lwin (Electrical Power Engineering)
* U Myo Kyi (Electronic Engineering)
* U Tin Maung Thein (Electronic Engineering)
* U Sein Maung (Electrical Power Engineering)
* U Ba Myint (Electrical Power Engineering)
* U Moe Aung (Electrical Power Engineering)
* U Khaing Oo (Electronic Engineering)
* Dr. U Win Tin (Electronic Engineering)
* U Kyaw Lwin (Electronic Engineering)
* U Tin Shwe (Electrical Power Engineering)
* Daw Mya Mya Than (Electrical Power Engineering)
* Daw Khin Aye Win (Electrical Power Engineering)
* U Thein Dan (Electrical Power Engineering)
* U Clement Saldhana (Electronic Engineering)
* U Than Lwin (Electronic Engineering)
* Daw Than Than Win (Electrical Power Engineering)
* U Khin Soe (Electronic Engineering)
* U Tin Win (Electrical Power Engineering)
* U Myint Oo (Electronic Engineering)
* U Aung Than (Electrical Power Engineering)
* Daw Khin Ma Ma Soe (Electrical Power Engineering)
* Daw Khin Swe Oo (Electronic Engineering)
* Daw Khin Tint (Electrical Power)
* U Win Khaing Moe (Electronic Engineering)

We, RIT-EE group, will sponsor 11 most senior EE Saya/Sayama from this list and invite to SG for SPZP. We also intend to invite more Saya/Sayama (>11) - depending on the funds raised and sponsorships for Saya/Sayama. Alumni well-wishers are therefore welcome to sponsor one of these, or any other EE Saya/Sayama to be invited to SG (please see Arrangement for Individual Sponsorship, below).

The final confirmed Invited Saya list (could be more than 11) will be decided by the EE Reps based on the latest available information, and will be announced on this website.

Important Note
Our sincere wish is to be able to invite all EE Saya/Sayama to SG to pay respect in person. However it is neither advisable nor feasible. Therefore, we've decided to sponsor and invite 11 senior Saya/Sayama to represent all EE Saya/Sayama. All remaining funds raised will be used to equally pay respect to all remaining EE Saya/Sayama in Myanmar or elsewhere. The criteria long adopted by the Main Committee will be used to select Saya/Sayama to pay respect to (that is, Saya/Sayama should have at least 7 years of uninterrupted service).

Arrangement for Individual Sponsorships
We're also pleased to inform you a special arrangement by the Main Comm. If any individual alumni/ batch/ group wishes to sponsor any particular EE Saya/Sayama of their Cetana, it is possible to arrange in coordination with the Main Comm. Please contact your batch representative or core EE Reps (see below) for more information.

Designated budget for one Saya/Sayama invited to SG is $1,600. It will cover return airfare, accommodation, dinner ticket, logistics and misc expenses for one person in SG ($1,200), plus allocation to a common pool ($400) to collectively sponsor some Saya/Sayama from minor subjects.

Main Programme (19 December 2010)
Programme is quite similar to the one we had in SG in 2007. We'll collectively pay respect to all Saya/Sayama at the Burmese Buddhist Temple (Toa Payoh) in the morning. There will be a Reunion Dinner at the Orchid Country Club (Yishun) in the evening.

All alumni are warmly invited to attend both the morning and evening events - not to miss a rare chance to meet old friends and Saya/Sayama from our RIT days. Reunion dinner tickets are available at $75 per pax. Be sure to secure one early to avoid a disappointment. (Note: A portion from each ticket proceeds will go towards Main Comm overall organizing budget.)

EE alumni will also try to arrange a separate EE Saya/Alunmi mini-gathering - tentatively on Saturday 18 December - for us to have a chance to meet with our own Saya/Sayama and friends separately. Stay tuned; and visit this page often.

EE Alumni Class Reps (Contact for Fund Raising)

1) Up to 1987: Saya U Moe Aung, Ko Pye Nyunt, Ko Aung Lin (Thiri Mon), Ko Nyi Nyi Lwin (Mawlamyine)
2) 1988/1991: Ko Nyi Nyi Win, Ko Thein Naing
3) 1992: Ma Myo Myat Thi
4) 1993: Ma Soi Lan Khine, Ma Myint Myint Mon
5) 1994: Ma Myo Sandar Khin, Ma Me Me Thant Zin
6) 1995 (1st): Ma Khine Khine Win
7) 1995 (2nd): Ma Kyawt Kyawt Khine
8) 1996: Ko Kyaw Zwa
9) 1998: Ko San Yu Hlaing
10) 2000: Ma Shwe Zin Ma
11) 2001: Ma Thida Soe
12) 2002: Ko Zin Min Latt
13) 2003 (1st): Ko Min Min Zaw
14) 2003 (2nd): Ko Aung Ko Ko Zaw
14) Others: (TBA)


Please contact your nearest reps today to start your contribution. If you wish to get more information or clarification or have any suggestions or comments, please feel free to contact us, as follows. Thank you.

Yours sincerely,
Core EE Reps (on behalf of all EE Alumni in SG)

* Ko Pye Nyunt 9688-4316
* Ko Nyi Nyi Win 9663-3035
* Ko Thein Naing 9144-1071
* Ma Khine Khine Win 9118-3646
* Ma Kyawt Kyawt Khine 9844-6120
* Ko Kyaw Zwa 9457-9409


Posted by Nyi Nyi Win at 9:34 AM

Monday, August 16, 2010

အမေ့အိမ်...သို့ အိမ်လွမ်းသူ (၃)

စင်ကာပူရောက် အိမ်လွမ်းသူတစ်ယောက် ခံစားနေရတာတွေ...
ကျနော်တို့အားလုံး အိမ်နဲ့ခွဲခွာဖူးပါတယ်...

♫♫..♫♫..ခိုလှုံရာ အရိပ်နဲ့ လမ်းခွဲထွက် ဒါဟာဘဝရဲ့ခရီးတွေပဲ
ရင်မှာမောပန်းခြင်းနဲ့ ဝဲလှည့်ရင်း ငါအိမ်ကို လွမ်းနေသူ

ကြေကွဲခြင်းနဲ့ ငိုရှိုက်တဲ့ညတွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသောကောင်းကင်(အမေ)မှာ
ကြယ်ရောင်လင်းလက် တောက်ပဆဲ...

အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ သယ်ဆောင်ရာ ခရီးဆက်ဆဲ
အိပ်မပျော်နိုင်တဲ့ ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ..♫♫..♫♫


အိမ်အကြောင်းတွေးမိတိုင်း မရိုးနိုင်တဲ့ အလွမ်းတွေက အမြဲ လတ်ဆတ်နေတယ်...
တွေးရင်းနဲ့ လွမ်းလဲ လွမ်းတယ် ပျော်လဲပျော်တယ်..
အတွေးတွေကြောင့် အိမ်ကို ခဏပြန်ရောက်သွားတယ်...
အဲဒီ ခံစားချက်တွေကကို ချစ်စရာကောင်းနေတာ...

ဒါကြောင့်... အမေရဲ့ စက်ချုပ်ခန်းလေးကို မြင်ယောင်ပြီး လွမ်းချင်ပါသေးတယ်...
အဲဒိတုန်းက အဖြစ်လေးတွေ ပြန်ပြောင်း ပြောရင်းပေါ့...
------------------------------------------------------------------
ကဲဗျာ... ဝယ်လာတဲ့ ပိတ်ဖြတ်စ အထုပ်တွေကို ရှင်းလိုက်ရအောင်...
ဒီအထုပ်တွေကို အပြီးထုပ်ပြီး သိမ်းလိုက်လို့ရရင်တော့လဲ လွယ်မှလွယ်၊ တစ်ခါ သိမ်းရုံပဲ။
အခုဟာက နေ့တိုင်းသုံးနေရမှာဆိုတော့ကာ...

ဖြတ်စတွေကို ဘယ်လိုပုံစံချုပ်မယ်ဆိုတဲ့ procedureကို အရင်မေးကြည့်ပါတယ်။
၁) ပိတ်စအမျိုးအစားအရင်ရွေး၊
၂) အရောင်ရွေး၊
၃) နောက်ဆုံး အစင်ရွေးမယ်...
ကဲ...ဒါဆို ဒီprocedureအတိုင်းပဲ သိမ်းတာပေါ့။

အထူစ၊ အပါးစ၊ ဇာစဆိုပြီး ပိတ်အမျိုးအစား၃မျိုးကို basic colors ၄မျိုးပေါ်အခြေခံပြီး (၃*၄=၁၂)အုပ်စုခွဲလိုက်ပါတယ်။
သိမ်းဖို့ကတော့ labelတပ်ပြီး အိတ်ထဲထည့်ထုပ်ပိုးတဲ့နည်းကို မသုံးချင်တော့ဘူး။
ဘာလို့လဲဆိုတော့... အိတ်တွေထဲမှာ ထည့်ထားရင် အောက်ဘက်မှာရောက်နေတဲ့ ပိတ်စတွေကို မြင်နိုင်ဖို့ ခဲယဉ်းသွားလိမ့်မယ်။
ဒါကြောင့် တခြားနည်းစဉ်းစားရတော့တာပေါ့။
ခုရှုပ်မှ နောင်ရှင်းမှာမို့၊ အလုပ်လုပ်ရတာလဲ ထိထိရောက်ရောက် လွယ်လွယ်ကူကူဖြစ်အောင်၊ အမှိုက်ပွတာလဲ သက်သာအောင် ကျနော်သေချာစဉ်းစားရပြီပေါ့ဗျာ။
------------------------------------------------------------------
အဲဒိတုန်းက ပလတ်စတစ်အကြည်ပုံးတွေ စသုံးနေကြပြီ။ ဈေးနည်းနည်းတော့ များသေးတယ်။
ကျနော်က ပလတ်စတစ်အဝတ်ခြင်းတွေပဲ သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။
အဝတ်စတွေထည့်ထားမှာဆိုတော့ လေဝင်လေထွက်ကောင်းစေချင်တာပါ၊ အောက်သိုးသိုးအနံ့တွေ မရှိနိုင်အောင်လို့။
အဝတ်ခြင်းက အပေါက်လေးတွေပါတော့ ဘယ်ပိတ်စ ဘယ်နားမှာရှိလဲသိနိုင်သလို၊ လေဝင်လေထွက်လဲကောင်းတယ်လေ။
(အမှန်ကတော့ ဈေးကလဲ ပုံးတွေထက် ပိုသက်သာလို့ပါ။)
------------------------------------------------------------------
ဒီနေရာမှာ မီးဖိုချောင်နဲ့ အိမ်ရဲ့နောက်ဖေးဘက်ကို နည်းနည်းမြင်အောင် ပြောပြချင်ပါတယ်။
အိမ်မကြီးကနေ အုတ်လှေခါးထစ်အသေးလေး၂ခုကို ဆင်းလိုက်ရင် မီးဖိုချောင်ကိုရောက်ပါတယ်။
မီးဖိုချောင်ရဲ့ ခြေရင်းဘက်မှာ တံခါး၁ခုရှိတယ်။ အဲဒိတံခါးကနေထွက်လိုက်ရင် ခြံထဲရောက်ပါတယ်။
မီးဖိုချောင်က ၂၀ပေ x ၇ပေ အကျယ်ပါ။

ခေါင်းရင်းဘက်မှာ kitchen counter ထားပြီး ချက်တယ်ပြုတ်တယ်၊ kitchen counterရဲ့အဆုံး မီးဖိုချောင်ရဲ့အလယ်တည့်တည့်လောက်မှာ ဆေးဖို့ကြောဖို့ ဘေစင်ထားပါတယ်။
ရေချိုးခန်းနဲ့အိမ်သာက ခြေရင်းဘက်မှာပါ။

မီးဖိုချောင်အဆုံးကနေ အိမ်နောက်ဘက်ခြံစည်းရိုးအုတ်တံတိုင်းအထိ ၅ပေကျယ်တဲ့မြေကွက်လပ်ရှိပါတယ်။
ရေချိုးခန်းနဲ့အိမ်သာကို အဲဒိ၅ပေအကျယ်မြေနေရာမှာ မီးဖိုချောင်နဲ့တွဲပြီးထုတ်ထားတာ။
ရေချိုးခန်းနဲ့အိမ်သာက ခြေရင်းဘက်တဝက်။
ကျန်နေတဲ့ ခေါင်းရင်းဘက်တဝက် (မီးဖိုချောင်ရဲ့နောက်ဘက်) မြေကွက်လပ်မှာတော့ ဗူးပင်၊ ချဉ်ပေါင်ပင်၊ ငှက်ပျောပင်၊ သင်္ဘောပင်စတဲ့ သီးပင်စားပင်တွေစိုက်ထားတယ်။
------------------------------------------------------------------
အရင်က စက်ချုပ်ခန်းရယ်လို့ သီးသန့်မရှိပါဘူး။
အိမ်မကြီးကနေ မီးဖိုချောင်ကိုဆင်းတဲ့ အုတ်လှေခါးထစ်အသေးလေး၂ခုရဲ့ဘေးနဲ့၊ မီးဖိုချောင်ရဲ့ခြေရင်းဖက် ခြံထဲဆင်းတဲ့ တံခါးကြားဟာ အမေကြီးစက်ချုပ်တဲ့နေရာပါ။
ချုပ်စက်၁လုံးနဲ့ ဓားစက်(လို့ခေါ်တယ်ထင်တယ်)၁လုံးရယ်၊ ဘေးမှာ ပလတ်စတစ်အကြည်ပုံး၁ပုံးနဲ့ အဝတ်ခြင်း၂ခု ဒါဟာ အမေကြီးစက်ချုပ်တဲ့နေရာပေါ့။

မီးဖိုချောင်ကြမ်းခင်း(သစ်သားမဟုတ်)ပေါ်မှာ ယိုးဒယားဖျာအကြီးကြီးချပြီး ပိတ်စတွေပုံ၊ ပြီးရင် စိတ်တိုင်းကျ ညှပ်နေတော့တာ...
အဲဒိတုန်းက အမေကြီးက သူဝတ်ဖို့အင်္ကျီရယ်၊ အိမ်အသုံးအဆောင်တွေနဲ့၊ အိမ်နားက ကလေးတွေအတွက်ရယ်ပဲ ပိတ်စညှပ်စရာ ရှိတာလေ။
ဖြတ်စကိစ္စမရှိတော့ အမှိုက်လဲသိပ်မရှုပ်ဘူး၊ သိမ်းစရာပစ္စည်းလဲ ခပ်များများမရှိဘူး။

ပိတ်စတွေကို ဖျာပေါ်မှာပုံ၊ ဖျာပေါ်မှာညှပ်၊ ပြီးရင် ဖျာပေါ်ကအမှိုက်တွေကို အမှိုက်တောင်းထဲထည့်၊ ဖျာသိမ်း...ဒါပဲ။
ကျနော်ကတော့ ဖျာပေါ်မှာထိုင်၊ လက်ဖက်သုတ်စား၊ ရေနွေးကြမ်းပူပူလေးမှုတ်သောက်၊ ပြီးရင် ဘေးကနေလေဖော။
တခါတလေတော့လည်း နေ့လည်ခင်းလျှောက်ရောင်းတဲ့ ကျနော့်အကြိုက် မုန့်ဘိုင်းတောင့်(မုန့်ဘိန်းနောင့်)၊ မုန့်လက်ကောက်၊ အကြော်စုံတို့လို snacks(ဗမာလို အသံမထွက်ချင်လို့:P)တွေ စားရင်းပေါ့။
------------------------------------------------------------------
ကဲအခုတော့... အမှိုက်ရှုပ်မဲ့ ဒီဖြတ်စတွေက အစပြုပေးလိုက်တာ၊ အမေကြီးအတွက် စက်ချုပ်ခန်းလေးဖြစ်လာတော့မယ်။
တကယ်တော့ အစကတည်းက စက်ချုပ်ခန်းကို သီးသန့်ထားချင်ခဲ့တာပါ။
(ဒါမျိုးဆို ကျနော်က သိပ်လက်စွမ်းပြချင်တာ။)
အခုတော့ အခွင့်အရေးကို အသုံးချပြီး စိတ်ကူးကို အကောင်အထည် ဖော်ပစ်လိုက်တာပေါ့။

ရှေ့မှာပြောပြခဲ့သလို... မီးဖိုချောင်ရဲ့ ခြေရင်းဘက်တံခါးကနေထွက်လိုက်ရင် ခြံထဲရောက်ပါတယ်။
အိမ်က ခြေရင်းဖက်မှာ ၁၀ပေလောက် မြေပိုသေးတယ်။ အဲဒိမြေအပိုလေးကိုသုံးပြီး စက်ချုပ်ခန်းလုပ်လိုက်တာ။
ကျနော့်ရဲ့ စိတ်ကူးက မီးဖိုချောင်ခြေရင်းဖက် တံခါးကနေထွက်လိုက်ရင်၊ ခြံထဲမရောက်ပဲ စက်ချုပ်ခန်းထဲရောက်စေချင်တာ။
အိမ်နဲ့စက်ချုပ်ခန်းကို တတွဲတည်းဖြစ်စေချင်တာ။

အရင်အတိုင်း မီးဖိုချောင်ကနေ ခြံထဲရောက်သွားတာမျိုးကိုလဲ သဘောကျတော့၊ စက်ချုပ်ခန်းရဲ့ ခြေရင်းဘက်မှာ တံခါးထပ်လုပ်လိုက်တယ်။
မီးဖိုချောင်ကနေ စက်ချုပ်ခန်းထဲရောက်၊ စက်ချုပ်ခန်းကမှ ခြံထဲဆင်း။
------------------------------------------------------------------
စက်ချုပ်ခန်းဆိုပေမယ့် အိမ်နဲ့တွဲထားတဲ့ ၁၀ပေပတ်လည် အခန်း၁ခန်းစာ အိမ်သေးသေးလေး ၁လုံးပါပဲ။

အခန်း၁ခန်း = နံရံလေးဘက် + တံခါး + ပြတင်းပေါက် + အမိုး (သို့) မျက်နှာကျက် + ကြမ်းခင်း။

“ခြံပတ်လည်ခတ်ထားတဲ့အုတ်တံတိုင်းရဲ့ ခြေရင်းဖက်နံရံ + နောက်ဖေးဘက်နံရံ + မီးဖိုးချောင်ခြေရင်းဘက်နံရံ + တံခါး”
ဒါတွေက စက်ချုပ်ခန်းအတွက် ရှိပြီးသားတွေ။
ဒါကြောင့် စက်ချုပ်ခန်းရဲ့အိမ်ရှေ့ဘက်မျက်နှာစာနံရံနဲ့ ပြတင်းပေါက်လုပ်ပြီးရင် အမေ့စက်ချုပ်ခန်းဖြစ်ပြီ။
အော် မေ့လို့... ခေါင်မိုး၊ ကြမ်းခင်းနဲ့ ခြံထဲဆင်းဖို့ တံခါးလိုသေးတယ်။

ပြတင်းပေါက်ကတော့ လေဝင်လေထွက်ကောင်းဖို့။
နောက်ပြီး အမိုးအတွက်သုံးတဲ့ သွပ်တွေမှာ ၁ချပ်ကို ပလတ်စတစ်သွပ်သုံးခဲ့တယ်။
အခု အမေ့ရဲ့စက်ချုပ်ခန်းလေးဟာ လေဝင်လေထွက်ကောင်းပြီး၊ အလင်းရောင်လဲ လုံလုံလောက်လောက်ရပါပြီ။

ကဲ ဒါဆို... အစမှာ ပြောခဲ့တဲ့ အုပ်စု၁၂စုခွဲထားတဲ့ ပိတ်စတွေကို အခု ပလတ်စတစ်ခြင်း ၁၂ခြင်းထဲ ထည့်ပါမယ်။
ပိတ်စတွေထည့်ထားတဲ့ ခြင်း၁၂ခြင်း၊ အမေကြီးရဲ့ ရှိပြီးသား ပလတ်စတစ်ပုံး၁ပုံး၊ အဝတ်ခြင်း၂ခြင်းနဲ့ ချုပ်စက်၂လုံးပေါင်းလိုက်တော့ စက်ချုပ်ခန်းလေးက ကျဉ်းကျုပ်သွားတယ်။
ဒါ့အပြင် အသစ်ထပ်ဝယ်လာတဲ့ ဖြတ်စအိတ်တွေ၊ ရွေးလက်စ အိတ်တဝက်တပျက်တွေကလဲ ရှိသေးတော့၊ မြင်ရတွေ့ရတာ ခေါင်းကိုက်ချင်သလိုလို၊ ဇက်ကြောတက်ချင်သလိုလို...
------------------------------------------------------------------
ဒီလို စီမံလိုက်ပါတယ်။
စာအုပ်စင်လိုမျိုး open shelfတွေ မြင်ဖူးမှာပေါ့။
အိမ်ရဲ့ ၂လမ်းကျော်လောက်မှာ ကုလားတွေပိုင်တဲ့ ခြံအကျယ်ကြီးရှိတယ်။ အဲဒိ ခြံထဲမှာ အဆောက်အဦးအဟောင်းတွေ ဖျက်ထားတဲ့ သစ်တွေကို ပုံထားတာ အများကြီးပဲ။
သူတို့က အဲဒိသစ်အဟောင်းတွေ ပြန်ရောင်းတာလေ။

furnitureတွေအတွက် ကျွန်းကအကောင်းဆုံးပဲ။ ဒါပေမယ့် ကျွန်းဈေးကလဲ သိတဲ့အတိုင်း...
ကိုယ်အသုံးပြုမှာက ခြင်းတင်ဖို့လောက်ပဲလေ။ “ဒါဆို သစ်ရိုင်းပဲ သုံးလေ” ဆိုတော့.. ဒီလိုတော့လဲ မဟုတ်သေးဘူး။
ကျနော်က ပေါ+ချောင်+ကောင်းရှာတာ ဘယ်လိုဝါသနာကြီးမှန်းမသိ။
ကြုံတုန်းလေးပြောပြရအုံးမယ်... စင်ကာပူမှာ ပေါချောင်ကောင်းတွေ သိပ်ဝယ်လို့ကောင်းတာ။ ကျနော်နဲ့တော့ ကွတ်တိပဲ။
အရေးတကြီး မလိုရင် ဘယ်တော့မှ NEW ARRIVALပစ္စည်းတွေကို ဈေးကြီးကြီးပေး မဝယ်ပေါင်။

အဲဒိကုလားဆိုင်မှာ ရှေးဟောင်းရုံးအဆောက်အဦးတွေကို ဖျက်ထားတဲ့ သစ်သားအကောင်းစားတွေရှိတယ်။
စက်ချုပ်ခန်းဆောက်ပေးတဲ့ လက်သမားကိုခေါ်သွားပြီး၊ သစ်အဟောင်းတွေထဲက သစ်ကောင်းကောင်း ပျဉ်ကောင်းကောင်းထူထူတွေရှာခိုင်းတယ်။
လက်သမားရှာပြီးရွေးထားတဲ့ သစ်တွေထဲကမှ ခြင်း၁၂ခြင်းတင်ထားမယ့် စင်(open shelf)အတွက် လုံလောက်မဲ့ သစ်ပမာဏကို ဝယ်တယ်။
------------------------------------------------------------------
စင်က ခြင်း၁၂ခြင်းတင်ထားဖို့ အဆင့်၃ဆင့်ပါတဲ့ နံရံကပ်စင်ပါ။ ၁ဆင့်စီမှာ ခြင်း၎ခြင်းတင်ထားနိုင်ပါတယ်။
ကျနော်လုပ်ခိုင်းတဲ့စင်က အင်မတန်ရှင်းပါတယ်။
အလယ်၂တန်းအတွက် သစ်သားထူထူ၂ပြား၊ ပိုပြီးတောင့်သွားအောင် သစ်သား၁ပြားစီအောက်မှာ '၁လက္မခွဲ-၁မတ်'အရွယ် သစ်သားကျစ်ကျစ်၁တန်းစီခံပေး၊ ဘောင်ကွပ်ဖို့ သစ်သားထူထူ၎ပြား၊ ပြီးတော့ အနက်ရောင်သစ်စေးသုတ်ခိုင်းလိုက်တယ်။ ဒါပါပဲ။

အပေါ်ဆုံးအဆင့်ကခြင်းတွေကို အောက်ချလို့အဆင်ပြေပေမဲ့၊ အပေါ်ပြန်တင်ဖို့ကျတော့ နဲနဲခက်မယ်။
(ပိတ်စထည့်ထားတဲ့ ခြင်းက သိပ်မလေးပေမဲ့)
အဲဒိအတွက်တော့ ညဘက် ကျနော်စက်ချုပ်ခန်း ရှင်းလင်းရေးလုပ်မှ ပြန်တင်ဖို့ မှာထားရတယ်။

ကဲ ခြင်း၁၂ခြင်းတော့ နေရာကျသွားပြီ။
အသစ်ဝယ်ထားတဲ့အိတ်တွေ၊ ရွေးလက်စ အိတ်တွေနဲ့၊ ချုပ်ပြီးသားလိုက်ကာတွေ ထည့်ထားဖို့အတွက်တော့ ဗီဒိုအဟောင်းတလုံးဝယ်လိုက်တယ်။ အဲဒိလက်သမားကိုပဲ ကော်ပတ်စားခိုင်း၊ ပေါ်လစ်သုတ်ခိုင်းရတယ်။
ဗီဒိုထဲမှာ ချုပ်ပြီးတဲ့လိုက်ကာတွေထည့်၊ အပေါ်မှာတော့ အိတ်တွေတင်လိုက်ပါတယ်။

စက်ချုပ်ခန်းလေးလဲ ရှင်းလင်းသွားပါပြီ။
နှစ်ယောက်ထိုင် ထိုင်ခုံလေး၁လုံးတောင် အထဲမှာထားလို့ရသွားတယ်။ ဖျာတစ်ချပ် လွတ်လွတ်ကင်းကင်းချထားဖို့ နေရာလွတ်လေးလဲ လုံလုံလောက်လောက်ရှိတယ်။ ဒီစက်ချုပ်ခန်းမှာ အကြိုက်ဆုံးကတော့ ကြမ်းခင်းက သစ်သားကြမ်းခင်း ဖြစ်သွားတာပဲ။
မီးဖိုချောင်ကြမ်းခင်းက သစ်သားမဟုတ်တော့ ကျန်းမာရေးအတွက် မကောင်းဘူးလေ။
ပြီးတော့ ဆေးရောင် ကြည်ကြည်ဖျော့ဖျော့လေးသုတ်တယ်၊ ၂ပေ မီးချောင်းတစ်ချောင်းတပ်တယ်။
ကျန်တဲ့ အသေးစား ပြင်ဆင်မှုလေးတွေ ထပ်ဖြည့်လိုက်တဲ့အခါ နေချင့်စဖွယ် စက်ချုပ်ခန်းလေးဖြစ်သွားတော့တာပေါ့....
------------------------------------------------------------------
အမေကြီးတစ်ယောက် စက်ချုပ်ခန်းလေးကို သဘောကျမှကျ။
ဒီစက်ချုပ်ခန်းလေးထဲကို အမေကြီး ဝင်သွားတယ်။
ပြန်ထွက်လာတော့ အိပ်ခန်းတိုင်းအတွက် ချည်(ဇာ)အပွင့်လှလှတွေနဲ့ ခြင်ထောင်တွေ ပါလာတယ်။
“ကဲ မထူးဆန်းဘူးလား”... ဟဲဟဲ စတာ။:P
(ကျနော်အကြိုက်ဆုံး အမေကြီးရဲ့လက်ရာကတော့ ခြင်ထောင်ပါ။)

လိုက်ကာလှလှတွေကော... “သူပဲလေ”
ခန်းဆီးတွေလဲ... “သူပါပဲ”
အိပ်ရာခင်း၊ ခေါင်းအုံးစွပ်... ဒါတွေလဲ “သူ သူ သူပဲ”
နောက်ပြီး ညှပ်ရင်း ညှပ်ရင်းနဲ့ သေးလွန်းသွားတဲ့ ပိတ်စလေးတွေကိုတော့ စားပွဲတွေ ခုံတွေ ဖုန်သုတ်ဖို့ အဝတ်တံမြက်စည်းလေးတွေ၊ ခြေသုတ်ဝတ်တွေ စတဲ့ စတဲ့ အမျိုးမျိုးသော အိမ်အသုံးအဆောင်တွေအပြင်...
ဖျာတွေတောင် ကတ္တီပါစတွေနဲ့အကွပ်လေးတွေ ကွပ်ပစ်လိုက်တဲ့ သူဆိုတဲ့သူဟာ သားရဲ့ချစ်မေမေပါပဲ။

အိမ်အတွက်ပဲလားဆိုတော့ မဟုတ်သေးဘူး။
ဝယ်ထားတဲ့ဖြတ်စတွေကို...
လိုက်ကာတွေ၊ စောင်တွေ၊
ကလေးဝတ် အင်္ကျီ၊ ဂါဝန်၊ ဘောင်းဘီနဲ့ စကတ်တွေ၊
ခြေသုတ်ဝတ်၊ အဝတ်တံမြက်စည်း၊ ပိတ်စနဲ့ကျစ်တဲ့ကြိုးတွေ လုပ်ပြီး ပေးသင့်တာပေး လှူသင့်တာလှူလုပ်သေးတယ်။
------------------------------------------------------------------
ပြောပြရအုံမယ်...
ဖြတ်စတွေနဲ့ချုပ်ထားတဲ့ စောင်တွေ၊ လိုက်ကာတွေဆိုတာက အဲဒိဖြတ်စတွေကို ပုံစံလှလှလေးတွေပေါ်အောင် လေးထောင့်တွေ၊ အဝိုင်းတွေ၊ အချွှန်လေးတွေညှပ်ပြီး ချုပ်ရတာပါ။
တနေ့တနေ့ အဲဒိပိတ်စလေးတွေကို ညှပ်လိုက် တွဲလိုက်နဲ့ ချုပ်လုပ်နေတာ ဘေးကနေ လက်ဖက်စားရင်းကြည့်နေတဲ့ ကျနော်တောင် ဇက်ကြောတွေတက်ချင်လာတယ်။
ဒါပေမယ့် အမေကြီးကတော့ မျက်စိလဲကောင်း၊ တစ်ခါမှ ဇက်ကြောတက်တယ်လို့ ပြောသံတောင် မကြားမိဘူး။
အခုအချိန်အထိ မျက်မှန်တပ်စရာမလိုဘဲ အပ်ပေါက်ထဲ ချည်ထိုးနိုင်သေးတယ်။
အင်း ကုသိုလ်ထူးပ...

နှစ်ဖက်ဆွေမျိုးတွေက ဟင်္သာတ၊ ပုသိမ်နဲ့ ရှမ်းပြည်ညောင်ရွှေဘက်တွေမှာ ရှိတယ်။
အဲဒိတွေကိုအလည်သွားတဲ့အခါ အသိမိတ်ဆွေတွေနဲ့ ဆင်းဆင်းရဲရဲရှိတဲ့ ဆွေမျိုးတွေအတွက် ယူသွားတဲ့ လက်ဆောင်တွေကတော့ စားစရာနဲ့ တခြားပစ္စည်းလေးတွေအပြင် သူ့လက်ဖြစ်ကလေးတွေပေါ့ဗျာ။

ဆင်းရဲနွမ်းပါးတဲ့သူတွေအတွက် ဖြတ်စတွေကို စိတ်တိုင်းကျ လက်စွမ်းပြထားတဲ့...
စောင်အပါး၊ ဂွမ်းကတ်အဟောင်းတွေ ထည့်ထားတဲ့စောင်အထူတွေ၊
နောက်ပြီး အရမ်းသေးလွန်းသွားတဲ့ ဖြတ်စလေးတွေကို ကြိုးကျစ်ပြီး နွားတွေအတွက် နဖားကြိုးလုပ်ဖို့ ပေးတတ်သေးတယ်။
ဘုန်းကြီးကျောင်းတွေအတွက် တခြားပစ္စည်းတွေ လှုတဲ့အပြင်၊ သူ့လက်ရာ ခြေသုတ်ဝတ်တွေ၊ လိုက်ကာလှလှတွေလဲ လှူတယ်။
ကလေးတွေအတွက်ကတော့ ဖြတ်စတွေကို ချုပ်ထားတဲ့ အင်္ကျီလှလှတွေ၊ ဂါဝန်လေးတွေ၊ စကတ်တွေ ဘောင်းဘီတွေကို လက်ဆောင်ပေးတယ်။

ကဲ... ဒီလောက်ဆို အမေကြီးတစ်ယောက် ပျော်တပြုံးပြုံးနဲ့ စက်ချုပ်ခန်းထဲမှာ ဘယ်လောက်တောင် ချုပ်လုပ်နေမလဲဆိုတာ မြင်ကြည့်ပေတော့ဗျို့...
ဒါကြောင့် ကျနော်က အမေကြီးရဲ့ စက်ချုပ်ခန်းလေးကို သန့်ရှင်းသပ်ရပ်နေအောင် အမှိုက်ရှင်း၊ လန်းလန်းဆန်းဆန်းနဲ့ လေကောင်းလေသန့်ရအောင် အပင်လေးတွေ ထားတန်တာထား လုပ်ပေးရတာပါ။


မိဘတွေ သက်ရှိထင်ရှားရှိနေစဉ်မှာ သူတို့လိုအပ်တာတွေကို ကိုယ်ပေးနိုင်သမျှအကုန်ပေးပြီး ဂရုတစိုက်နဲ့ စိတ်ချမ်းသာအောင် ထားချင်တယ်...
မိဘနဲ့ပတ်သတ်လာတိုင်း အမြဲဦးစားပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်...

သောကဝေဒနာတွေနဲ့ မညီတဲ့လမ်းတွေ လျှောက်နေချိန်မှာ..
အမေရေ.....
ရွှေပြည်တော်က အိပ်ရာဝင်တေးတွေနဲ့ မျှော်တိုင်းဝေးမှာ တွေးကြောက်ရင်း
ဒီအိမ်ဝေးတဲ့..နေရာကနေ...
အမေ့ကို လွမ်းတယ်..

သားရဲ့လက်ရာ အမေ့ရဲ့စက်ချုပ်ခန်းလေး ဒီမှာ...
ပြီးပါပြီ။
------------------------------------------------------------------
♫♫..♫♫..ဒီပင်လယ်ကြီးရဲ့ ဟိုးတဖက်ကမ်း ငါလှမ်းရင်း မှန်းမျှော်ဆဲ

အဖြူရောင်ခြယ်တဲ့ နှလုံးသားများ
ဘယ်မှာရှာလို့တွေ့လိမ့်မလဲ...

အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ သယ်ဆောင်ရာ ခရီးဆက်ဆဲ
အိပ်မပျော်နိုင်တဲ့ ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ...

ဒီရင်ကို ချည်သောကြိုးတင်းခဲ့ ငါအိမ်ပြန်မရောက်နိုင်သူ..♫♫..♫♫


bonus : အိမ်လွမ်းသူ (ဝိုင်ဝိုင်း)

Wednesday, August 11, 2010

“ငွေဝယ်ကျွန်တဲ့လား”

"ပညာတော်သင် သီးသန့် သွားတာ မဟုတ်ပဲ တခြားမှာ အလုပ်နဲ့ သွားသမျှ ငွေလိုချင်လို့ မဟုတ်လား... ဒါဆို 'ငွေဝယ်ကျွန်' ပဲ..."
အဖြေ = “မှားးးးတယ်”၊ “သိပ်ကို မှားတယ်”၊ “အရမ်းကို မှားတယ်”၊ “အကြီးကြီးမှားတယ်”။

ငါတို့ လိုချင်တာ၊ လိုအပ်တာ ငွေ၁ခုတည်းလို့ထင်နေလား???

“ပညာတော်သင် သီးသန့်သွားတယ်”ဆိုပါလား...

ကဲ ဒီခေါင်းစဉ်အောက်မှာပဲ ဆွေးနွေးကြရအောင်...

အဲဒိ ပညာတွေသင်ပြီး၊ ငွေဝယ်ကျွန်မလုပ်ပဲ (အထက်မှာ ပြောသလို(ကျွန်တော်ပြောတာမဟုတ်)) မြန်မာပြည်ပြန်မယ်ဗျာ...

သင်ယူခဲ့တဲ့ ပညာတွေကို...
--- ဘယ်နေရာတွေမှာ သွားပြီး အသုံးချရမလဲ?
(ထားပါတော့... နိုင်ငံတကာ အဆင့်မှီတံတားကြီး ၁စင်းဆောက်ကြပါစို့)
--- ဒီတံတားကြီးကို နိုင်ငံတကာအဆင့်မှီ ဆောက်ခွင့်ပြုမယ်ထင်သလား?
--- ကိုယ်လုပ်ရမဲ့ အလုပ်တာဝန်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နိုင်မယ်လို့ ထင်သလား?
--- တတ်မြောက်ထားတဲ့ ပညာတွေကို စနစ်တကျ အသုံးချခွင့်ရှိမယ်ထင်သလား?
ဆိုတဲ့ လားပေါင်းများစွာနဲ့ အဓိပ္ပာယ်မရှိတဲ့ တားမြစ်ချက်တွေ ပိတ်ဆို့မှုတွေနဲ့...

ကဲ အဲဒိ ပညာတော်သင်ကြီး ဘာတွေလုပ်နေရလိမ့်မယ် ထင်သလဲ...
တကယ့်ပညာရှင်တစ်ယောက်ဟာ ဒီလိုနေရာမျိုးမှာ အရည်အချင်းတွေ ချပြခွင့် မရနိုင်ဘူး။

ပညာကို တန်ဖိုးထားတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့လူတွေအတွက် ဘယ်လိုနေရာမျိုးဟာ မနေသင့်တဲ့ အရပ်လဲ???

နှစ်ပေါင်းမြောက်များစွာ အရည်အချင်းမပြည့်မှီတဲ့ ပညာရေးကို အစစအရာရာ ချို့တဲ့စွာသင်ကြားလာခဲ့ရသူတွေဟာ ဒီလိုနေရာဒေသမျိုးမှာ မိမိတို့ရဲ့စိတ်ဓာတ်ကို မနည်းကို တည့်မတ်ပြီး ထိန်းကျောင်းလာခဲ့ရတာပါ။

မြန်မာပြည်ထဲမှာ... ကျန်ရှိနေသေးတဲ့၊ ပညာကို တကယ်လိုလားတဲ့၊ အခွင့်အလမ်းတွေမရှိသေးတဲ့ လူငယ်တွေ စိတ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လောက်တောင် ထိရှနေကြပြီလဲ။

ဘယ်နှယောက်တောင့်ခံထားနိုင်သေးလဲ?
ဘယ်နှယောက်ကတော့ ဖြစ်သလို ရေစုံမျောလိုက်ပြီလဲ (သို့) မိုးခါးရေသောက်လိုက်ကြပြီလဲ?

ဒီလို အခြေအနေတွေထဲမှာ ကြီးပြင်းလာတဲ့ ပညာကို တကယ်လိုလားသူတွေ...
ပညာတော်သင်အခွင့်အလမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊
ဒါမှမဟုတ်...
တတ်ထားသမျှ ပညာကို အသုံးချခွင့်ရနိုင်မယ့်၊ ထိုက်သင့်တဲ့ (ဒီမှာ မိဘကိုလုပ်ကျွေးဖို့လောက်ပဲ ထားပါ) လခရနိုင်တဲ့ လုပ်ငန်းခွင်မျိုးမှာ အလုပ်လုပ်ဖို့အခွင့်အရေးရလာပြီဆိုပါစို့...

အဲဒိလူငယ်ဘယ်လိုဆုံးဖြတ်မလဲ?
၁)နိုင်ငံအတွင်းမှာပဲ စိတ်တွေနာကျင်ထိခိုက်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ စိတ်ဒဏ်ရာတွေနဲ့နေမလား...
၂)ကိုယ့်ကျင့်တရားကို အပျက်စီးခံပြီး မိုးခါးရေသောက်မလား...
၃)အဲဒိ အခွင့်အလမ်းကိုပဲ လက်ခံပြီး မိဘကျေးဇူးကို (မသေခင်လေး) ဆပ်ချင်လား၊ အနာဂတ်အတွက် စတင်တည်ဆောက်မလား...
ကဲ ဆုံးဖြတ်ပေးပါအုံး!!!

နံပါတ်(၃)အချက်ကို လက်ခံလိုက်ပြီဆိုပါစို့...
--- ကံအကြောင်းမလှလို့ ဒီလူငယ်ဟာ အလုပ်သမားတစ်ယောက် ရပိုင်ခွင့်တွေကို မတရားချိုးနှိမ်တဲ့ နေရာမှာ လုပ်နေရမှာမျိုး ဖြစ်နိုင်ပါတယ်...
--- အဆင့်မမှီတဲ့ ပညာရေးကြောင့် အရည်အချင်းမပြည့်မှီခဲ့လို့ တာဝန်ဝတ္တရားတွေကို ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်တဲ့အတွက် စိတ်ဓာတ်ကျနေတာမျိုးလဲ ဖြစ်နိုင်သေးတယ်...
--- english မကောင်းလို့ အများသူငှာနဲ့ ဆက်ဆံတဲ့ နေရာတွေမှာ နားလည်မှုလွဲနေလို့၊ အထင်သေးခံနေရတာမျိုးတွေ ရှိနေလား...
--- အထက်က အချက်တွေက အရမ်းဆိုးဝါးနေတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်က စိတ်ဓာတ်ပျော့ညံ့၊ ဆတ်ဆတ်ထိမခံတာကြောင့်လား...

အဲဒိ အခက်အခဲတွေအတွက်တော့ ကျွန်တော် ခံယူထားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံတွေနဲ့ပြောရရင်...
ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ လိုနေလဲ...
လိုတာအကုန်ဖြည့်... ဒါပဲ။(စိတ်ပိုင်းဆိုင်ရာ ရောပေါ့)

ကံအရမ်းကောင်းနေချိန် မိမိလိုချင်တဲ့ high-salary-positionအတွက် offerရတယ်ဆိုပါစို့...
(interviewerဟာ အချိန်ပိုင်းလေးအတွင်းမှာသာ လူတစ်ယောက်ရဲ့ အရည်အချင်းကို ခန့်မှန်းရတာပါ။)
တစ်လ ၃၀၀၀လောက် ရနိုင်တဲ့ အလုပ်သမားဟာ တစ်လကို လခ၅၀၀၀ရတဲ့(ဒီမှာ ကျန်တဲ့ အလုပ်သမားအခွင့်အရေးတွေကိုလဲ ရနိုင်တဲ့)အလုပ်မျိုးမှာလုပ်နေရလဲ အလုပ်မှာ အရည်အချင်းမပြည့်မှီရင် လခများများနဲ့ အခွင့်အရေးတွေ မဆုံးရှုံးရပေမဲ့ သူဟာ စိတ်ဖိစီးမှုတွေ ရနေမှာပါ...
ဒီလိုဆို... အလုပ်ပြောင်းချင်ပြောင်း၊ (သို့) မပြောင်းဘူးဆိုရင်.. အချိန်ကျလာလို့ မိမိအရည်အချင်းပြရတော့မယ်တဲ့အခါ အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားပေတော့။
၅၀၀၀ပေးထားရင်တော့ ၅၀၀၀နဲ့တန်တဲ့ အရည်အချင်းတော့ရှိမှဖြစ်မှာ...
လခများပေမဲ့ responsibilities သိပ်မများတဲ့၊ တာဝန်အရမ်းမကြီးတဲ့ အလုပ်တွေလဲ ရှိကောင်းရှိနိုင်ပါတယ်။
(ဒီလိုဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ)

အကောင်းဆုံးကတော့...
မိမိကိုယ်ကို မလိမ်ညာပဲ၊ အမှန်အတိုင်းမြင်၊
ပြီးရင် လိုတဲ့အရည်အချင်းတွေကို ဖြည့်ပေတော့...
(ကိုယ်လိုချင်သလောက်လေ... supervisor လောက်ဖြစ်ချင်ရင် supervisor လောက်အရည်အချင်းရှိအောင်ကြိုးစား၊ manager ဖြစ်ချင်ရင်လဲ ဒီလိုပဲပေါ့...)
နောက်တခုက လစာ - အဲဒါကတော့ အင်မတန် ရှင်းပါတယ်။ ကိုယ်ရတာ တန်တယ်ထင်ရင်ဆက်လုပ်၊ ကိုယ်က Over qualified ဖြစ်နေလို့ မတန်ဘူးထင်ရင် တူတူတန်တန် ပေးနိုင်တဲ့ ကုမ္ပဏီရှာ...ဒါပါပဲ။

ကိုယ့်မှာ...
---အရည်အချင်းမရှိလို့၊
---ရှိအောင်လဲ မကြိုးစားလို့၊
--- ကြိုးစာရဲ့သားနဲ့ ကံမကောင်းသေးလို့ (ဒါကတော့ ကိုယ့်ပြုခဲ့သမျှလေ၊ ဒီလိုဆိုလဲ ကောင်းတာများများလုပ်ပြီး မကောင်းတဲ့ကံတွေ လျော့နည်းအောင် ကြိုးစားနိုင်ပါသေးတယ်)
သူများတွေလောက် ကိုယ်မဖြစ်နိုင်သေးရင်လဲ အောင်မြင်နေတဲ့ လူတွေကို ရန်လိုနေမဲ့အစား မုဒိတာပွားပြီး ကိုယ့်မှာလိုတာလေးကို ဖြည့်ပေါ့ဗျာ။

ပညာတော်သင်သီးသန့်သွားခဲ့တဲ့သူ ငွေဝယ်ကျွန်အဖြစ်မခံပဲ မြန်မာပြည်ပြန်ပြီး ဘာတွေလုပ်မလဲ စိတ်ဝင်စားလို့ပါ။

လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ့်ကျင့်တရားပါ။

အစ်မချစ်ကြည်ရဲ့ ပို့စ် "ဘာဖြစ်ချင်တာလဲ"နဲ့ ပတ်သတ်တဲ့ ကွန်မန့်၁ခုကို (မိမိသိသလောက်) ပြန်လည်ဖြေရှင်းခဲ့မိတာလေး အမှတ်တရသိမ်းထားလိုက်တာ...


ချစ်ကြည်အေး: ဘာဖြစ်ချင်တာလဲ...

နောက်ဆက်တွဲပါ...
"ငါေ၇းထားတာ နိုင်ငံခြားကို သွားသူတွေထဲမှာ ပညာသွားသင်သူလား ၊ ပိုက်ဆံအတွက် အလုပ်သွားလုပ်သူလား ကို ပြောထားတာ..."
ကဲပါဗျာ... အေးဆေးပေါ့...
ကျွန်တော်ပြောခဲ့သလိုပဲ... ကိစ္စက နက်နဲလေ အတိုးချုံးပြောဖို့ခက်ခဲလေပါပဲ...
ဒါတောင်မှ ကျွန်တော်အများကြီး ရှင်းပြခဲ့တာပါ...
(နောက်တစ်ခါ ထပ်ပြောချင်စိတ် မရှိတော့မှာစိုးလို့)

တကယ်က အဲဒိကိစ္စကိုပဲ အဓိကထားပြီး ရှင်းပေးခဲ့တာ...
ပညာတော်သင်သပ်သပ်သွားတဲ့လူလဲ ဒီပညာတွေအသုံးချရအုံးမယ်လေ...
ဒါကြောင့် နောက်ဆုံးကျ ကိုယ်တတ်ထားတဲ့ ပညာတွေကို အသုံးချဖို့ ကိုယ်ကျင့်တရား ပျက်စရာမလိုတဲ့ အလုပ်၁ခုကို ရွေးချယ်ရမှာ...

ဒီလိုဆိုရင် ပညာတော်သင်အတွက်ပဲ နိုင်ငံခြားထွက်လာလာ၊ ငွေရှာဖို့ပဲ ထွက်လာလာ ကိုယ်တတ်ထားတဲ့ပညာတွေ အသုံးချဖို့ အလုပ်လုပ်ရမယ်...
ကဲ နောက်ဆုံးတော့ တူညီတဲ့ ခေါင်းစဉ်၁ခုအောက်ရောက်သွားတာပါပဲ...
ဒါကြောင့်လဲ ကျွန်တော်က အဲဒိအလုပ်အကြောင်းနဲ့ပဲ အဆုံးသတ်ပေးခဲ့တာပါ...

ဒီအတိုင်း အလုပ်ရှာဖို့သပ်သပ်၊ ငွေရှာဖို့သပ်သပ်(ခင်ဗျားပြောသလို) လာခဲ့လဲ ဘာဖြစ်သေးလဲ...
သူ့ရဲ့ လာရခြင်းရည်ရွယ်ချက်သာလျှင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ...

အခွင့်အလမ်းတွေ ပိတ်ဆို့နေတဲ့ ဒီလိုနိုင်ငံမျိုးမှာ... အရွယ်ရောက်နေတဲ့ လူတစ်ယောက် (မိဘက ကိုယ့်ကို လိုအပ်နေတဲ့အချိန်မျိုးဖြစ်နေပြီ) မိဘတွေ မသေခင်လေး တတ်နိုင်သလောက် ထောက်ပံ့ဖို့ လာပြီးငွေရှာတယ်ဗျာ...
အနာဂတ်အတွက် စတင်တည်ဆောက်ချင်လို့၊ မိုးခါးရေ မသောက်ချင်လို့ လာတယ်ဗျာ...
အဲဒါ ဘာဖြစ်တုန်း...

နိုင်ငံခြားကို ပညာတော်သင်နဲ့မဟုတ်ပဲ ဒီအတိုင်းအလုပ်လာရှာ၊ ပြီးရင် ကိုယ့်မှာ အရည်အချင်းရှိသလောက် (များသောအားဖြင့်တော့ တကယ်အရည်အချင်းရှိမယ်ဆိုရင် အချိန်တန်တဲ့အခါ) ထိုက်တန်တဲ့ အလုပ်၁နေရာရကြပါတယ်...

ကျွန်တော်သိတဲ့ တစ်ချို့ဆိုရင် အခြေအနေအကြောင်းကြောင်းကြောင့် ပညာတော်သင်နဲ့ မလာရပေမဲ့ တကယ်အရည်အချင်းရှိတော့ ချပြခွင့်ရ၊ ထိုက်တန်တဲ့ အလုပ်တွေရနေတာ...ပညာတော်သင်နဲ့လာခဲ့တဲ့ လူထက်တောင်မှ နေရာကောင်းရနေသေး...

ကဲ အဲဒိလိုလူမျိုးကလဲ သူ့မှာ လုပ်သက်အတွေ့အကြုံနဲ့ further studyအတွက် လိုအပ်မယ်ဆိုလဲ တက်ဖို့အခွင့်အလမ်းရှိသေးတယ်...
ဒါဆိုရင် ပညာတော်သင်ဘဝတောင်ရနိုင်သေး (ခင်ဗျား အထင်တကြီးနဲ့ အော်နေတဲ့ ဘဝ)...
မတက်ဖြစ်ရင်လဲ ဒါသူ့ရဲ့ဆုံးဖြတ်ချက်ပါ...တော်ကြာ အရည်အချင်းမပြည့်မှီဘူး ထင်နေအုံးမယ်...

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ပိုင်အရည်အချင်းကိုသာ တန်ဖိုးထားစမ်းပါ...
ဒီလောက်ဆို ရလောက်ပြီထင်တယ်...

အစ်မချစ်ကြည်ရဲ့ ချစ်ကြည်အေး: ဘာဖြစ်ချင်တာလဲ... ပို့စ်ရဲ့ ကွန့်မန့်တွေထဲက ကျွန်တော်ကြိုက်တာလေးတွေ ယူထားတယ်...

အစ်မသက်ဝေ said...
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ... လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်ကောင်း စေတနာကောင်းလေးထားပြီး (ကျွန်ခံနေရတယ်လို့ မြင်စရာ မလို) ကြည်လင်တဲ့ စိတ်ကလေးနဲ့ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ပါပဲ...

အစ်မ SHWE ZIN U said...
မရွှေစင် အလုပ်လုပ် တုန်းက နေမကောင်းလည်း သွား off ရက်လည်း အလုပ်စိတ်မချ ဆိုတော့ ကိုယ့်အားရက် တောင် ကိုယ် ကောင်းကောင်း မနေရအောင် ကျွန်စိတ် ရှိတယ်လို့ ပြောကြတယ် ဟုတ်ဘူး လို့ အဲဒါမှ ကိုယ့် အလုပ် လို သဘောထားတဲ့ သခင်စိတ်ပါလို့

Mr. Z said...
အမှန်ကတော့ ကျွန်ဖြစ်တယ် မဖြစ်တာဆိုတာထက် ကိုယ်ပိုင်ခံယူချက်မှာပေါ်မှာမူတည်ပါတယ် စိတ်မထားတတ်ရင်တော့ အားလုံးအပေါ်မှာ ရန်သူလို.သဘောထား အားလုံးကို မကောင်းတဲ့ အမြင် နဲ. မြင်ကြတယ်လို.ထင်မိပါတယ် အဲဒီ့လိုလူမျိုးဟာ အမေရိကားလို ဥရောပလို နိုင်ငံမျိုးရောက်သွားရင်လည်း ကြေနပ်နိုင်မဲ့လူစားမျိုးမဟုတ်ပါဘူး

ကျွန်လိုစိတ်ထားရှိတာ မရှိတာထက် ကိုယ်အတွက်ကောင်းမယ်ထင်တယ် ကိုယ့်ဘ၀တိုးတက်မယ်ထင်လို. နိုင်ငံခြားမှာ အလုပ်လုပ်နေကြတာပါ ကျွန်တော်ကိုယ်တိုင်လည်း မလုပ်နိုင်ဖူးထင်ရင် မတရားဖူးလို.ထင်ရင် အချိန်မရွေး မြန်မာပြည်ကိုပြန်သွားမှာပါ

နိုင်ငံခြားမှာလာလုပ်နေတဲ့သူတွေက ကိုယ်သဘောနဲ.ကိုယ်လုပ်နေကြတာဖြစ်ပြီး မတရားဖူးထင်ရင် ကိုယ့်ကိုကိုယ်ကျွန်လုပ်နေရတာလို. ထင်မိရင် မည်သူမဆိုလွတ်လပ်စွာပြန်နိုင်ကြပါတယ် ဘယ်သူ.မှတော့ ခယအောက်ကြို.ပြီး မပြန်ပါနဲ.လို.တားကြလိမ့်မယ်လို.မထင်ပါ

အစ်မချစ်ကြည်အေး said...
ဘာဆိုဘာမှ Transparency မရှိ၊ စည်းစံနစ်မရှိတဲ့ အနေအထား အဲလို အခြေအနေမျိုးမှာ ကိုယ်လိုချင်တာရဖို့ သွားဖြဲပြရ၊ ကျွေးမွေးရ ဒါမျိုးတွေနဲ့ ကင်းချင်တဲ့ ကျမ စရိုက်ကြောင့် မဖြစ်နိုင်တာ...

TZA said...
ကိုယ့်ကိုကိုယ် ပိုင်နေသရွေ့ သခင်လည်းကိုယ် ကျွန်လည်းကိုယ်ပဲ။

ကလူသစ် said...
မချစ်ကြည်အေးသူငယ်ချင်းအင်ဂျင်နီယာကို ပြောလိုက်ပါဗျာ။ မြန်မာပြည်ပြန်ပြီး အေးအေးလူလူ ကျွန်လိုမလုပ်ရပဲ (သူသတ်မှတ်ထားတဲ့ ကျွန်)နေနိုင်တယ်ဆိုရင်လဲ မြန်မြန်သာပြန်ပါလို့။ ပြန်နေလို့မဖြစ်ဘူး။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ရတယ်ဆိုရင်လဲ ဟိုတွေး ဒီတွေးနဲ့ ထပ်ပြီး ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခမပေးပါနဲ့လို့။

Monday, August 2, 2010

"ဘာလုပ်ရရင်ကောင်းမှာလဲ၊ စိတ်တွေရှုပ်ရင်း ရှင်းမရပါလား"

မောဟ = အမှန်ကို မသိမမြင်နိုင်ခြင်း။
ဒုက္ခ = ဆင်းရဲခြင်း။
နိဗ္ဗာန် = ငြိမ်းအေးခြင်းသဘော (ဉာဏ်ပညာ+လုံ့လ၊ ဝီရိယတို့ဖြင့်သာ ရနိုင်သောအရာ)

ဉာဏ်ပညာဖြင့် မောဟကို ပယ်သတ်၊ ဒုက္ခကို သိမြင်ပြီး လုံ့လ၊ ဝီရိယဖြင့် ကျင့်ကြံအားထုတ်မှသာ အေးငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ။

နိဗ္ဗာန်ဆိုတာ သေလွန်ပြီးမှသာ ရရှိခံစားနိုင်တဲ့အရာမဟုတ်ပါ။

ပြောနေကျတဲ့ လောကနိဗ္ဗာန်ဆိုတာကို နားလည်သဘောပေါက်မိတာက...
၁) ဒုက္ခကို ဒုက္ခလို့ ပညာဉာဏ်ဖြင့် သိမြင်၊
၂) အဲဒိလို သိမြင်လိုက်တဲ့ ဒုက္ခပေါ်မှာ လောဘ၊ ဒေါသ၊ မောဟတွေကင်းတဲ့ စိတ်ထားနိုင်တဲ့ တခဏဟာ၊ လောကနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ တခဏပါပဲ။
၃) ခဏတိုင်းကို ဆက်ကာဆက်ကာ သတိနဲ့နေရင်၊ လောကနိဗ္ဗာန်ကိုလဲ ဆက်ကာဆက်ကာ ရနေနိုင်ပါတယ်။
၎) အဲဒိကနေမှ မမြဲခြင်းတရားဖြစ်တဲ့ အနိစ္စသဘောကို သိမြင်လာနိုင်ပါလိမ့်မယ်။

စိတ်ကို သတိ၊ ဉာဏ်ပညာဖြင့် ထိန်းကွပ်ခြင်း(စောင့်ထိန်းခြင်း)ကို ဝိပဿနာ အလုပ်လို့ နားလည်ပါတယ်။
ဒါကြောင့်... အတိုချုံးပြောရရင်...
"နိဗ္ဗာန်ကို မျက်မှောင်ပြုနိုင်ဖို့ ဝိပဿနာအလုပ်လုပ်ရပါမယ်"

(ဒုက္ခကို မြင်မိလိုက်တဲ့တခဏ ရေးမှတ်ထားချင်စိတ်လေးပေါ်လာတာနဲ့၊ ရေးဖြစ်သွားတာပါ။)

"သည်းခံခြင်းသည် အောင်မြင်ခြင်း"ဆိုတာကို သေချာနားမလည်ခဲ့တုန်းက အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း မခံစားမိခဲ့ဘူး။
အခုတော့ သတိကပ်မိတိုင်း၊ လောဘ၊ ဒေါသ၊ မောဟတွေဖြစ်နေတဲ့စိတ်ကို ထိန်းကွပ်ဖို့၊ အများဆုံးအသုံးပြုဖြစ်နေတဲ့ စိတ်ခွန်အားတွေပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးတည့်နေခဲ့ပြီ။

လိုအပ်တာထက် ပိုချင်တဲ့ ဆန္ဒတွေကြောင့် ဖြစ်လာတဲ့
--- အိပ်ချင်တဲ့စိတ်ကို သည်းခံ၊
--- စားချင်တဲ့စိတ်ကို သည်းခံ၊
--- သွားချင်တာ၊ နေချင်တာ၊ ...ချင်တာ၊ ...ချင်တာ...တွေကို သည်းခံနိုင်မှ
လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာတွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

စာရေးနေရင်းနဲ့တင်ပဲ စိတ်တွေ ခဏခဏလွတ်နေပြန်တယ်...
အဲဒိလွတ်သွားတဲ့ စိတ်ထဲ ဝင်သွားတဲ့ အတွေးကတော့ "ဘဝရှုပ်ရင် အတွေးတွေရှုပ်မယ်"
အရှုပ်တွေထဲမှာ ရှင်းအောင်နေဖို့ "ရိုးရှင်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့"