Wednesday, September 29, 2010

အရေးပေါ်

( ဒီဘလော့ဂ်မှ ယူပါသည်)
ရေးသားသူ - သီတဂူစတား
Monday, September 27, 2010

လျပ်တပျက်
၂၇-၉-၂၀၁၀ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပျက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀၀ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃၀ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်စဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင် လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့ ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တကယ်တော့ ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင် မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည် ထိုင်ဝမ်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုပ်တွေအား စည်းရုံးကာ အလှူခံသည်။ ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀၀ ကျော်တို့အား ကွန်ပြူတာ အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့ ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး အ၀တ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့ ပို့ထားသည်ဟို သိရသည်။ ထိုအထဲအတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့် သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင် ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ၀တ်စရာ၊ ဆပ်ပြာ စသော အသုံးအဆောင်က အစ ကိုယ့်ဘာသာ ၀ယ်ယူရကြောင်း၊ အလုပ်ကြမ်းများ လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင် ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ ၀က်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘ၀အကြောင်းကို အင်တာနတ်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁၀ လပိုင်းဆိုရင် ကလေးတွေရဲ့ သီဟိုဠ်ဘ၀သည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားထားပါသော်လည်း တုန့်ပြန်မှုကား ရောက်မလာသေးဟု သိရပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့် သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင် သူကယ်မယ်ဟု သံအမတ်ကြီးအား အားမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁၀ နေ့က တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သက်မှတ်ကာ သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန် အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄ ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊ ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊ မျိုးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့် လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။ နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊ သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏ မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။ ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ယနေ့ ဒေါက်တာပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင် ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ အောက်တိုဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက် စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ သတင်းပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား
၂၈-၉-၂၀၁၀

Sitagu Sayadaw, Shin Nyanisara's Dhamma Talk (3rd October, 2010 Sunday- 7:30 to 9:00 pm)



Dear All Dhamma Brothers & Sisters,

We would like to inform you that Sitagu Sayadaw, Shin Nyanisara's Dhamma Talk will be held in Singapore as per following programme.

All of you are warmly invited.

Location: Informatic Campus ( near Jurong East MRT)

Date & Time: 3rd October, 2010 Sunday- 7:30 to 9:00 pm


Kindly forward this message.

With Metta,

Sitagu Dhamma Service Group

Monday, September 20, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အလယ်

အချစ်ဆိုတာ...
ပေးဆပ်ခြင်းလား?
ရယူခြင်းလား?
စွန့်လွှတ်ခြင်းလား?
ခံစားနားလည်မိတဲ့ အချစ်ကို ပြောရရင်...
အချစ်ဆိုတာ ချစ်ခြင်းသပ်သပ်ရယ်ပါ၊ ကျန်တာတွေ ၁ခုမှ မဟုတ်ဘူး။
အချစ်ရဲ့ခေါ်ဆောင်ရာနောက်ကို ယုံကြည်စွာ လိုက်ပါစီးမျောရင်း ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်။

...................................L..O..V..E.......................................

အဲဒိညကပေါ့...
မနက်ဖြန်အရေးတွေးရင်း
စိတ်မောလူမော ဖြစ်နေခဲ့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးလားလို့တော့ ရက်ရက်စက်စက် မမေးကြပါနဲ့။
နှလုံးသားနှစ်ခုရဲ့ ရင်ခုန်သံတွေ စည်းချက်ညီကြဖို့ ဘယ်ဖော်မြူလာသုံးပြီး တွက်ချက်ရမှာလဲ?
စစ်ပွဲတစ်ရာ နွှဲလိုက်ချင်တယ်၊ အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုတာ ကြားဖူးကြမှာပါ။

မနက်ဖြန်ပေါင်းများစွာအတွက် ပထမဆုံးသော ခြေလှမ်းကို စတင်တော့မှာ။
ပိုင်ဆိုင်ချင်လွန်းတဲ့ စိတ်ကြောင့် ပူပန်ကြောင့်ကြမှုတွေလဲ ခံစားနေရတယ်။

သူငယ်ချင်းက သူသိသမျှ သတင်းစုံ အကုန်ပေးရှာတယ်။
အဲဒိသတင်းတွေကနေ အကောင်းဆုံးဖြစ်မယ့် planကိုလဲ ချထားခဲ့ပြီးသား။
ဒါပေမယ့် တွေးလိုက်တိုင်း မင်းအကြောင်းဖြစ်နေတော့ လိုချင်တပ်မက်စိတ်က တိုးလို့သာနေတော့တယ်။

ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်သာ အိပ်စက်ခွင့်ကို ရနိုင်ခဲ့တာ။
အိပ်မက်တွေထဲမှာတော့ မင်းက စိုးမိုးနေတုန်းပဲ။
အဲဒိညကပေါ့...

.................................L..O..V..E.....................................

♫..အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ...♫


“သိပ်ကို ခမ်းနားကြီးကျယ်တဲ့ တန်ခိုးရှင်ဟာ အချစ်ပဲ”
ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်နေသူဖြစ်ပါစေ...
အချစ်က သိမ်မွေ့နူးညံ့သွားအောင် လုပ်နိုင်တယ်။
သတ္တိကြောင်တတ်သူတွေ...
အချစ်ကပေးတဲ့ အားအင်တွေကြောင့် ရဲရင့်ပြတ်သားလာလိမ့်မယ်။
ယုံကြည်စိတ်ချ နေပြန်တော့လဲ...
အချစ်က မဝံ့မရဲစိတ်တွေ သွင်းပေးတတ်ပြန်ရော။
သိပ်ကို အတ္တကြီးတတ်သူလား?
အချစ်ကပဲ စာနာစိတ်တွေ မွေးဖွားပေးလိမ့်မယ်။
ပြောလို့မကုန်နိုင်တဲ့ အချစ်ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးတွေပါပဲ။


“ရန်သူမျိုးငါးပါးရဲ့လက်က လွတ်မြောက်နေတာ အချစ်ပဲ”
နှလုံးသားတစ်ခုတည်းက မွေးဖွားပေးလိုက်တဲ့ အချစ်သာ အစစ်မှန်ဆုံး ချစ်ခြင်းပါ။
ဒါကြောင့် ဖန်တီးလို့မရသလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
သိစိတ်(ဦးနှောက်)နဲ့ တားမြစ်ထိန်းချုပ်နေရင်တောင် မသိစိတ်(နှလုံးသား)က အချစ်ကို သတိရနေလိမ့်မယ်။
အဲဒိလောက်ကို လွတ်မြောက်ပြီး၊ သူ့သဘော သူဆောင်နေတာ..အချစ်ပါ။


“ကြိုတင်ကာကွယ်လို့ မရနိုင်တဲ့ ရောဂါဟာ အချစ်ပဲ”
ဘာကိုမှ ကြိုတင် မပြင်ဆင်နဲ့။
ရှောင်တိမ်းဖို့ ကြိုးစားလဲ အပိုပဲ။
အချစ်ကို မပိုင်ဆိုင်ရလို့ ပြောင်းလဲပစ်ဖို့ ကြိုးစားအုံးမှာလား?
လုံးဝမဖြစ်နိုင်ဘူး။

.................................L..O..V..E.....................................

သူလေး
မကြာတော့မဲ့ အချိန်လေးအတွင်းမှာ...
ဒီliftကနေ ဆင်းလာတော့မယ်။
အမြဲလိုလို နောက်ကျတတ်တဲ့ငါ။
ဒီတစ်ခါတော့ ဝီရိယကို ရှေ့တန်းတင်၊ ၂၅မိနစ်ကြီးများတောင် စောရောက်နေခဲ့တာ။

“သင်တန်းက ဒီနေ့ ဒီအချိန် သေချာရဲ့လား?
လာစောင့်ကြည့်နေတာဖြင့် ၁လတောင် ပြည့်တော့မယ့်ဟာ။
sat 9am-11am, အခု sat 1035am.. အိုကေ။
ဒီနေ့လာမှ လာပါ့မလား?
မနေ့ညက သူငယ်ချင်းဖုန်းဆက်မေးပေးတာတော့ လာမယ်တဲ့။
မနက်ကျမှ ကိစ္စပေါ်လာလို့ မလာဖြစ်တာရော?
ခုနက ငါပဲ ဂဂျီဂဂျောင်ကျလို့ ဟိုကောင် အိပ်ချင်မူးတူးနဲ့ SMSပို့ပေးထားတာ now in classတဲ့ဟာကို။
ဒီကောင် အိပ်ချင်မူးတူးနဲ့ လူမှားပို့ရင်ကော?
ဒီလိုမေးလို့ အဆဲတောင်ခံခဲ့ရပြီးပြီပဲ၊ ဟုတ်မှာပါ။
သင်တန်းက စောစောဆင်းတာရော ဖြစ်နိုင်လား?
?.?.?.?..”

“ကိုယ်လဲ အကောင်ဆုံးလုပ်ခဲ့ပြီးပြီ။
ဘာမှ မစဉ်းစားနဲ့၊ အလကား စိတ်ပင်ပန်းတယ်။”
ဒီလိုတွေးချလိုက်တော့မှ နည်းနည်းစိတ်သက်သာရာရသွားတယ်။
အင်း ချစ်ဒုက္ခတွေ၊ ချစ်ဒုက္ခတွေ...

သင်တန်းရှိရာ ၁၂ထပ်အထိ တက်သွားရင်ကောင်းမလား?
မဖြစ်သေးဘူး။
တော်ကြာ ဘာလာလုပ်တာလဲ မေးရင် ဖြေရခက်လိမ့်မယ်။
မူလ အစီအစဉ်က အမှတ်တမဲ့ လမ်းကြုံရင်း တွေ့ကြရမှာလေ...
ဖုန်းနံပါတ်ကို သူငယ်ချင်းဆီက တောင်းလို့ရတာမျိုးလဲ မဖြစ်ချင်တော့...

♫...လာပါတော့ ခါခါမော့ ကိုကိုကျော့ မျှော်တဲ့ ၁၁နာရီ ထိုးတော့ ထိုးတော့
ထိုးပါတော့ဗျို့...♫

.................................L..O..V..E.....................................

ကုန်အောင်ပြောမယ်ကွာ...
အချစ်ကို အချစ်ကလွဲလို့ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။
အချစ်အတွက် အချစ်ပဲလိုတယ်။
တူညီတဲ့ တုန့်ပြန်မှုတွေနဲ့ အပြန်အလှန် ချစ်ခြင်းဖြင့်သာ အချစ်ကို ပြီးပြည့်စုံနိုင်လိမ့်မယ်။
အဲဒါ အချစ်ပဲ။
သိပ်ကို သေချာသွားပြီဖြစ်တဲ့ ချစ်ခြင်းရဲ့ ခေါ်ဆောင်ရာနောက်ကို
ယုံကြည်စွာလိုက်ခဲ့ပြီးမှတော့ မျက်စိမှိတ် ချစ်လိုက်တော့မယ်...

.................................L..O..V..E.....................................

ဟော.. လာပါပြီဗျ။
ဘယ်နေ့တွေ့တွေ့ မင်းလေးက ချစ်ဖို့ကောင်းလှချည့်။
ဒုက္ခပဲ လူက ကတုန်တယင်ဖြစ်လာသလို။
အရေးထဲ ရင်တွေကလဲ ခုန်လိုက်တာ...
သတိ။ စိတ်ကိုလျှော့ လျှော့...

နောက်ပြန်ဆုတ်၊ နောက်ပြန်ဆုတ်။
ရပြီ။ ရှေ့ပြန်လျှောက်၊ ရှေ့ပြန်လျှောက်။
တွေ့တဲ့အခါ မသိသလို အံ့သြဟန်ပြ။
ပြီးရင် စကားကိုလဲ ပုံမှန်ပြော၊ သိပ်ကြောက်မနေနဲ့အုံး။
ရင်တွေကတော့ ဗြောင်းဆန်အောင် တုန်နေတုန်းပဲ...

မနှေးမမြန်နဲ့ ဖြတ်လျှောက်ပြီး၊ ကျော်သွားရမှာ။
ဒီအချိန်မှာ timingက သိပ်ကို အရေးကြီးတယ်။
ဖြည်းဖြည်းချင်းနီးလာရာကနေမှ မျက်နှာချင်းဆိုင်။
အိုကေ တွေ့ပြီ၊ ဆုံပြီ၊ ဆုံပြီ...

ဘာတွေများ အရေးကြီးနေလို့လဲ?
ပတ်ဝန်းကျင်ကို နည်းနည်းလောက် ဂရုစိုက်ပါအုံးတော့လား!
လျှောက်တာကလဲ မြန်ပါ့ကွာ။
ကျော်တော့မယ်၊ ကျော်တော့မယ်။
ဟာ! ကျော်သွားပြီ။ သွားပါပြီကွာ။
တချက်လေးတောင် လှည့်မကြည့်ဘူး။ :(

.................................L..O..V..E.....................................

ဘဝမှာ ဖြစ်ချင်တာတွေ လိုချင်တာတွေက သိပ်ကိုများပါတယ်။
ဖြစ်ချင် လိုချင်တာတွေ အကုန်ရ အကုန်ဖြစ်မယ်လို့ မျှော်လင့်မထားခဲ့တာလဲ အမှန်ပါ။
ဒါပေမယ့် အလိုအပ်ဆုံးတွေကိုတော့ ရချင်မိတယ်။
ကလေးရယ်... ကိုကြီးဘဝအတွက်
အလိုချင်ဆုံးက မင်းလေးပါ။
အလိုအပ်ဆုံးက မင်းအချစ်ပါကွာ...
ဒါကြောင့် မင်းလေးအတွက် ရင်ခုန်သံတွေ ဖန်ဆင်းပေးနိုင်အောင်
ရင်ခွင်တံခါးကို လှစ်ဟပြဖို့ လာခဲ့တော့မှာ။
ကံကောင်းထောက်မလို့ ရင်ခုန်သံတွေ စည်းချက်ညီခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။

.................................L..O..V..E.....................................

မထူးတော့ဘူး။

ထင်ထားတာက သူလေးက မှတ်မိလိမ့်မယ်၊ နှုတ်ဆက်လိမ့်မယ်။
အဲဒိအခါ အလိုက်သင့်ကနေ အပြင်းလိုက်တော့မယ် စိတ်ကူးထားတာ။
အခုမှတော့ မထူးတော့ပါဘူး။
နောက်ကြောင်းပြန်လျှောက်သွားလိုက်တယ်။

"ညီမလေး ကိုယ့်ကို မှတ်မိလား?"
သူလေး စဉ်းစားတယ်၊ စဉ်းစားနေတယ်...
"ဟုတ်၊ မြင်ဖူးသလိုပဲ"
ဒီလောက်ဆို မဆိုးပါဘူး (စိတ်ဖြေလိုက်တယ်)
"ကိုယ်က ကို___ရဲ့သူငယ်ချင်းပါ၊ ကိုယ်တို့ တွေ့ဖူးကြတယ်လေ"
စဉ်းစားပြန်ပြီ...
အဲဒိလောက်ထိ စဉ်းစားနေရတာကတော့ တဆိတ်.. လွန်ပြီထင်တယ်။
စိတ်တွေကို ဒီမှာပဲ ထားပါ ကလေးရာ...
မင်းကို ကြည့်ရတာ အတွေးပင်လယ်ထဲမှာ လက်ပစ် ကူးနေသလိုပဲ။
.....
.....
.....

တစ်လတိတိ ကြိုတင်ပြီး သေချာချခဲ့တဲ့ plan၊ ရေးခဲ့တဲ့ ဇာတ်ညွှန်း
အဲဒိနေ့က...
အဆင်ပြေသလိုပဲ သရုပ်ဆောင်ပြီး ပြန်လာခဲ့ရတယ်။
ဖွတ်ဖွတ်ညက်ညက် ကျေအောင်ကို အလွတ်ရနေတဲ့ ဇာတ်ညွှန်းထဲကအတိုင်း သရုပ်မဆောင်ခဲ့ရပါဘူးဗျာ...

.................................L..O..V..E.....................................

ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့ သွားကြတဲ့အခါ
အမှားအယွင်းနည်းနိုင်သမျှနည်းဖို့၊
လိုအပ်တာထက် ပိုမကြာစေဖို့၊
နောင်တတွေကင်းဖို့ လိုအပ်ပါတယ်။

နားလည်မိသလောက် ပြောရရင်...
မတူတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းတွေ၊
ကြားမြင်ဗဟုသုတတွေ၊
ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ၊
ဒါတွေကလည်း လူတစ်ယောက်နဲ့ တစ်ယောက် ကိစ္စ၁ခုပေါ် စဉ်းစားဆုံးဖြတ်၊ ကိုယ်တွယ်ဖြေရှင်းပုံတွေကို ကွဲပြားစေနိုင်ပါတယ်။

အခြေအနေတွေကို အနီးစပ်ဆုံး အမှန်အတိုင်း မြင်တတ်ဖို့က အရေးကြီးဆုံးပဲ။
ကိုယ်ချစ်တဲ့မိန်းခလေးရဲ့ အနေအထိုင်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ကိုယ်က မသိမသာ ကိုယ့်ဖက်ပါအောင် လုပ်ရမှာ။
ဒီလိုကိစ္စတွေမှာ သူတို့တွေက အရှက်အကြောက်ကြီးကြတယ်လေ။

ဒါကြောင့်
ရလို့ရမှန်းမသိစေပဲ ပေးလိုက်ချင်တာ...
လာလို့လာနေမှန်းမသိရအောင်ပဲ နီးသထက်နီးလာစေမှာ...
ဝင်လာပါလို့ မပြောမိစေပဲ၊ ဝင်လာနိုင်မဲ့ လမ်းတွေကို ဖောက်ပေးရုံလောက်သာ...
ဆိုလိုတာက...
သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားပဲ...
ရေလာရုံသပ်သပ်နဲ့ မလုံလောက်ရင်၊ မြောင်းဖောက်ဖို့အတွက် လိုအပ်တာလေးတွေကိုပါ ကူညီပေးဖို့ပါ။

ဒါဟာ မျှော်လင့်ခြင်းတွေ လက်တွေ့ဖြစ်အောင်လို့ မွန်းမံခြင်းရယ်ပါ ကလေးရယ်။
(မန်ကျည်းကိုးပင် မဟုတ်ရပါဘူး...)

.................................L..O..V..E.....................................

ကဲ ဒါဆိုရင်...
ဘယ်လိုဆက်လုပ်မှာလဲ?

အဲဒိနေ့က...

ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ကျနော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ
ရလာတဲ့ ဖုန်းနံပါတ်နဲ့ email addressက သက်သေပဲလေ။
ဒါတွေဟာ အောင်မြင်ခြင်းရဲ့ ရလဒ်ဆိုရင်...
ပထမဆုံးနေ့အတွက် ချထားတဲ့ planထဲ မဝင်လဲ ဘာအရေးလဲနော့။

တကယ်တော့ ကျနော် ကမူးရူးထိုးကွက် နင်းလိုက်တာပါ။
ကမူးရှုးထိုးကနေမှ မူလ သတ်မှတ်ထားခဲ့တဲ့ လမ်းကြောင်းပေါ် ပြန်ခေါ်ရတာ။
ဘယ်လမ်းကနေသွားသွား ပန်းတိုင် ရောက်ဖို့ပဲလေ။
ဟုတ်တယ်ဟုတ်။

ကျနော့်ရဲ့ ပထမဆုံးပန်းတိုင်က ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ။

.................................L..O..V..E.....................................

သူလေးက further studyအတွက် အဆက်အသွယ်တွေ သတင်းအချက်အလက်တွေ ရှာနေတယ်ဆိုတာ ချစ်သူငယ်ချင်းကောင်းကြီးက ပြောပြခဲ့ဖူးတယ်။
ဒါဟာ ကျနော် သူလေးကို အမြဲဆက်သွယ်လို့ရနေအောင် မကုန်နိုင်တဲ့ အကြောင်းအရာတွေရှာပေးနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲလေ။
ကျနော့်ရဲ့ ညီတစ်ဝမ်းကွဲလေးက သူလေးနဲ့ fieldတစ်ခုတည်းက ကျောင်းပြီးခဲ့တဲ့ စီနီယာတစ်ယောက် ဖြစ်နေခဲ့တာကလဲ ကံကောင်းခြင်းပါပဲ။

အဲဒိနေ့က...
“ဘယ်လိုလဲ မှတ်မိပြီလား?”
“ဟုတ် မှတ်မိပြီ။”
“ကိုကြီးလဲ ညီမလေးကို တွေ့ဖူးတယ်လို့ ကြည့်နေတာ၊ ဒါပေမယ့် ညီမလေးက မသိသလိုပုံစံဖြစ်နေတော့ စိတ်ကမရဲတရဲနဲ့ပဲ ခေါ်လိုက်တာ။”
“ဆောရီးပါ အစ်ကို၊ အတွေးတွေ လွန်သွားလို့ပါ”
“ရပါတယ်ကွာ၊ ဒါနဲ့ ညီမလေးက ဒီမှာ သင်တန်းလာတက်နေတာလား?”
“ဟုတ်တယ်၊ အင်္ဂလိပ်စာသင်တန်းပါ။ ကိုယ့်အင်္ဂလိပ်စာ skillကို အားမရလို့ သင်တန်းတက်နေတာ။”

အင်း... ငါ့လမ်းကြောင်းပေါ် မရောက်ရောက်အောင် ဆွဲခေါ်ရမယ်...

“futher study အတွက်လား?”
“အင်း အဲဒိအတွက်ရယ် မဟုတ်ပေမဲ့၊ futher study ဆက်တက်ဖို့လည်း ရည်ရွယ်ထားတော့ ဒီသင်တန်းတက်ဖြစ်သွားတာ”
“ဖြစ်နိုင်ရင်တော့ ကျောင်းတက်တာ ပိုကောင်းတယ်၊ ငယ်တုန်းမို့ ပြောတာ”
“အင်း တက်တော့တက်ချင်တယ်”
“ကိုယ့်ညီလေးက ညီမလေးရဲ့ စီနီယာပဲ အခုဒီမှာ xxxတက်နေတာ 3rd semesterတောင် ရောက်နေပြီ။”
“ဟုတ်လား?”
“ကိုကြီးကိုယ်တိုင်ပဲ ညီလေးအတွက် လျှောက်ပေးခဲ့တာ။
ဒါပေမယ့် ကိုကြီးက xxxဆိုတော့ ညီမလေးတို့နဲ့ လိုင်းမတူဘူး။
ဒါကြောင့် ပိုသေချာအောင် အဲဒိမေဂျာနဲ့ပဲ ကျောင်းပြီးခဲ့တဲ့ သူငယ်ချင်းတွေဆီက ထပ်စုံစမ်းပြီးမှ ညီလေးအတွက် အကောင်းဆုံးမို့ လျှောက်ပေးခဲ့တာ။”
“ကိုကြီးလဲ အဲဒိကျောင်းကပဲ ပြီးတာ၊ ကျောင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာတွေ ကိုကြီး သေချာရှင်းပြပေးနိုင်ပါတယ်။”
အခွင့်အရေးဆိုတာ ၂ခါမလာဘူး။
ဒါကြောင့် အခွင့်အရေးဆိုတဲ့ မြစ်ရေကို ၁ခါတည်း အမိအရ ချိုးလိုက်တာ။
ဇွတ်ပဲ လို့တော့ မပြောကြေး။

“ဟုတ်လား၊ အစ်ကို”
.....
............
...................
ဟင် ဒါပဲလား။
“ဘာအခက်အခဲ ဖြစ်နေလို့လဲ?”
“မေးရမှာ အားနာလို့”
“ဟာ... အားမနာပါနဲ့...”
နော်... နော်။

“မေးချင်တယ်... ဒါပေမယ့် ပြောပြပေးလို့မရရင် အားနာနေရမှာ”
“ကိစ္စမရှိပါဘူးကွာ... မေးပါ”
“စာရွက်စာတမ်း ကိစ္စတွေအတွက် ခေါင်းကိုက်နေတာ။ ”
အိုးးး ကွတ်တိပဲ။
သူတို့လေးတွေအတွက် အဓိက အကြီးမားဆုံးသော ပြဿနာက ဒါပဲ။
ဒါကိုသိလို့ အဓိက ပစ်မှတ်ထားပြီး စပေါ့ရိုက်ထားတာလေး ဒတ်ထိကိုတိုးတာ...

ကံကောင်းခြင်းလေလား...
ရှေ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရသလိုပဲ...

.................................L..O..V..E.....................................

“အင်း သဘောပေါက်ပြီ။
ဟုတ်တယ်။ ညီလေးတုန်းကလဲ သူ့ရှေ့မှာ လုပ်ခဲ့ဖူးတဲ့ စီနီယာ မရှိတော့ တော်တော်ဒုက္ခရောက်ခဲ့တယ်။
ဒါပေမယ့် နောက်ဆုံးတော့ ညီလေး အဆင်ပြေသွားတယ်။”
“ညီက ___နဲ့ ပြီးတာလား?”
“ဟုတ်တယ်”
“ဒါဆို မေဂျာမတူသလို၊ ရခဲ့တဲ့ ဘွဲ့လဲ မတူဘူး၊ ညီမလေးက xxxကပြီးတာ။”
“မတူမှန်း ကိုကြီးသိပါတယ်၊ ဟိုတစ်ခါ သူငယ်ချင်း မိတ်ဆက်ပေးထားတည်းက မှတ်မိနေတာ။
ရှေ့မှာ ညီမလေးတို့xxxကျောင်းက ဘွဲ့ရတွေ ဘယ်သူမှ မလုပ်ခဲ့ဖူးဘူး။ ပထမဆုံးလမ်းဖောက်ရမယ်။
ဒါပေမယ့် ညီလေးနဲ့ fieldချင်းတူတယ်လေ။ ဒါကြောင့် ညီလေးလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားရုံပါပဲ။
အဆင်ပြေမှာပါ၊ ကိုကြီးလဲ ကူညီမယ်လေ။”
“ကိုယ့်ညီ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပြောပြမယ်လေ၊၊
နားထောင်ကြည့်ပြီးမှ ဖြစ်နိုင်မယ်ထင်ရင် ဆက်လုပ်ကြည့်ကြတာပေါ့...မလုပ်ကြည့်ရင်တော့ ဘာမှမသိနိုင်ဘူး။”
ဇွတ်ပဲနော်။
တကယ့်ကို ကမူးရှုးထိုးကွက် နင်းခဲ့တာ။

“အားလည်းနာတယ်၊ အချိန်ရရင်တော့ ပြောပြပေးပါလား?”
အိုး... ကွက်တိ ကွက်တိ။
“သေချာ စုံစုံလင်လင် ပြောပြချင်တယ်၊ ဒါပေမဲ့ ချိန်းထားတာလေးရှိသေးတော့”

“ဒီလိုလုပ် လုပ်ပါလား။
ညီမလေးသိချင်တာတွေ မေးလို့ရအောင်ရယ် ကိုကြီးလဲ စာရွက်စာတမ်းကအစ လိုအပ်တာတွေ ပို့ပေးလို့ရအောင်...
ကိုကြီးဖုန်းနံပါတ်ယူထား။ ညီမလေးဖုန်းနံပါတ်လဲ ကိုကြီးကို ပေး။
နောက်ပြီး.. email addressပါ ပေးထား။
ဒါမှ ညီမလေး သိသင့်တယ်ထင်တဲ့ informationတွေ ပို့ပေးလို့ရမယ်။
မရှင်းလင်းတာရှိရင် ကိုကြီးကို ဖုန်းဆက်မေး။
အိုကေ!”

ချထားတဲ့planထဲ ဝင်လာတုန်းလေး အမိအရဖမ်းဆုပ်လိုက်တာ။
သိပ်ကို သိသာနေလားဟင်! :P

အိုကေမယ်လို့တော့ ထင်တာပဲ။

.................................L..O..V..E.....................................

“ဟုတ် ကိုကြီး။”
“ဒါ ညီမလေးရဲ့ ဖုန်းနံပါတ်နဲ့ အီးမေလ် လိပ်စာ”
“သိချင်တာတွေကတော့ အများကြီးပဲ။ တော်တော် အားတက်သွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။”
“ကိုxxx နဲ့ တွေ့သေးလား?”

“မတွေ့ဖြစ်ပါဘူးကွာ၊ ကိုကြီးလည်း ဒီရက်ပိုင်း တအားအလုပ်ရှုပ်နေတာနဲ့”
“နောက်ကျ နေပြီလား မသိဘူး။”
“ဟုတ်ပ၊ စကားကောင်းနေတာနဲ့...”
“ကဲဒါဆို ချိန်းထားတဲ့ဆီ သွားလိုက်အုံးမယ်... ညကျမှ ကိုကြီး ဖုန်းဆက်လိုက်မယ်။
ဟိုကောင်ကြီးကိုလည်း ညီမလေးနဲ့တွေ့တဲ့အကြောင်း ပြောပြလိုက်မယ်”

ဒီလိုနဲ့ မနက်ဖြန်ပေါင်းများစွာမှာ မင်းလေးနဲ့အဆက်အသွယ်ရနေဖို့ အကြောင်းအရာများစွာနဲ့ တဖြည်းဖြည်းချဉ်းကပ်ဖို့...
God bless me!!!!

.................................L..O..V..E.....................................

နေ့တိုင်းနီးပါးလောက် ကျောင်းကိစ္စတွေကို အကြောင်းပြပြီး အီစကလီလုပ်နေမိတယ်။
(အီစကလီ = စကားစမြည်)
တနေ့တနေ့ ကောင်းသောစတင်ခြင်းနဲ့ဖြစ်ဖို့၊ စိတ်ဝင်စားနိုင်မယ့် ကျောင်းကိစ္စနဲ့ပတ်သတ်တာတွေ ရှာရဖွေရတာလည်း အမောပဲ။
အချိန်မရွေး ကိစ္စရှိရှိမရှိရှိ ဖုန်းပြောနိုင်မယ့် အဆင့်မရောက်သေးခင်၊ ဖုန်းပြောကြတဲ့အခါ အစပျိုးတဲ့ အကြောင်းအရာက သိပ်ကို အရေးကြီးတယ်။

ကိုယ်နဲ့ဖုန်းပြောဖို့ သူကိုယ်တိုင်က လိုလိုလားလားဖြစ်နေမှ အဆင်ပြေနိုင်မယ်။
တော်ကြာ အကြောင်းအရာတွေက စိတ်ဝင်စားစရာမကောင်းရင် ပျင်းသွားလိမ့်မယ်။
ကျောင်းကိစ္စတွေပြောရင်းကမှ တခြားစိတ်ဝင်စားမယ့် အကြောင်းအရာတွေနဲ့ ပိုပိုပြီးရင်းနှီးလာအောင် လုပ်နေမိတယ်။
အစပျိုးကောင်းကောင်းနဲ့ အကြာကြီးပြောပြီးမှ ပြောချင်တာလေးတွေ ကြားညှပ်ပြောရတာပါ။
အခုအချိန်မှာ သိပ်အများကြီးတော့ ပြောလို့မရနိုင်သေးဘူး။

သူလေးစိတ်ဝင်စားတာတွေက အဆန်းတကြယ်ဖြစ်ရပ်တွေနဲ့ ရယ်စရာတွေ။
ကျွမ်းကျင်ရာ လိမ္မာဆိုသလို၊ ငပေါတို့ထုံး နှလုံးမူပြီး ဗဟုသုတဖြစ်ဖွယ်ရာတွေကို ပေါကွက်လေးတွေ ညှပ်ပြီးပြောခဲ့တယ်။
ဘလော့ဂ်တွေရဲ့ ကျေးဇူးကြောင့်သာ အဆင်ပြေခဲ့တာ။
တနေ့တနေ့ ထူးထူးဆန်းဆန်းနဲ့ ဗဟုသုတဖြစ်ဖွယ်တွေကို ပြောပြနိုင်ဖို့...
တအားကို စာဖတ်အား ကောင်းခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

.................................L..O..V..E.....................................

တပတ်ကို အနည်းဆုံး၃-၄ရက်လောက် ပြောဖြစ်အောင် အကြောင်းအရာမျိုးစုံ ရှာဖွေတယ်။
အဓိက သူလေးအတွက် အရေးကြီးမယ့် အကြောင်းအရာမျိုးတွေပေါ့။
ကြိုးစားမှုရဲ့ ရလဒ်တွေကြောင့်လား?
သူလေးက ကိုယ့်အပေါ် သံယောဇဉ်တွေ ရှိလာတာ တယောက်နဲ့တယောက် ပိုပြီးနီးကပ်လာတာ ခံစားလို့ ရနေခဲ့တယ်။

၂ပတ်၁ခါလောက် သင်တန်းပြီးတဲ့အချိန်လောက်မှန်းပြီး လမ်းကြုံသလိုနဲ့ သွားတွေ့တယ်။
သင်တန်းပြီးချိန်က ထမင်းစားချိန်နဲ့ကပ်နေတာလဲ ကျနော့်အတွက်ကံကောင်းခြင်းပါ။
ထမင်းအတူစားဖြစ်ကြတယ်၊ စကားတွေ ပြောဖြစ်တယ်။
အဲဒိ တွေ့ဆုံမှုတွေကနေ သူလေးအကြောင်း ပိုပိုသိလာရတယ်။

လက်တလော အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျသလိုလို ဖြစ်နေတဲ့ ကလေးရဲ့အကြောင်းကို သိခဲ့ရတယ်။
ညှိုးနွမ်းနေတဲ့ မျက်လုံးလေးတွေ ကြည်လင်တောက်ပလာအောင် အားအင်တွေပေးချင်မိတယ်။

ဘဝဆိုတာ ဒီလိုပါပဲ ကလေးရယ်။
အခက်အခဲတွေဆိုတာ ကိုယ်ဘယ်လောက် စိတ်ဓာတ်ခိုင်မာလည်းဆိုတာကို မှတ်ကျောက်တင်ထားမဲ့ ဘဝရဲ့မှတ်တိုင်တွေပါပဲ။
ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းကို မှတ်ကျောက်တင်ပေးနေတယ်လို့ သဘောထားပြီး ရဲရဲရင်ဆိုင်လိုက်ပါ။

အခုအချိန်အထိ စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေကို ပြန်ကြည့်လိုက်စမ်း။
ဒါတွေဟာ ကလေးကိုယ်တိုင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး စိုက်ထူခဲ့တာတွေပါ။
အခုလည်း ကလေးလုပ်နိုင်မှာပါ၊ ကလေးကို ကိုကြီးယုံတယ်။
လက်ရှိ ကလေးရဲ့အခြေအနေတွေက ဘယ်လောက်စိတ်ဓာတ်ခိုင်မာလည်း ဆိုတာ သက်သေပြနေကြတယ်။

ချစ်ခြင်းတွေနဲ့အတူ ဒီစိတ်ဓာတ်လေးကို မြတ်နိုးတန်ဖိုးထားမိပါတယ်။
မပျော့ညံ့တဲ့ ကလေးရဲ့စိတ်ဓာတ်ကို ချီးကျူးပါတယ်၊ ဂုဏ်ပြုပါတယ်ကွာ။

ဘာကိုမှ သေချာမသိခင်တည်းက သိပ်ကို ချစ်မိသွားခဲ့တာ...
တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုသိလာရတော့.. မြတ်နိုးတန်းဖိုးထားခြင်းတွေ ပိုလာရတယ်...

ဘယ်လိုမှ ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် နှောင်ဖွဲ့ထားနိုင်တဲ့ မိန်းခလေးရယ်...
“သိပ်ချစ်တယ်”

.................................L..O..V..E.....................................

တခါတလေတော့လည်း...
ကိုယ့်အပေါ်မှာ ယုံကြည်အားကိုးမိတဲ့စိတ်တွေနဲ့ အားကိုးတကြီးဖြစ်နေတာကို အသုံးချလိုက်သလို ဖြစ်နေလား?
ငါဖြစ်ချင်တာလေးတွေကို ရယူနိုင်ဖို့၊ သူဖြစ်ချင်တာတွေကို လုပ်ပေးနေတာများလား?
ဒါဟာ မရိုးသားတဲ့ ချဉ်းကပ်မှုလား?
ဆိုတဲ့ လားပေါင်းများစွာနဲ့ စိတ်တွေ မွန်းကျပ်လာမိတယ်။

တကယ်ကို ချစ်လွန်းလို့၊ မင်းလေးအနားကို အချစ်တွေနဲ့ပဲ ချဉ်းကပ်လာခဲ့တာပါ။
force မပါတာတော့ အသေအချာ ပြောနိုင်တယ်။
ဒါဆို trick လား?
မဟုတ်ဘူး၊ trick မဟုတ်ပါဘူး။

ဘာဆိုဘာမှ မဟုတ်ပါဘူးကွာ...
ချစ်လို့... အနီးဆုံးမှာ နေနိုင်ဖို့၊ အရိုးသားဆုံးနှောင်ဖွဲ့ဖို့ပါ။
ဒီလို အတွေးတွေကြောင့် စိတ်တွေ ပူပန်ပြီး အိပ်ပျက်ရပြန်ပြီ။
ဒါတွေကို မင်းလေးနားလည်ပါ့မလား...

ဒီလိုပါပဲ။
ကြုံနေကျ အိပ်ပျက်ညတွေဟာ ကိုယ့်အတွက် မဆန်းတော့တာမို့...
ကဲ ကလေးရေ...
ခုညလည်း မင်းအတွက်

.................................L..O..V..E.....................................

YOUR LOVE IS ALL I THINK ABOUT...
ကိုကြီး ကလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုယ်တိုင်ခံစားမိမှာ... သိလာမှာပါ။
မဖြစ်နိုင်ဘူးထင်ရင်၊ မချစ်နိုင်ဘူးထင်ရင် ကိုကြီးရဲ့အချစ်ကို လက်ခံမှာ မဟုတ်ဘူးဆိုတာကိုလဲ ယုံကြည်နေတယ်။

ကိုယ်ကလဲ ဒီလိုပဲ ဖြစ်စေချင်တာ။
ကြည်ကြည်ဖြူဖြူနဲ့ လိုလိုချင်ချင်ပေးတာကိုပဲ လိုချင်တာ။
ဘယ်လောက်ပဲချစ်နေပါစေ မပေးချင်တာကိုတော့ မလိုချင်ပါဘူး။

ယုံလာအောင် ပြောတာထက်၊ ယုံကြည်နိုင်စရာတွေကိုသာ သက်သေပြမှာ။
ချစ်လာအောင် ပြောတာထက်၊ ချစ်နေပါတယ်ဆိုတာ သိစေမှာ။
လာချင်အောင် ပြောတာထက်၊ လာချင်တယ်ဆိုတဲ့အချိန် အစဉ်သင့် ဖြစ်နေအောင် နှလုံးသားတံခါးတွေ ဖွင့်ပေးထားမှာ။

.................................L..O..V..E.....................................

ကလေးလေး...

ခံစားနေရသမျှတွေကို မင်းလေးသိနိုင်ဖို့ ဖြည်းဖြည်းချင်း ပြောပြမယ်နော်။
နှလုံးသားကလာတဲ့ ရင်ခုန်သံစစ်စစ်နဲ့ နားထောင်ကြည့်ပေါ့။
ပြီးတော့မှ ပေးလိုက်ရမှန်း မသိအောင် မသိသလို သိသလိုနဲ့ တောင်းပါ့မယ်။
ရင်ခုန်သံတွေ စည်းချက်ညီခဲ့မယ်ဆိုရင်...
နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ်၊ ပေးချင်သလောက်သာ ပေးပါ။

ကိုယ့်ဘဝဟာ...
မင်းရှိမှဖြစ်မဲ့ အနာဂတ်ပါကွာ။
တောင့်တနေမိတဲ့ ကြင်နာတတ်တဲ့ အချစ်တစ်ခုဟာ မင်းလေးပေးမှ ရမှာမို့
စာနာနားလည်ပေးနိုင်မယ်ဆိုရင်...

အရာအားလုံးဟာ မင်းလက်ထဲမှာ...

Friday, September 10, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အစ

အဲဒိအခိုက်အတန့်လေးမှာ...
မသိစိတ်ရဲ့ စေစားရာနောက် မျောပါသွားလိုက်တာ...
ပတ်ဝန်းကျင်နဲ့ ခဏလောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်။

အိုးးးး... တကယ့်ကိုပဲ။
သူငယ်ချင်းက မျက်နှာရိပ်နဲ့ လှမ်းပြီး သတိတွေ ပေးနေတာကိုလဲ သိနေတယ်။
သိပ်သိသာနေလို့လား သူငယ်ချင်းရာ။
ငါလဲ ထိန်းတာပါပဲ။
မနိုင်တာတော့ မတတ်နိုင်ဘူးကွာ။

သတိထားနေရင်းက စိတ်တွေ လွတ်လွတ်သွားပြီး မှင်သက်နေမိပြန်တယ်။
သိစိတ်နဲ့ မသိစိတ် အကြိတ်အနယ်ပါပဲ။
သိစိတ်လေးခမျာ မသိစိတ်ရဲ့ အနိုင်ကျင့်တာကို အလူးအလဲ ခံနေရရှာတယ်။

လူလစ်တာနဲ့ သူငယ်ချင်းက “ဟိတ်ကောင်ကြီး.. မင်းမျက်နှာကြီးက ပြုံးဖြီးနေတာပဲ”တဲ့။
“အေး ငါကိုယ်တိုင်လဲ သိနေတယ်... အဟီး”လို့ပဲ ပြောလိုက်နိုင်တယ်။
အဲ့လောက်တောင် ဖြစ်ခဲ့ရတယ်။
တကယ်ပါ၊ တကယ်ကြီးပါ။

သူငယ်ချင်း...
ငါ့ရဲ့ သူငယ်ချင်းလေး
မင်း. မင်း.. တကယ့်သူငယ်ချင်းကောင်းပါပဲ..... ကွာ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

ဟုတ်တယ်လေ။
ဒီကောင်ကြီးက သူ့အသိတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ပြောလို့ အခုဒီကို ရောက်နေရတာ။
မင်းသိပ်ကြိုက်တဲ့ typeပါတဲ့။
ပြောခဲ့ဖူးသေးတာ အခုမှ ပြန်သတိရသွားတယ်။
ကြည့်ပါအုံးဗျာ။
ချစ်ချာလေးလို့သာ ရူးပေါပေါလေး ပြောလိုက်ချင်တော့တယ်...

ရင်ထဲမှာလည်း ဖိုးသိုးဖတ်သတ်၊ ကျလိကျလိ၊ ဟိဟိဟိ...
ဖြစ်နေတာတွေ၊ ဖြစ်နေတာတွေ။
ဒါတွေလဲသိနေတယ်...

ဒီလို ကိစ္စမျိုးမှာ ဆရာကြီး မဟုတ်သလို၊ သူငယ်__စားလဲ မဟုတ်ရပါ။
နို့ပေမဲ့... ဘယ်လိုကြီး ဖြစ်နေမှန်းကို မသိတာ။
အတွင်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကိုတော့ ငါမတားနိုင်ဘူးမောင်။

ငါထိန်းနိုင်တာက အပြင်ကို ဗြစ်ခနဲ ပန်းမထွက်ဖို့ပဲ။
ထိန်းးးးး ထိန်းးး ထိ န်းေ န ပါ တ ယ်..

စိတ်ထဲမှာ ကြိတ်ပြောလို့တော့ ရတယ်ဟုတ်?.?.?

မြင်မြင်ခြင်းပေမဲ့ မင်းသိပ်ဆိုးတယ် ကလေးရယ်၊ မင်းသိပ်ဆိုးတယ်။
တကယ်ပါပဲ။
ဘာလို့ ဒီလောက်တောင်မှ ချစ်ဖို့ကောင်းနေရတာလဲ?
“ဖြေ အခုဖြေ”

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

မင်းလေး...

မပြုံးပါနဲ့ကွာ... မပြုံးပါနဲ့...

မင်းပြုံးလိုက်တိုင်း အတင်းကာရော ကုပ်ခဲခံနေရတဲ့ ရှုးဖိနပ်ထဲက ငါ့ခြေချောင်းလေးတွေကို သနားရင်ပေါ့...

မရီလိုက်ပါနဲ့ကွာ... ကျေးဇူးပြုပြီး မရီလိုက်ပါနဲ့...

ဒီအပြုံးလေးတွေက ငါ့လက်တွေ တုန်ယင်သွားအောင် လုပ်နိုင်တာ။
တင်းကျပ်နေအောင် ဆုပ်ကိုင်ထားတာကို ခံနေရရှာတဲ့ ငါ့ရှေ့က ဖန်ခွက်ကလေးကသာ သိတာ။
မင်းကတော့ သိမယ်မထင်ပါဘူး...

စကားတွေပြောနေရင်းနဲ့လဲ တချက်တချက်လှမ်းမကြည့်လိုက်ပါနဲ့...

ကလေးရယ်
ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်ပါ။
ဒီလိုသာ ဆက်ကြည့်နေမယ်ဆိုရင် မင်းအကြည့်တွေ မခံနိုင်တဲ့ ငါ့မျက်လုံးတွေကို ငါဘယ်တော့မှ ပြန်ဖွင့်ရတော့မှာလဲ?

ခေါင်းငုံ့မျက်နှာလွှဲ?
ဒီလိုလဲ ငါမလုပ်နိုင်ပြန်ဘူး။

သေချာတာတော့.. မင်းအကြည့်တွေက ရိုးရိုးလေးရယ်ပါ။
ပြီးတော့ တခဏလေးပါပဲ။
ဒါပေမယ့် ငါ့မှာ အဆန်းတကြယ်တွေ ဖြစ်နေခဲ့ရတယ်။

ဝန်ခံပါတယ်...
သေစေလောက်တဲ့ ဒီအကြည့်တွေကြောင့် မှော်ဝင်သလို ငါ့ရင်ခုန်နေခဲ့တယ်...
တကယ်!!

♫♫...အကြည့်တစ်ချက်... ငါ့ရင်လောင်သွားတယ်...
အကြည့်တစ်ချက်... အသည်းထဲထိအောင် ခါသွားတယ်...♫♫

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

တကယ်ဆိုရင်
မင်းရဲ့ အပြုံး၊ မင်းရဲ့ အရီ၊ မင်းရဲ့ မျက်လုံးလေးတွေကို မင်းမသိလိုက်အောင် ခိုးကြည့်နေခွင့်လောက်ပါပဲ။
အခုအချိန်မှာတော့ အဲဒိလောက်သာ စွမ်းနိုင်တဲ့ ငါ့သတ္တိတွေကြောင့်...
မင်းလေး မသိသလို နေပေးပါကွာ။
ငါအခု မင်းလေးဆီက လိုချင်မိတာ အဲသည့်လောက်လေးပါပဲ။

သူငယ်ချင်း ..
မင်းဆီကလဲ ငါ၁ခုတော့ ခွင့်တောင်းချင်တယ်။
ငါ့ကို မင်းတို့ပြောနေကြတဲ့ စကားဝိုင်းထဲ ဆွဲမခေါ်ပါနဲ့လား။
မင်းက သူငယ်ချင်းကောင်း ပီပီသသနဲ့ ငါဝင်ပါလို့ရအောင် စကားတွေခင်း။
ဘေးက သူငယ်ချင်းရဲ့ တကယ့်အဖြစ်ကိုမှ မင်းမသိတာကွ။
ဖြစ်နိုင်ရင် ငါဝင်ပြောဖို့ မလိုလောက်မဲ့ အကြောင်းအရာတွေကိုသာ ရွေးပြောကြပါကွာ။
ငါဝင်ပြောလို့ ငါ့အသံတွေတုန်နေမှာကို ဘယ်သူမှ မသိစေချင်ဘူး။
အထူးသဖြင့် ကလေးလေး မသိစေချင်သေးဘူး။

အဲဒိနေ့က ပြန်လာတော့...
အညှို့ခံထားရတဲ့လူလို အဆိပ်ပြင်းတဲ့ ကလေးလေးဆီကိုပဲ ပြန်သွားချင်နေမိတယ်။
တခုခုကို မင်းဆွဲနှုတ်ယူထားလိုက်သလို ရင်ဘတ်ကြီးဟောင်းလောင်းနဲ့။
အဲဒိနေ့က အိမ်ပြန်ချိန်ဟာ သိပ်ကို အထီးကျန်ဆန်လွန်းခဲ့တာပေါ့။

တစ်ယောက်တည်းနေချင်တဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုကို အဲဒိတုန်းက မှားနေလားလို့တောင် သံသယဝင်မိသေးတယ်။
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ၊ ဒီနေ့ကို ဘယ်လိုကျော်ဖြတ်ရမလဲ?
ရင်ထဲမှာ ဟာတာတာကြီးဖြစ်နေတယ်။

ဗိုက်ဆာနေတာလားလို့ အစားစားကြည့်တယ်။
မဟုတ်ဘူး။
အင်တာနက်သုံးတယ်။
စိတ်မပါဘူး။
TVကြည့်တယ်။
စိတ်မဝင်စားဘူး။

မင်းလေး ကိုယ့်ကို အပိုင်သိမ်းလိုက်ပြီလားကွာ။
မင်းဘယ်လို လုပ်လိုက်တာလဲ?

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

နောက်ပိုင်းရက်တွေမှာလဲ လူက ဂဏာမငြိမ်။
ရင်ထဲမှာ မွန်းကျပ်၊ ငါဘာတွေ လုပ်ရမလဲ?

ကလေးနဲ့တွေ့ဖို့ကလဲ မလွယ်။
ဘာအဆက်အသွယ်မှကို မယူခဲ့တာ။
တွေ့တွေ့ချင်း အဲဒိလောက်ထိ ဖြစ်နေကိုတာသိလို့ မယုံကြည်နိုင်ဘူးဆိုရင်ကလဲ...
အစမကောင်းလို့ အနှောင်းမသေချာ ဖြစ်ရတော့မှာ။

ကလေးအတွက်ရော၊ ကိုကြီးအတွက်ပါ
သေချာအောင် ပြန်စစ်ပါအုံးမယ်လေ။
အားကိုးရမယ့် သူငယ်ချင်းကိုယ်တိုင်ကပါ ယုံကြည်ဖို့လဲ အရေးကြီးသေးတယ်။
သေချာသွားရင်တော့ ဆက်ချစ်မှာပေါ့...

အဲဒိလို မင်းကို တမ်းတမိနေတဲ့အခိုက်
တခြားမှာ မင်းပျော်နေမလားလို့ တွေးမိတော့
အားငယ်စိတ်တွေ ဝင်လာတယ်။
ကိုကြီးကမ္ဘာတစ်ခုလုံး ခရမ်းရောင်တွေလွှမ်းသွားပြီး အထီးကျန်ဆန်သွားလိုက်တာ...

ငါ့ကိုယ်ငါတောင် မပိုင်တော့ဘူးလား?
မင်းလေး အစွမ်းထက်လှတယ် ကလေးလေးရယ်...

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...တခြားသူဦးမှာလဲ ရင်ထဲ ကြောက်နေခဲ့
အလွမ်းနေ့များစွာ ကိုယ့်အတွက် ဖန်တီးလို့ မပေးပါနဲ့
ကိုယ်ချစ်နေခဲ့ ဒါကို သိရက်နဲ့၊ I LOVE U, GIRLရင်ကို ခွဲမသွားနဲ့...♫♫

ဒီသီချင်းထဲကလို ပြောရအောင်ကလဲ ကိုယ်ချစ်နေတာ သူလေးမှ မသိတာ။
မင်းစတဲ့ဇာတ် မင်းပဲအဆုံးသတ်ပေးဆိုပြီး သူငယ်ချင်းကိုပဲ နားပူနားဆာကျရတော့မယ်။

သွားနေကျနေရာတွေမှာ ရပ်၊ ကြည့်၊ ပြန် လောက်နဲ့တင် ပြီးနေခဲ့တာ။
နေ့စဉ်ရက်ဆက်ဆိုတော့ အချိန်တွေလဲ ကုန်လှပေါ့။
တစ်ယောက်တည်းပဲ သွားလာနေတဲ့ မင်းလေးကို မြင်တော့လဲ၊ စိတ်ထဲမှာ ကျေနပ်မိသေးတယ်။

သူငယ်ချင်းဆီကရတဲ့ GTALK ဓာတ်ပုံလေးနဲ့ပဲ အလွမ်းဖြေနေရုံနဲ့တော့ ဝေဒနာက ပိုဆိုးလာဖို့သာ။
တစ်ခုတည်းသော ဒီဓာတ်ပုံလေးကို printမထုတ်ထားမိလေတော့
monitor screenကို မကြာမကြာ သန့်ရှင်းရေး လုပ်နေရတယ် ကလေးရယ်...

မချစ်လို့ ဝေးရမှာကို ကိုကြီးနားလည်ပေးနိုင်ပေမဲ့ တခြားသူဦးလို့ ဆိုတာမျိုးတော့ လုံးဝအဖြစ်မခံနိုင်ဘူး။

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...မင်းနဲ့မှ ကိုယ့်ရဲ့စိတ်တွေ ထိန်းချုပ်လို့ မရတော့ဘူး...ဒါကို သူလေး သိရဲ့လား
ရူးမိုက်တတ်တဲ့ ကိုယ့်ရဲ့အကျင့်တွေ၊ မင်းလေးကြောင့် စိုးရွံ့အားငယ်
အိပ်လို့မရတဲ့ ညပေါင်းများစွာကို ရင်ဆိုင်ကာ ကျော်လွှား...♫♫

မင်းအကြောင်း အိပ်မက်တဲ့ ညတွေဆို
သန်းခေါင်ယံ အချိန်တွေမှာ ငါလန့်နိုးတိုင်း
ငါ့ရင်တွေခုန်နေတတ်တာ...

ဒီလိုညတွေဆို ပြန်အိပ်လို့လဲ မရတော့မယ့်အတူတူ
မင်းလေးနဲ့နီးနိုင်ဖို့ ကြယ်စင်တွေကို လမ်းပြခိုင်းမိတယ်...

ကလေးရယ်
ငါ့ရဲ့ညနဲ့ မနက်တွေမှာ မင်းလေး ငါ့အနားရှိစေချင်တယ်...
you make me fall in love, baby...ယုံပါ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

သိပ်ကို သေချာနေပါပြီ။
မင်းလေးကို ကိုကြီး လိုအပ်တယ်။
အပြီးချည်နှောင်လိုက်ဖို့၊
ဘဝတစ်ခုလုံးကို မင်းလက်မှာ ပုံအပ်ဖို့၊
ကိုယ်တိုင်ကိုယ်ကျ မင်းဆီ ဆက်သဖို့ လာခဲ့တော့မယ်။

ကျောက်တောင်တခုလို လွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်တဲ့ အချစ်တွေနဲ့ ငါတကယ်ချစ်မိနေပြီ။
ဒါဟာ ဖန်ဆင်းလို့မရတဲ့အရာ ဖြစ်သလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
အချစ်တွေကို မင်းဆီ အပ်နှင်းဖို့၊ မင်းလေးပေးမဲ့ အကြင်နာတွေကို မျှော်လင့်ပြီး လာခဲ့တော့မယ်။

ကလေးဆီ ရောက်မဲ့လမ်းကို ဦးတည်လိုက်ပါပြီ။
ကြိုပါကွယ်...

Monday, September 6, 2010

သူငယ်ချင်းလေးယောက်ရှိလေသည်...

လူငယ်မဟုတ် လူကြီးမဟုတ် အခုအသက်အရွယ်မှာ ငယ်ငယ်ကအကြောင်းတွေပဲ အများဆုံးတွေးဖြစ်နေတယ်။
ရှေ့ဖြစ်ထက် နောက်ဖြစ်တွေကို မကြာခဏရောက်ရောက်သွားတတ်တာ ဘာကြောင့်လို့ထင်လဲ?
လူက စင်ကာပူမှာ၊ စိတ်က မြန်မာပြည်မှာ...
ဒီတော့ အတွေးတွေကလည်း နောက်ကြောင်းပြန်ဖြစ်နေတော့တာပေါ့။
အရွယ်ရောက်လာလို့ တာဝန်တွေများလာလေ စိတ်တွေက မပေါ့ပါးတော့လေပဲ။
အရင်ကအကြောင်းတွေ ပြန်တွေးလိုက်တိုင်း ပေါ့ပေါ့ပါးပါး စိတ်ကလေး ပြန်ရတတ်တယ်။
ဒါကြောင့်လည်း လူငယ်ဘဝရဲ့ ပုံရိပ်တွေကို မက်မက်မောမော ဖက်တွယ်ထားတာ ဖြစ်မယ်။
အဲဒိတုန်းက ဒီအရွယ်မှာ မလုပ်နိုင် မရနိုင်တော့မယ့် လွတ်လပ်ပေါ့ပါးမှုတွေနဲ့ သိပ်ကို ဖြူစင်နိုင်ခဲ့ကြတယ်။
အပူအပင်မရှိဘဲ နေနိုင်တာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် လူငယ်ပေါက်စအရွယ်ရဲ့ ခံစားချက်ကို ခဏလောက်ဖြစ်ဖြစ် ပြန်အသက်သွင်းကြည့်ချင်နေမိတယ်။
ငယ်ဘဝရဲ့ ပုံရိပ်တွေကို ပြန်ပြောရင်း အလွမ်းပြေပေါ့...

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော် ဆဠမတန်းအရောက်မှာ ဒီသူငယ်ချင်းတွေနဲ့ စတွေ့ပြီး ခင်မင်ခဲ့ရတယ်။
အဲဒိတုန်းက ကျနော်တို့ ယောင်္ကျားလေး၎ယောက်ဟာ အရင်းနှီးဆုံး၊ အခင်မင်ဆုံးတွေပါ။
သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့ဗျာ။
ကျနော်တို့ ၄ယောက်... ကျနော်၊ ငတိုး၊ ကျော်ကြီး၊ ဖိုးထက်။
ကျော်ကြီးနဲ့ကျနော်က အိမ်ချင်းနီးတယ်။
ဒါကြောင့် ကျနော်တို့၂ယောက်က ကျောင်းသွားကျောင်းပြန် အတူတူပဲ။
ငတိုးအိမ်က ဖိုးထက်အိမ်နဲ့နီးတော့ သူတို့၂ယောက်လဲ အတူသွား အတူပြန်ကြတယ်။

ကျနော်တို့သူငယ်ချင်းအုပ်စုမှာ မိန်းခလေးသူငယ်ချင်း၎ယောက်ရှိသေးတယ်။
ဒါပေမဲ့ အများဆုံး သွားလာတွေ့ကြတာ ယောက်ျားလေးသူငယ်ချင်းတွေပဲ။
ဒါကြောင့် ဒီပို့စ်မှာ မိန်းခလေး၎ယောက်အကြောင်းမပြောတော့ဘူး။
သူတို့နဲ့ကလည်း မောင်နှမတွေလိုပဲ သိပ်ချစ်ကြတယ်။

ကျနော်တို့အဖွဲ့ထဲကို ရောက်ရောက်လာတတ်တဲ့ တခြားသူငယ်ချင်း၎-၅ယောက်လောက်တော့ ရှိခဲ့ဖူးတယ်။
ဝင်လာလိုက်ကြ ...<<<... ပြန်ထွက်သွားလိုက်ကြနဲ့ ...>>>...
နောက်ဆုံးတော့လဲ စိတ်တူကိုယ်တူဒီ၎ယောက်ပဲ ကျန်ခဲ့တာ။
အမာခံ ၄ယောက်ပေါ့ဗျာ။
ဒီလိုနဲ့ ကြာလာတော့ သူငယ်ချင်းအသစ်တွေ ဝင်မလာတော့ဘူး။
ကျန်တဲ့အတန်းဖော်တွေနဲ့လဲ ခင်ကြပါတယ်။
ဒီ၎ယောက်လိုတော့ အမြဲအတူတူ မဟုတ်ဘူးပေါ့။

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့၎ယောက်လုံးမှာ တူညီတဲ့အချက်က သီချင်းတွေကို အရမ်းကြိုက်ကြတာ။
တစ်ယောက်ကစဆိုလိုက်တာနဲ့ ကျန်၃ယောက်ကလဲ လိုက်ဆိုပီးသားပဲ။
အဲဒိခေတ်တုန်းက လူငယ်ကြိုက် သီချင်းအမျိုးအစားတွေ သိပ်အများကြီးမရှိသေးဘူး။
အကြိုက်တူတယ် ပြောရမလား?
အရွယ်တွေတူလို့ ခံစားချက်တွေနီးစပ်ကြတာလား?
သေချာတာတစ်ခုကတော့ တစ်ယောက်ကဘာဆိုဆို ကျန်တဲ့၃ယောက်ကလဲ ကြိုက်ပြီးသား၊ ဒါမှမဟုတ် နားထောင်ဖူးပြီးသားတွေ ဖြစ်နေတတ်တာ များတယ်။
အဲဒိတော့လဲ လိုက်ဆိုပြီးသားပဲပေါ့...

ဖိုးထက်က ဘာသီချင်းဆိုဆို ရော့ခ်ပုံစံ ဆိုလေ့ရှိတယ်။
ငတိုးတစ်ယောက်ကတော့ အဆွေးသမား။
ဒီကောင်ဆိုလိုက်တိုင်း သီချင်းဆွေးဆွေးလေးတွေ ဖြစ်နေတာများတယ်။
ကျော်ကြီးကတော့ အကုန်လုံးနဲ့ လိုက်လောညီထွေ အဖြစ်ဆုံး။
သူများကြိုက်တာတွေ သူမကြိုက်လဲ တတ်နိုင်သမျှ လိုက်ခံစားပေးတယ်။
မှတ်မိသလောက်တော့ ဘာရယ်လို့ ထူးထူးခြားခြားကြိုက်နေတာမျိုး ကျော်ကြီးမှာ မရှိခဲ့ဘူး။
ဒါပေမယ့် သူလဲ သီချင်းတွေကို သိတယ်၊ ကြိုက်တယ်။

ကျနော်ကတော့ လိုင်းစုံ။
သီချင်းကို နားထောင်တာရော၊ ကိုယ်တိုင်ဆိုတာရော ၂မျိုးစလုံး ကြိုက်တယ်။
♫♫...ညတိုင်းပဲ စောင့်နေဦးမလား၊ ညတိုင်း အားပေးအုံးမလား..♫♫
♫♫...ဆိုပြမယ် ရင်ကွဲသွားစမ်းပါစေ..♫♫ ကျနော်က ဒါမျိုး။
ဘယ်သီချင်းပုံစံရယ်လို့မဟုတ်ပဲ အကုန်ကြိုက်တယ်။
သီချင်းကပေးချင်တဲ့ ခံစားမှုကိုရအောင် သပ်သပ်ရပ်ရပ်ဆိုထားရင် အဆိုကို ကြိုက်လို့ အဲဒိသီချင်းကို ကြိုက်သလို၊ အတီးသပ်သပ်ပဲ ကောင်းလွန်းနေတာမျိုးဆိုရင်လဲ ကြိုက်တာပဲ။
အတီးကို သိပ်မဝေဖန်တတ်ပေမဲ့ အဆိုကိုတော့...
"ဒီနေရာမှာ အသံလေးတိမ်သွားတာ၊ တုန်သွားတာ၊ အက်သွားတာ ဒီသီချင်းနဲ့ ကွတ်တိပဲကွာ၊ ဆိုထားတာ ဆရာအထာကျတယ်"
သီချင်းကောင်းကောင်းလေး နားထောင်ရတိုင်း ဒီလိုမျိုး ပြောတတ်တာက ကျနော်။
ဘယ်လိုသီချင်းပုံစံပဲဖြစ်ဖြစ် သေချာလုပ်ထားတယ်လို့ ခံစားရရင် အကြိုက်ဆုံးမဟုတ်ခဲ့ရင်တောင် နားထောင်ဖြစ်တယ်။

သီချင်းတွေနဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပဲ။
ရော့ခ်ကာကြီး ကိုဖိုးထက်ကြောင့် ကျနော်တို့အဖွဲ့အတွက် ပျော်စရာ၊ ရီစရာဖြစ်နေတော့တာ။
ဒီကောင်က ထူးအိမ်သင်ရဲ့ အခါလွန်မိုးလို သီချင်းမျိုးတွေကိုလဲ ရော့ခ်ပုံစံ ထထဆိုတတ်သေးတယ်။
ဖိုးထက် အဲဒိလိုဆိုရင် ကျနော်တို့ ရီတော့တာပဲ။
တခါတလေ သူက အတည်ဆိုတာ ကျနော်တို့က ပုံမှန်အတိုင်း လုပ်ဆိုနေတယ်ထင်ပြီး ရီမိတော့ ဒီကောင်က အသေစိတ်တိုတာ။
အဲဒါလဲ ရီရတာပဲ။
သူငယ်ချင်းအရင်းကြီးတွေဆိုတော့ စိတ်မဆိုးနိုင်တော့ပဲ နောက်ဆုံး ဒီကောင်ပါ လိုက်ရီရော။

ဖိုးထက် ဒီလိုမျိုး ပေါက်ကရ မလုပ်တာ ကြာနေရင် ကျနော်တို့ကတောင် လွမ်းနေတတ်ပြန်တယ်။
ဒီတော့ ဖိုးထက် ပေါက်တတ်ကရတွေ ဆိုအောင် လုပ်တတ်ကြသေးတယ်။
အဲ... ဒါပေမယ့်... ပေါ်တင်ကြီးတော့ ဖွင့်မပြောကြဘူး။
အကြောင်းက...
ဒီကောင်က တချို့သီချင်းတွေဆိုရင် ကီးကြောင်နေတတ်တယ်။
အဲဒါမျိုးဆို ကျနော်တို့က "ဟိတ်ကောင် ဒီလိုကွ"လို့ ဆိုပြလဲ၊ မဟုတ်ဘူးကြီးပဲ လုပ်နေတတ်တယ်။
တခါတလေ ကျနော်တို့ဆိုနေတာ မှန်နေရက်နဲ့ ဒီကောင်က ပြန်ပြီး "မှားနေတယ် ဒီလို"ဆိုပြီး အလွဲကြီးဆိုပြတတ်သေးတယ်။
အဲဒါတွေကြောင့် သူ့ကို သိပ်မြှောက်မပေးရဲတာ။
အဲဒိလိုနေ့ကျရင် ကျောင်းအပြန် လမ်းမှာ ကျနော်နဲ့ကျော်ကြီး "ဒီကောင်ဖိုးထက် သူပြောတာမှအမှန် ပြီးတော့ မှန်တာလဲ မဟုတ်ဘူး၊ အတော်ရယ်ရတဲ့ကောင် မနိုင်ဘူး"လို့ ပြန်ပြောရင်း ပြန်ရယ်ဖြစ်ကြတယ်။

ကျနော်တို့ကျောင်းမှာ နောက်ဆုံးစာမေးပွဲကြီးမဖြေခင် နှုတ်ဆက်ပွဲ လုပ်လေ့ရှိတယ်။
စားကြ သောက်ကြ ဆိုကြ တီးကြပေါ့။
မှတ်မှတ်ရရ... ၇တန်းနှစ်က နှုတ်ဆက်ပွဲမှာ ကျနော်သီချင်းဆိုတော့ ငတိုးနဲ့ဖိုးထက်က ဟာမိုနီလိုက်ဆိုပေးတယ်။
ဒီလိုပွဲမျိုးမှာ ကျနော်က သီချင်းမြူးမြူးလေးတွေပဲ ဆိုတယ်။
အဲဒိတုန်းက ဟစ်ဖြစ်နေတဲ့ ထုံချိုင်းသီချင်းတွေဆိုတာပေါ့...မြူးမှမြူးပဲ။
ရန်အောင် ပြန်ဆိုတဲ့ “ဂျင်းဘောင်းဘီ နဲ့ အထင်မလွဲကြေး”၂ပုဒ်ဆိုတယ်။
ထိုင်းအသံထွက်အတိုင်း ဆိုတာ၊ နားလည်လို့တော့ မဟုတ်ဘူး။
မတူတူအောင်လိုက်ဆိုရင်း ကြာတော့ ဆိုတတ်သွားတာ။
ကျနော်သီချင်းဆိုနေတုန်း မိန်းခလေးသူငယ်ချင်း၎ယောက်ထဲက၂ယောက် စင်ပေါ်တက်လာပြီး ကပေးကြတော့ အဆိုရော အကရော မိုက်မှမိုက်ပေါ့ဗျာ။
သူတို့၂ယောက်ကလဲ အိမ်မှာ ထုံချိုင်းခွေ ကြည့်ပြီး ကနေကြဆိုတော့ ကွတ်တိပဲ။
အခုအချိန်အထိ ပြန်တွေးမိတိုင်း အဲဒိအချိန်ကို ပြန်မြင်ယောင်ပြီး လူက အလိုလိုပျော်လာတယ်။

သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ...(အမှတ်တရ ၁)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့မှာ နောက်ထပ်တူတာတစ်ခုရှိသေးတယ်။
အဲဒါက ကျနော်တို့၎ယောက်စလုံး စာကြိုးစားကြတယ်။
ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးလို့ ဂတိတွေလဲ ထားခဲ့ကြတယ်။
ငတိုးက ကျနော်တို့ထဲမှာ စာအတော်ဆုံး။
သိပ်မကြိုးစားရပဲနဲ့ အရမ်းတော်တဲ့ကောင်။
ကျနော်ကတော့ နည်းနည်းထုံတယ်။
ဒါကြောင့် ငတိုးထက် ပိုပြီး ဝီရိယထားရတယ်။
ဒါပေမယ့် ဘယ်တော့မှ ငတိုးကို မကျော်နိုင်ပါဘူး။

ကျနော်တို့သူငယ်ချင်း၎ယောက်မှာ ကျနော်၊ ငတိုးနဲ့ ဖိုးထက်က လက်ရေးလှတယ်။
ငတိုးနဲ့ ဖိုးထက်က အခုဖတ်နေရတဲ့ စာလုံးတွေလို ဝိုင်းစက်နေအောင် ရေးတာ။
ကျနော်က လက်ရေးတော့လှပါတယ်၊ ဒါပေမယ့် ပုံစံစုံအောင်ရေးတယ်။

လက်ရေးနဲ့ပတ်သတ်လို့ အမှတ်တရတွေလဲ ရှိခဲ့ဖူးတယ်။
ငတိုးက ၁ခုခုဆို အမြဲတမ်း အဆန်းထွင်တတ်တယ်။
ကွန့်တတ်တယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။
ငတိုးရဲ့အဆန်းတွေထဲက တချို့ကို ကျနော်က သဘောတကျ လိုက်လုပ်တတ်တယ်။

ငတိုးစာရေးတဲ့အခါ...
ခေါင်းစဉ်ကို font sizeအကြီးနဲ့ရေးလေ့ရှိတယ်။
subtitleတွေကိုတော့ ပုံမှန်ထက် နည်းနည်းကြီးပြီး..
အကြောင်းအရာတွေကိုမှ ပုံမှန်စာလုံးနဲ့ရေးတယ်။
ပြီးတော့ ခေါင်းစဉ်စာလုံးတွေမှာ ကနုတ်တွေထည့်ရေးတယ်။

ငတိုး ခေါင်းစဉ်တွေတပ်တဲ့ စတိုင်လ်ကို သဘောကျပြီး အတုခိုးခဲ့မိတယ်။
ဥပမာ - နာမ်ကို ခေါင်းစဉ်တပ်မယ်ဆိုရင် နငယ်ရဲ့အောက်က အတံကို ရှည်ရှည်လေးဆွဲပြီး အတွန့်ထည့် ငသတ်ကိုလဲ ရှည်ရှည်လေးဆွဲ အတွန့်တပ်နဲ့ ဟုတ်နေတာ...
ကနုတ်ပုံစံလေးတွေဖြစ်အောင် လျှောက်ရေးထားတာ။

ကိုယ့်စာအုပ်လေးကိုကြည့်ပြီး သူငယ်ချင်း၂ယောက် သဘောတွေကျ၊ ပြီးရင် ကနုတ်အသစ်ကလေးတွေ ထွင်ကြတယ်။
မှင်အရောင်ကိုလဲ ၄မျိုးသုံးပြီး ဘာသာ၁ခုစီကို အရောင်၁မျိုးစီ၊ ကနုတ်ပုံစံတစ်မျိုးနဲ့ ခေါင်းစဉ်တပ်တယ်။
တယောက်စာအုပ်တစ်ယောက်ကြည့်ပြီး၊ မင်းကနုတ်က ပိုလှတယ်၊ ငါ့ကနုတ်က ပိုလှတယ်ဆိုပြီး လုပ်ကြသေးတယ်။
စာစစ်ဖို့ ဆရာမဆီမှာ စာအုပ်တွေထပ်ကြတဲ့အခါ အတုခိုးထားတဲ့ ကျနော့်လက်ရေးကို တွေ့ပြီး မြန်မာစာဆရာမ ခေါ်ဆူဖူးတယ်။
ဟုတ်လှပြီထင်ပြီး ရေးထားတာတွေ အကုန်လုံးကို ပြန်ပြင်ရေးခဲ့ရတယ်...:(

အမှတ်တရပါပဲ။ (အမှတ်တရ ၂)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျောင်းပိတ်ရက်တွေမှာလဲ ကျနော်တို့၎ယောက် တွေ့ဖြစ်ကြတယ်။
များသောအားဖြင့်တော့ ကျနော်နဲ့ကျော်ကြီး ငတိုး(သို့)ဖိုးထက်တို့အိမ် သွားလေ့ရှိတယ်။
သူတို့နှစ်ယာက်ရဲ့အိမ်နားက ဘုရားနားမှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကိုသာယာတယ်။
အဲဒိဘုရားနားမှာ ကြာပင်တွေ ကန်လုံးပြည့်နီးပါးရှိတဲ့ ကြာကန်အကြီးကြီးရှိတယ်။
ကန်ပတ်လည် ကုက္ကိုပင်တွေဝိုင်းနေတဲ့ သိပ်ကို အရိပ်ကောင်းတဲ့ နေရာပါ။
တခါတလေ မိန်းခလေးသူငယ်ချင်း၎ယောက်လဲ ရောက်လာတတ်တယ်။
သစ်ပင်ရိပ်အောက်မှာ ကစားကြတယ်၊ စကားတွေပြောရင်း ငြင်းခုန်ကြတယ်၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။
ပြီးရင် ယူလာတဲ့ မုန့်တွေစားကြတယ်။
အဲဒိနေ့က သူငယ်ချင်း၎ယောက် စိတ်ကူးလေးတစ်ခု ရလိုက်တယ်။

ဒီရေကန်ကြီးထဲက ကြာတွေခူးပြီး ဘုရားမှာ သွားလှူကြမယ်လို့။
အဲဒိမှာ ဖိုးထက်က တစ်ယောက်တစ်ပွင့် ကိုယ်တိုင်ခူးကြရအောင်လို့ အကြံပေးတယ်။
ကန်က အရမ်းနက်တယ်။
ကန်အလယ်သွားဖို့ လှေလည်းမတွေ့ဘူး။
အဲဒါနဲ့ ကန်အစပ်နားမှာ ပွင့်နေတဲ့ ကြာပန်း၎ပွင့်ကို လိုက်ရှာကြတယ်။
တွေ့ပါတယ်၊ ၆ပွင့် ၇ပွင့်လောက်ရှိမယ်။
အဲဒိထဲကမှ ကန်စပ်အရောက်ဆုံး အကောင်းဆုံးကြာကို ခူးဖို့ဆုံးဖြတ်ကြတယ်။
ကန်က အစပ်မှာတင် ပေါင်တဝက်လောက်နီးပါး နက်တယ်။

ကျော်ကြီးနဲ့ ဖိုးထက်က သူတို့ဘောင်းဘီရှည်တွေကို ပေါင်တဝက်လောက်အထိ ခေါက်တင်ကြတယ်။
ကျနော်နဲ့ငတိုးရဲ့ ဘောင်းဘီကအတိုပေမဲ့ ပေါင်အရင်းလောက်အထိ ထပ်ခေါက်ကြတယ်။
ကိုယ်တိုင်ခူးဖို့အလှည့်ကျတဲ့သူက ရှေ့ဆုံးက၊ ကျန်၃ယောက်က နောက်မှာ။
ပြီးမှ တန်းစီပြီး တစ်ယောက်လက်တစ်ယောက်ချိတ် ရေနက်နက်ထဲဆင်းပြီး ကြာပန်းခူးကြတယ်။
ကြာပန်း၎ပွင့်လဲရရော ဘုရားမှာ သွားလှူပြီး ဆုတောင်းကြတယ်။
“ဒီသူငယ်ချင်း၎ယောက် အမြဲအတူတူ နေရပါလို၏၊ ပညာတတ်ကြီးတွေ ဖြစ်ရပါလို၏”ဆိုပြီး ဆုတွေတောင်းခဲ့ကြတယ်။
လူငယ်ဘဝရဲ့ အပေါင်းအသင်းအပေါ် ခင်မင်တဲ့စိတ်၊ ဖြူစင်တဲ့စိတ်တွေနဲ့ သံယောဇဉ်ကြီးခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

ပြီးတော့ ဟာသကားတင်လို့ ရုပ်ရှင်သွားကြည့်ကြတယ်။
အဲဒိနေ့က ညနေပိုင်းမှာ မိန်းခလေးသူငယ်ချင်း၎ယောက်နဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားခဲ့တယ်။
ချိန်းထားတဲ့ဆီ မသွားခင် ကျနော်တို့၎ယောက် ဘုရားအရင်သွားခဲ့ကြတာ။

ရုပ်ရှင်ကြည့်နေရင်း ခြေထောက်က စပ်ဖျဉ်းဖျဉ်းဖြစ်တာကို တချက်တချက်သိနေခဲ့တယ်။
ဟာသကားကကောင်း၊ သူငယ်ချင်းတွေက အုပ်စုတောင့်တော့ ပေါက်ကရတွေပြောပြီး
အရွှန်းဖောက်မယ့် စကားတွေကိုလဲ မလွတ်တမ်း နားထောင်၊ ဒီတော့ ခြေထောက်က ဝေဒနာကို မေ့သွားတယ်။
အိမ်ပြန်ရောက်တဲ့အထိပဲ။

အိမ်ပြန်ရောက်ပြီး ရေချိုးတော့မှ အဖြစ်ကို သေချာသိတော့တယ်။
ခြေသလုံးမှာ အရှိုးရာတွေဆိုတာ နည်းတာမဟုတ်ဘူး။
အိမ်ကတွေ့ရင်တော့ ကျောင်းမှာ အရိုက်ခံခဲ့ရတယ်လို့ ထင်မှာ အသေအချာပဲ။
ကိုယ်ကိုယ်တိုင်တောင် အဲဒိလို တွေးမိလိုက်သေးတယ်။
အတော့်ကို စပ်ဖျဉ်းနေလို့၊ ရေအမြန်ချိုးလိုက်ရတယ်။
ထမင်းစားလဲ ဒီစိတ်နဲ့ပဲ။
အိပ်ခါနီးမှ အဖြေကို သိသလိုလို ဖြစ်လာတာ...

ဟိုကောင်တွေဆီကလည်း ဘာသံမှမကြားတော့ ကိုယ်ထင်ထားတာ မဟုတ်လောက်ဘူးလို့လဲ သံသယ ရှိနေသေးတယ်။
ဒါကြောင့် သူငယ်ချင်းတွေဆီ ချက်ချင်းပဲ ဖုန်းဆက်မေးလိုက်တယ်။
ကျော်ကြီးဆီ အရင်ဆက်တယ်။
အဲတော့မှ အဖြေက ပိုနီးစပ်လာပြီး၊ ငတိုးဆီပါ ထပ်ဆက်တော့... ကျနော် ထင်နေတာ အမှန်ပဲ ဆိုတာ သိလိုက်ရတယ်။

ခြေသလုံးက အရှိုးရာတွေရဲ့ တရားခံက မြက်ပင်တွေပါ။
ကြာကန်အစပ် ကန်ပတ်ပတ်လည်မှာ မြက်ပင်ရှည်ကြီးတွေ ရှိတယ်။
မြက်ပင်တွေက ဓားလိုပဲ ထက်တယ်၊ ရှတယ်။
ခြေထောက်မှာ အရှိုးရာတွေဆိုတာ မြင်မကောင်းဘူး။
၂ရက်လောက် ခံလိုက်ရတယ်။
ရေချိုးတဲ့အချိန် အဆိုးဆုံး၊ ပူစပ်နေရောပဲ။

အခုကျတော့လည်း ဒါတွေက အမှတ်ရစရာတွေဖြစ်ရပြီ သူငယ်ချင်းတို့ရေ..
(အမှတ်တရ ၃)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက်မှာ စရိုက်အတူဆုံးက ကျနော်နဲ့ငတိုးပါ။
ကျနော်တို့၂ယောက် စရိုက်တူတာ တော်တော်များတယ်။
အတူဆုံးကတော့ ၂ယောက်စလုံး စတိုင်လ်မလိုင်နဲ့နေရတာကို ကြိုက်တယ်။
အဟဲ... ပဲများတယ်ခေါ်မှာပေါ့။ :P

ကျနော်က ၈တန်းလောက်ကမှစပြီး ပဲများလာတာ။
ငတိုးကတော့ ၆တန်းလောက်တည်းက ပြောတဲ့ဆိုတဲ့ အပြုအမူ၊ နေတဲ့ထိုင်တဲ့ ပုံစံ၊ ဝတ်တဲ့စားတဲ့ စတိုလ်ကော ပဲနဲ့ပေါ့ဗျာ။
ငတိုးက ကျနော်တို့ထဲမှာ ပဲအများဆုံးကောင်။
ဖိုးထက်ကလဲ ကျနော်နဲ့ငတိုးလို ပဲခပ်များများပေမဲ့၊ ကျော်ကြီးကတော့ အဆင်ပြေအောင် ဝတ်စားတာလောက်ပါပဲ။

ကျနော်တို့၎ယောက်မှာ ငတိုးက စိတ်ထားအကောင်းဆုံး။
ဒီကောင်စိတ်ကောင်းရှိတာ တော်ရုံခင်တဲ့လူတောင် သိနိုင်တယ်။
သူ့စိတ်ကို သိနေကြတော့ ငတိုးပဲများနေပေမယ့် ဘယ်သူမှ သောက်မြင်မကပ်ကြဘူး။
တခါတလေ ဒီကောင် overလုပ်ပြနေတာကိုက ခင်စရာ၊ ရယ်စရာဖြစ်နေကြတာ။

ဒီကောင့်ကို မိန်းခလေးသူငယ်ချင်းတွေကလဲ တော်တော်ခင်ကြတယ်။
ငတိုးက အခုအချိန်အထိ ကျနော့်အပေါ်မှာ အကောင်းဆုံးသူငယ်ချင်းပါ။
အမြဲအနစ်နာခံတတ်တယ်။
ကျနော့်ရဲ့ အတိုင်ပင်ခံ သူငယ်ချင်းပေါ့ဗျာ။
ဘဝမှာ ရှားရှားပါးပါး တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းကောင်းလေးပါပဲ။

အပြင်သွားကြမယ်ဆို ကျနော်က ဘယ်သူနဲ့မှ ဆင်တူဝတ်ပြီး မသွားချင်ဘူး။
အဲဒါလဲ ငတိုးနဲ့ တူတယ်။
မတော်တဆတူခဲ့ရင် ၁ယောက်ယောက်က ပြန်လဲရတယ်။
အခုအချိန်အထိ ပြင်လို့မရသေးတဲ့ ကျနော့်စရိုက်ပါပဲဗျာ။

ပဲများတာနဲ့ ပတ်သက်လို့ အမှတ်ရစရာက...
ဆယ်တန်းစာမေးပွဲပြီးခါစ အားနေတဲ့အချိန် ကျနော်၊ ငတိုးနဲ့ဖိုးထက် modelဝင်ပြိုင်ကြသေးတယ်။
ကျနော်နဲ့ငတိုးက စမ်းကြည့်တဲ့သဘောလောက်ပဲ နောက်ပိုင်း ဆက်မလုပ်ဖြစ်ဘူး။
ဖိုးထက်ကတော့ ဆက်လုပ်ဖြစ်တယ်။

ဒါလဲ ဘဝမှာ အမှတ်တရပါပဲ။ (အမှတ်တရ ၄)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက် ဆင်တူဝတ်ကြတဲ့ အခါတွေလဲရှိတယ်။
လည်ကတုံးအင်္ကျီအဖြူ၊ ယောပုဆိုးအနက်ကို ကျနော်တို့လေးယောက်စလုံး သိပ်ကြိုက်ပြီး ဆင်တူဝတ်လေ့ရှိတယ်။
အခါကြီးရက်ကြီးတွေနဲ့ မွေးနေ့တွေမှာ ဘုရားသွားကြတဲ့အခါ၊
သီတင်းကျွတ် ဆရာ၊ဆရာမတွေ လိုက်ကန်တော့တဲ့အခါ၊
နှစ်ဆန်း၁ရက်နေ့လိုမျိုး စတုဒီသာကျွေးတာတွေ၊ လူကြီးသူမတွေဆီသွားပြီး ကုသိုလ်လုပ်ကြတဲ့ အခါမျိုးတွေမှာပေါ့...

အဲဒိတုန်းက ကျနော်တို့ သူငယ်ချင်း၎ယောက် ပိုက်ဆံစုပြီး မကြာခဏ အလှူလုပ်လေ့ရှိတယ်။
အစပျိုးခဲ့တာက ဒီလိုပါ...
ကျနော့်မွေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အလှူ၁ခုရှိတယ်။
အဲဒါကတော့...မွေးနေ့မှာ မနက်ခင်း ဘုရားတက်ပြီးရင် လမ်းမှာ တွေ့တဲ့ အိုကြီးအိုမနဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့(တောင်းစားနေကြရတဲ့) အဖိုး၊အဖွားတွေကို ကျနော်စုထားတဲ့ ပိုက်ဆံကို ၆ပုံပုံပြီး အရင်ဆုံးတွေ့တဲ့၆ယောက်ကို ကန်တော့လေ့ရှိပါတယ်။

“သားမွေးနေ့မို့ ကန်တော့တာပါ”လို့ ပြောလိုက်တဲ့အခါ နွမ်းနယ်နေတဲ့ သူတို့ရဲ့ မျက်နှာတွေပေါ်က အပြုံးကြောင့် ပီတိဖြစ်ရတယ်။
ဒါကို ဟို၃ကောင် သိတော့ သူတို့လည်း သူတို့မွေးနေ့မှာ ကျနော့်လိုမျိုး အလှူလုပ်ကြတယ်။
ဒါနဲ့ပဲ ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် သူငယ်ချင်း၎ယောက်စလုံး ဆင်တူဝတ် ဘုရားတက်၊ ပြီးရင် အလှူလုပ်ကြတာ စင်ကာပူမလာခင်အထိပဲ...
စင်ကာပူက ပြန်လို့ မွေးနေ့နဲ့ တိုက်ဆိုင်ရင် ဒီလိုမျိုး အလှူလုပ်ဖြစ်ပါသေးတယ်။
ဒါပေမယ့် ကျနော်တစ်ယောက်တည်းပဲ။

ဟို၃ကောင်ကို ပိုပြီးသတိရမိစေတဲ့ အချိန်ပေါ့ဗျာ...(အမှတ်တရ ၅)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ငယ်ဘဝရဲ့ အမှတ်တရတွေပါပဲ။
ကျနော်အများဆုံးတွေးမိတဲ့ ငယ်ဘဝအကြောင်းတွေမှာ အဲဒိအရွယ်တုန်းက အမှတ်တရတွေက အများဆုံးပါဝင်နေတယ်၊ တွေးလိုက်တိုင်းလဲ ပျော်တယ်။
ဆက်ရေးရရင် အမှတ်တရတွေက အများကြီးမှ အများကြီးပဲ။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။

ဒီသူငယ်ချင်းလေးယောက်က အခုတော့လည်း မတူတဲ့ လေးနေရာမှာ။
မဆုံဖြစ်ကြတာ နှစ်တွေကြာလှပေါ့။
ကံမကုန်ရင်တော့ ပြန်ဆုံချင်ပါသေးတယ်။
“သူငယ်ချင်းတို့ရေ... မင်းတို့ကို ငါအမြဲလိုလို သတိရနေတယ်၊ မင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကွာ...”

Remind me of enjoying wonderful times with my lovely friends.........

Truly great friends are hard to find, difficult to leave, and impossible to forget...

They never get mad if friend teases with love :)

Miss you guys!!!