Monday, September 20, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အလယ်

အချစ်ဆိုတာ...
ပေးဆပ်ခြင်းလား?
ရယူခြင်းလား?
စွန့်လွှတ်ခြင်းလား?
ခံစားနားလည်မိတဲ့ အချစ်ကို ပြောရရင်...
အချစ်ဆိုတာ ချစ်ခြင်းသပ်သပ်ရယ်ပါ၊ ကျန်တာတွေ ၁ခုမှ မဟုတ်ဘူး။
အချစ်ရဲ့ခေါ်ဆောင်ရာနောက်ကို ယုံကြည်စွာ လိုက်ပါစီးမျောရင်း ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်။

...................................L..O..V..E.......................................

အဲဒိညကပေါ့...
မနက်ဖြန်အရေးတွေးရင်း
စိတ်မောလူမော ဖြစ်နေခဲ့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးလားလို့တော့ ရက်ရက်စက်စက် မမေးကြပါနဲ့။
နှလုံးသားနှစ်ခုရဲ့ ရင်ခုန်သံတွေ စည်းချက်ညီကြဖို့ ဘယ်ဖော်မြူလာသုံးပြီး တွက်ချက်ရမှာလဲ?
စစ်ပွဲတစ်ရာ နွှဲလိုက်ချင်တယ်၊ အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုတာ ကြားဖူးကြမှာပါ။

မနက်ဖြန်ပေါင်းများစွာအတွက် ပထမဆုံးသော ခြေလှမ်းကို စတင်တော့မှာ။
ပိုင်ဆိုင်ချင်လွန်းတဲ့ စိတ်ကြောင့် ပူပန်ကြောင့်ကြမှုတွေလဲ ခံစားနေရတယ်။

သူငယ်ချင်းက သူသိသမျှ သတင်းစုံ အကုန်ပေးရှာတယ်။
အဲဒိသတင်းတွေကနေ အကောင်းဆုံးဖြစ်မယ့် planကိုလဲ ချထားခဲ့ပြီးသား။
ဒါပေမယ့် တွေးလိုက်တိုင်း မင်းအကြောင်းဖြစ်နေတော့ လိုချင်တပ်မက်စိတ်က တိုးလို့သာနေတော့တယ်။

ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်သာ အိပ်စက်ခွင့်ကို ရနိုင်ခဲ့တာ။
အိပ်မက်တွေထဲမှာတော့ မင်းက စိုးမိုးနေတုန်းပဲ။
အဲဒိညကပေါ့...

.................................L..O..V..E.....................................

♫..အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ...♫


“သိပ်ကို ခမ်းနားကြီးကျယ်တဲ့ တန်ခိုးရှင်ဟာ အချစ်ပဲ”
ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်နေသူဖြစ်ပါစေ...
အချစ်က သိမ်မွေ့နူးညံ့သွားအောင် လုပ်နိုင်တယ်။
သတ္တိကြောင်တတ်သူတွေ...
အချစ်ကပေးတဲ့ အားအင်တွေကြောင့် ရဲရင့်ပြတ်သားလာလိမ့်မယ်။
ယုံကြည်စိတ်ချ နေပြန်တော့လဲ...
အချစ်က မဝံ့မရဲစိတ်တွေ သွင်းပေးတတ်ပြန်ရော။
သိပ်ကို အတ္တကြီးတတ်သူလား?
အချစ်ကပဲ စာနာစိတ်တွေ မွေးဖွားပေးလိမ့်မယ်။
ပြောလို့မကုန်နိုင်တဲ့ အချစ်ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးတွေပါပဲ။


“ရန်သူမျိုးငါးပါးရဲ့လက်က လွတ်မြောက်နေတာ အချစ်ပဲ”
နှလုံးသားတစ်ခုတည်းက မွေးဖွားပေးလိုက်တဲ့ အချစ်သာ အစစ်မှန်ဆုံး ချစ်ခြင်းပါ။
ဒါကြောင့် ဖန်တီးလို့မရသလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
သိစိတ်(ဦးနှောက်)နဲ့ တားမြစ်ထိန်းချုပ်နေရင်တောင် မသိစိတ်(နှလုံးသား)က အချစ်ကို သတိရနေလိမ့်မယ်။
အဲဒိလောက်ကို လွတ်မြောက်ပြီး၊ သူ့သဘော သူဆောင်နေတာ..အချစ်ပါ။


“ကြိုတင်ကာကွယ်လို့ မရနိုင်တဲ့ ရောဂါဟာ အချစ်ပဲ”
ဘာကိုမှ ကြိုတင် မပြင်ဆင်နဲ့။
ရှောင်တိမ်းဖို့ ကြိုးစားလဲ အပိုပဲ။
အချစ်ကို မပိုင်ဆိုင်ရလို့ ပြောင်းလဲပစ်ဖို့ ကြိုးစားအုံးမှာလား?
လုံးဝမဖြစ်နိုင်ဘူး။

.................................L..O..V..E.....................................

သူလေး
မကြာတော့မဲ့ အချိန်လေးအတွင်းမှာ...
ဒီliftကနေ ဆင်းလာတော့မယ်။
အမြဲလိုလို နောက်ကျတတ်တဲ့ငါ။
ဒီတစ်ခါတော့ ဝီရိယကို ရှေ့တန်းတင်၊ ၂၅မိနစ်ကြီးများတောင် စောရောက်နေခဲ့တာ။

“သင်တန်းက ဒီနေ့ ဒီအချိန် သေချာရဲ့လား?
လာစောင့်ကြည့်နေတာဖြင့် ၁လတောင် ပြည့်တော့မယ့်ဟာ။
sat 9am-11am, အခု sat 1035am.. အိုကေ။
ဒီနေ့လာမှ လာပါ့မလား?
မနေ့ညက သူငယ်ချင်းဖုန်းဆက်မေးပေးတာတော့ လာမယ်တဲ့။
မနက်ကျမှ ကိစ္စပေါ်လာလို့ မလာဖြစ်တာရော?
ခုနက ငါပဲ ဂဂျီဂဂျောင်ကျလို့ ဟိုကောင် အိပ်ချင်မူးတူးနဲ့ SMSပို့ပေးထားတာ now in classတဲ့ဟာကို။
ဒီကောင် အိပ်ချင်မူးတူးနဲ့ လူမှားပို့ရင်ကော?
ဒီလိုမေးလို့ အဆဲတောင်ခံခဲ့ရပြီးပြီပဲ၊ ဟုတ်မှာပါ။
သင်တန်းက စောစောဆင်းတာရော ဖြစ်နိုင်လား?
?.?.?.?..”

“ကိုယ်လဲ အကောင်ဆုံးလုပ်ခဲ့ပြီးပြီ။
ဘာမှ မစဉ်းစားနဲ့၊ အလကား စိတ်ပင်ပန်းတယ်။”
ဒီလိုတွေးချလိုက်တော့မှ နည်းနည်းစိတ်သက်သာရာရသွားတယ်။
အင်း ချစ်ဒုက္ခတွေ၊ ချစ်ဒုက္ခတွေ...

သင်တန်းရှိရာ ၁၂ထပ်အထိ တက်သွားရင်ကောင်းမလား?
မဖြစ်သေးဘူး။
တော်ကြာ ဘာလာလုပ်တာလဲ မေးရင် ဖြေရခက်လိမ့်မယ်။
မူလ အစီအစဉ်က အမှတ်တမဲ့ လမ်းကြုံရင်း တွေ့ကြရမှာလေ...
ဖုန်းနံပါတ်ကို သူငယ်ချင်းဆီက တောင်းလို့ရတာမျိုးလဲ မဖြစ်ချင်တော့...

♫...လာပါတော့ ခါခါမော့ ကိုကိုကျော့ မျှော်တဲ့ ၁၁နာရီ ထိုးတော့ ထိုးတော့
ထိုးပါတော့ဗျို့...♫

.................................L..O..V..E.....................................

ကုန်အောင်ပြောမယ်ကွာ...
အချစ်ကို အချစ်ကလွဲလို့ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။
အချစ်အတွက် အချစ်ပဲလိုတယ်။
တူညီတဲ့ တုန့်ပြန်မှုတွေနဲ့ အပြန်အလှန် ချစ်ခြင်းဖြင့်သာ အချစ်ကို ပြီးပြည့်စုံနိုင်လိမ့်မယ်။
အဲဒါ အချစ်ပဲ။
သိပ်ကို သေချာသွားပြီဖြစ်တဲ့ ချစ်ခြင်းရဲ့ ခေါ်ဆောင်ရာနောက်ကို
ယုံကြည်စွာလိုက်ခဲ့ပြီးမှတော့ မျက်စိမှိတ် ချစ်လိုက်တော့မယ်...

.................................L..O..V..E.....................................

ဟော.. လာပါပြီဗျ။
ဘယ်နေ့တွေ့တွေ့ မင်းလေးက ချစ်ဖို့ကောင်းလှချည့်။
ဒုက္ခပဲ လူက ကတုန်တယင်ဖြစ်လာသလို။
အရေးထဲ ရင်တွေကလဲ ခုန်လိုက်တာ...
သတိ။ စိတ်ကိုလျှော့ လျှော့...

နောက်ပြန်ဆုတ်၊ နောက်ပြန်ဆုတ်။
ရပြီ။ ရှေ့ပြန်လျှောက်၊ ရှေ့ပြန်လျှောက်။
တွေ့တဲ့အခါ မသိသလို အံ့သြဟန်ပြ။
ပြီးရင် စကားကိုလဲ ပုံမှန်ပြော၊ သိပ်ကြောက်မနေနဲ့အုံး။
ရင်တွေကတော့ ဗြောင်းဆန်အောင် တုန်နေတုန်းပဲ...

မနှေးမမြန်နဲ့ ဖြတ်လျှောက်ပြီး၊ ကျော်သွားရမှာ။
ဒီအချိန်မှာ timingက သိပ်ကို အရေးကြီးတယ်။
ဖြည်းဖြည်းချင်းနီးလာရာကနေမှ မျက်နှာချင်းဆိုင်။
အိုကေ တွေ့ပြီ၊ ဆုံပြီ၊ ဆုံပြီ...

ဘာတွေများ အရေးကြီးနေလို့လဲ?
ပတ်ဝန်းကျင်ကို နည်းနည်းလောက် ဂရုစိုက်ပါအုံးတော့လား!
လျှောက်တာကလဲ မြန်ပါ့ကွာ။
ကျော်တော့မယ်၊ ကျော်တော့မယ်။
ဟာ! ကျော်သွားပြီ။ သွားပါပြီကွာ။
တချက်လေးတောင် လှည့်မကြည့်ဘူး။ :(

.................................L..O..V..E.....................................

ဘဝမှာ ဖြစ်ချင်တာတွေ လိုချင်တာတွေက သိပ်ကိုများပါတယ်။
ဖြစ်ချင် လိုချင်တာတွေ အကုန်ရ အကုန်ဖြစ်မယ်လို့ မျှော်လင့်မထားခဲ့တာလဲ အမှန်ပါ။
ဒါပေမယ့် အလိုအပ်ဆုံးတွေကိုတော့ ရချင်မိတယ်။
ကလေးရယ်... ကိုကြီးဘဝအတွက်
အလိုချင်ဆုံးက မင်းလေးပါ။
အလိုအပ်ဆုံးက မင်းအချစ်ပါကွာ...
ဒါကြောင့် မင်းလေးအတွက် ရင်ခုန်သံတွေ ဖန်ဆင်းပေးနိုင်အောင်
ရင်ခွင်တံခါးကို လှစ်ဟပြဖို့ လာခဲ့တော့မှာ။
ကံကောင်းထောက်မလို့ ရင်ခုန်သံတွေ စည်းချက်ညီခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။

.................................L..O..V..E.....................................

မထူးတော့ဘူး။

ထင်ထားတာက သူလေးက မှတ်မိလိမ့်မယ်၊ နှုတ်ဆက်လိမ့်မယ်။
အဲဒိအခါ အလိုက်သင့်ကနေ အပြင်းလိုက်တော့မယ် စိတ်ကူးထားတာ။
အခုမှတော့ မထူးတော့ပါဘူး။
နောက်ကြောင်းပြန်လျှောက်သွားလိုက်တယ်။

"ညီမလေး ကိုယ့်ကို မှတ်မိလား?"
သူလေး စဉ်းစားတယ်၊ စဉ်းစားနေတယ်...
"ဟုတ်၊ မြင်ဖူးသလိုပဲ"
ဒီလောက်ဆို မဆိုးပါဘူး (စိတ်ဖြေလိုက်တယ်)
"ကိုယ်က ကို___ရဲ့သူငယ်ချင်းပါ၊ ကိုယ်တို့ တွေ့ဖူးကြတယ်လေ"
စဉ်းစားပြန်ပြီ...
အဲဒိလောက်ထိ စဉ်းစားနေရတာကတော့ တဆိတ်.. လွန်ပြီထင်တယ်။
စိတ်တွေကို ဒီမှာပဲ ထားပါ ကလေးရာ...
မင်းကို ကြည့်ရတာ အတွေးပင်လယ်ထဲမှာ လက်ပစ် ကူးနေသလိုပဲ။
.....
.....
.....

တစ်လတိတိ ကြိုတင်ပြီး သေချာချခဲ့တဲ့ plan၊ ရေးခဲ့တဲ့ ဇာတ်ညွှန်း
အဲဒိနေ့က...
အဆင်ပြေသလိုပဲ သရုပ်ဆောင်ပြီး ပြန်လာခဲ့ရတယ်။
ဖွတ်ဖွတ်ညက်ညက် ကျေအောင်ကို အလွတ်ရနေတဲ့ ဇာတ်ညွှန်းထဲကအတိုင်း သရုပ်မဆောင်ခဲ့ရပါဘူးဗျာ...

.................................L..O..V..E.....................................

ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့ သွားကြတဲ့အခါ
အမှားအယွင်းနည်းနိုင်သမျှနည်းဖို့၊
လိုအပ်တာထက် ပိုမကြာစေဖို့၊
နောင်တတွေကင်းဖို့ လိုအပ်ပါတယ်။

နားလည်မိသလောက် ပြောရရင်...
မတူတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းတွေ၊
ကြားမြင်ဗဟုသုတတွေ၊
ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ၊
ဒါတွေကလည်း လူတစ်ယောက်နဲ့ တစ်ယောက် ကိစ္စ၁ခုပေါ် စဉ်းစားဆုံးဖြတ်၊ ကိုယ်တွယ်ဖြေရှင်းပုံတွေကို ကွဲပြားစေနိုင်ပါတယ်။

အခြေအနေတွေကို အနီးစပ်ဆုံး အမှန်အတိုင်း မြင်တတ်ဖို့က အရေးကြီးဆုံးပဲ။
ကိုယ်ချစ်တဲ့မိန်းခလေးရဲ့ အနေအထိုင်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ကိုယ်က မသိမသာ ကိုယ့်ဖက်ပါအောင် လုပ်ရမှာ။
ဒီလိုကိစ္စတွေမှာ သူတို့တွေက အရှက်အကြောက်ကြီးကြတယ်လေ။

ဒါကြောင့်
ရလို့ရမှန်းမသိစေပဲ ပေးလိုက်ချင်တာ...
လာလို့လာနေမှန်းမသိရအောင်ပဲ နီးသထက်နီးလာစေမှာ...
ဝင်လာပါလို့ မပြောမိစေပဲ၊ ဝင်လာနိုင်မဲ့ လမ်းတွေကို ဖောက်ပေးရုံလောက်သာ...
ဆိုလိုတာက...
သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားပဲ...
ရေလာရုံသပ်သပ်နဲ့ မလုံလောက်ရင်၊ မြောင်းဖောက်ဖို့အတွက် လိုအပ်တာလေးတွေကိုပါ ကူညီပေးဖို့ပါ။

ဒါဟာ မျှော်လင့်ခြင်းတွေ လက်တွေ့ဖြစ်အောင်လို့ မွန်းမံခြင်းရယ်ပါ ကလေးရယ်။
(မန်ကျည်းကိုးပင် မဟုတ်ရပါဘူး...)

.................................L..O..V..E.....................................

ကဲ ဒါဆိုရင်...
ဘယ်လိုဆက်လုပ်မှာလဲ?

အဲဒိနေ့က...

ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ကျနော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ
ရလာတဲ့ ဖုန်းနံပါတ်နဲ့ email addressက သက်သေပဲလေ။
ဒါတွေဟာ အောင်မြင်ခြင်းရဲ့ ရလဒ်ဆိုရင်...
ပထမဆုံးနေ့အတွက် ချထားတဲ့ planထဲ မဝင်လဲ ဘာအရေးလဲနော့။

တကယ်တော့ ကျနော် ကမူးရူးထိုးကွက် နင်းလိုက်တာပါ။
ကမူးရှုးထိုးကနေမှ မူလ သတ်မှတ်ထားခဲ့တဲ့ လမ်းကြောင်းပေါ် ပြန်ခေါ်ရတာ။
ဘယ်လမ်းကနေသွားသွား ပန်းတိုင် ရောက်ဖို့ပဲလေ။
ဟုတ်တယ်ဟုတ်။

ကျနော့်ရဲ့ ပထမဆုံးပန်းတိုင်က ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ။

.................................L..O..V..E.....................................

သူလေးက further studyအတွက် အဆက်အသွယ်တွေ သတင်းအချက်အလက်တွေ ရှာနေတယ်ဆိုတာ ချစ်သူငယ်ချင်းကောင်းကြီးက ပြောပြခဲ့ဖူးတယ်။
ဒါဟာ ကျနော် သူလေးကို အမြဲဆက်သွယ်လို့ရနေအောင် မကုန်နိုင်တဲ့ အကြောင်းအရာတွေရှာပေးနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲလေ။
ကျနော့်ရဲ့ ညီတစ်ဝမ်းကွဲလေးက သူလေးနဲ့ fieldတစ်ခုတည်းက ကျောင်းပြီးခဲ့တဲ့ စီနီယာတစ်ယောက် ဖြစ်နေခဲ့တာကလဲ ကံကောင်းခြင်းပါပဲ။

အဲဒိနေ့က...
“ဘယ်လိုလဲ မှတ်မိပြီလား?”
“ဟုတ် မှတ်မိပြီ။”
“ကိုကြီးလဲ ညီမလေးကို တွေ့ဖူးတယ်လို့ ကြည့်နေတာ၊ ဒါပေမယ့် ညီမလေးက မသိသလိုပုံစံဖြစ်နေတော့ စိတ်ကမရဲတရဲနဲ့ပဲ ခေါ်လိုက်တာ။”
“ဆောရီးပါ အစ်ကို၊ အတွေးတွေ လွန်သွားလို့ပါ”
“ရပါတယ်ကွာ၊ ဒါနဲ့ ညီမလေးက ဒီမှာ သင်တန်းလာတက်နေတာလား?”
“ဟုတ်တယ်၊ အင်္ဂလိပ်စာသင်တန်းပါ။ ကိုယ့်အင်္ဂလိပ်စာ skillကို အားမရလို့ သင်တန်းတက်နေတာ။”

အင်း... ငါ့လမ်းကြောင်းပေါ် မရောက်ရောက်အောင် ဆွဲခေါ်ရမယ်...

“futher study အတွက်လား?”
“အင်း အဲဒိအတွက်ရယ် မဟုတ်ပေမဲ့၊ futher study ဆက်တက်ဖို့လည်း ရည်ရွယ်ထားတော့ ဒီသင်တန်းတက်ဖြစ်သွားတာ”
“ဖြစ်နိုင်ရင်တော့ ကျောင်းတက်တာ ပိုကောင်းတယ်၊ ငယ်တုန်းမို့ ပြောတာ”
“အင်း တက်တော့တက်ချင်တယ်”
“ကိုယ့်ညီလေးက ညီမလေးရဲ့ စီနီယာပဲ အခုဒီမှာ xxxတက်နေတာ 3rd semesterတောင် ရောက်နေပြီ။”
“ဟုတ်လား?”
“ကိုကြီးကိုယ်တိုင်ပဲ ညီလေးအတွက် လျှောက်ပေးခဲ့တာ။
ဒါပေမယ့် ကိုကြီးက xxxဆိုတော့ ညီမလေးတို့နဲ့ လိုင်းမတူဘူး။
ဒါကြောင့် ပိုသေချာအောင် အဲဒိမေဂျာနဲ့ပဲ ကျောင်းပြီးခဲ့တဲ့ သူငယ်ချင်းတွေဆီက ထပ်စုံစမ်းပြီးမှ ညီလေးအတွက် အကောင်းဆုံးမို့ လျှောက်ပေးခဲ့တာ။”
“ကိုကြီးလဲ အဲဒိကျောင်းကပဲ ပြီးတာ၊ ကျောင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာတွေ ကိုကြီး သေချာရှင်းပြပေးနိုင်ပါတယ်။”
အခွင့်အရေးဆိုတာ ၂ခါမလာဘူး။
ဒါကြောင့် အခွင့်အရေးဆိုတဲ့ မြစ်ရေကို ၁ခါတည်း အမိအရ ချိုးလိုက်တာ။
ဇွတ်ပဲ လို့တော့ မပြောကြေး။

“ဟုတ်လား၊ အစ်ကို”
.....
............
...................
ဟင် ဒါပဲလား။
“ဘာအခက်အခဲ ဖြစ်နေလို့လဲ?”
“မေးရမှာ အားနာလို့”
“ဟာ... အားမနာပါနဲ့...”
နော်... နော်။

“မေးချင်တယ်... ဒါပေမယ့် ပြောပြပေးလို့မရရင် အားနာနေရမှာ”
“ကိစ္စမရှိပါဘူးကွာ... မေးပါ”
“စာရွက်စာတမ်း ကိစ္စတွေအတွက် ခေါင်းကိုက်နေတာ။ ”
အိုးးး ကွတ်တိပဲ။
သူတို့လေးတွေအတွက် အဓိက အကြီးမားဆုံးသော ပြဿနာက ဒါပဲ။
ဒါကိုသိလို့ အဓိက ပစ်မှတ်ထားပြီး စပေါ့ရိုက်ထားတာလေး ဒတ်ထိကိုတိုးတာ...

ကံကောင်းခြင်းလေလား...
ရှေ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရသလိုပဲ...

.................................L..O..V..E.....................................

“အင်း သဘောပေါက်ပြီ။
ဟုတ်တယ်။ ညီလေးတုန်းကလဲ သူ့ရှေ့မှာ လုပ်ခဲ့ဖူးတဲ့ စီနီယာ မရှိတော့ တော်တော်ဒုက္ခရောက်ခဲ့တယ်။
ဒါပေမယ့် နောက်ဆုံးတော့ ညီလေး အဆင်ပြေသွားတယ်။”
“ညီက ___နဲ့ ပြီးတာလား?”
“ဟုတ်တယ်”
“ဒါဆို မေဂျာမတူသလို၊ ရခဲ့တဲ့ ဘွဲ့လဲ မတူဘူး၊ ညီမလေးက xxxကပြီးတာ။”
“မတူမှန်း ကိုကြီးသိပါတယ်၊ ဟိုတစ်ခါ သူငယ်ချင်း မိတ်ဆက်ပေးထားတည်းက မှတ်မိနေတာ။
ရှေ့မှာ ညီမလေးတို့xxxကျောင်းက ဘွဲ့ရတွေ ဘယ်သူမှ မလုပ်ခဲ့ဖူးဘူး။ ပထမဆုံးလမ်းဖောက်ရမယ်။
ဒါပေမယ့် ညီလေးနဲ့ fieldချင်းတူတယ်လေ။ ဒါကြောင့် ညီလေးလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားရုံပါပဲ။
အဆင်ပြေမှာပါ၊ ကိုကြီးလဲ ကူညီမယ်လေ။”
“ကိုယ့်ညီ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပြောပြမယ်လေ၊၊
နားထောင်ကြည့်ပြီးမှ ဖြစ်နိုင်မယ်ထင်ရင် ဆက်လုပ်ကြည့်ကြတာပေါ့...မလုပ်ကြည့်ရင်တော့ ဘာမှမသိနိုင်ဘူး။”
ဇွတ်ပဲနော်။
တကယ့်ကို ကမူးရှုးထိုးကွက် နင်းခဲ့တာ။

“အားလည်းနာတယ်၊ အချိန်ရရင်တော့ ပြောပြပေးပါလား?”
အိုး... ကွက်တိ ကွက်တိ။
“သေချာ စုံစုံလင်လင် ပြောပြချင်တယ်၊ ဒါပေမဲ့ ချိန်းထားတာလေးရှိသေးတော့”

“ဒီလိုလုပ် လုပ်ပါလား။
ညီမလေးသိချင်တာတွေ မေးလို့ရအောင်ရယ် ကိုကြီးလဲ စာရွက်စာတမ်းကအစ လိုအပ်တာတွေ ပို့ပေးလို့ရအောင်...
ကိုကြီးဖုန်းနံပါတ်ယူထား။ ညီမလေးဖုန်းနံပါတ်လဲ ကိုကြီးကို ပေး။
နောက်ပြီး.. email addressပါ ပေးထား။
ဒါမှ ညီမလေး သိသင့်တယ်ထင်တဲ့ informationတွေ ပို့ပေးလို့ရမယ်။
မရှင်းလင်းတာရှိရင် ကိုကြီးကို ဖုန်းဆက်မေး။
အိုကေ!”

ချထားတဲ့planထဲ ဝင်လာတုန်းလေး အမိအရဖမ်းဆုပ်လိုက်တာ။
သိပ်ကို သိသာနေလားဟင်! :P

အိုကေမယ်လို့တော့ ထင်တာပဲ။

.................................L..O..V..E.....................................

“ဟုတ် ကိုကြီး။”
“ဒါ ညီမလေးရဲ့ ဖုန်းနံပါတ်နဲ့ အီးမေလ် လိပ်စာ”
“သိချင်တာတွေကတော့ အများကြီးပဲ။ တော်တော် အားတက်သွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။”
“ကိုxxx နဲ့ တွေ့သေးလား?”

“မတွေ့ဖြစ်ပါဘူးကွာ၊ ကိုကြီးလည်း ဒီရက်ပိုင်း တအားအလုပ်ရှုပ်နေတာနဲ့”
“နောက်ကျ နေပြီလား မသိဘူး။”
“ဟုတ်ပ၊ စကားကောင်းနေတာနဲ့...”
“ကဲဒါဆို ချိန်းထားတဲ့ဆီ သွားလိုက်အုံးမယ်... ညကျမှ ကိုကြီး ဖုန်းဆက်လိုက်မယ်။
ဟိုကောင်ကြီးကိုလည်း ညီမလေးနဲ့တွေ့တဲ့အကြောင်း ပြောပြလိုက်မယ်”

ဒီလိုနဲ့ မနက်ဖြန်ပေါင်းများစွာမှာ မင်းလေးနဲ့အဆက်အသွယ်ရနေဖို့ အကြောင်းအရာများစွာနဲ့ တဖြည်းဖြည်းချဉ်းကပ်ဖို့...
God bless me!!!!

.................................L..O..V..E.....................................

နေ့တိုင်းနီးပါးလောက် ကျောင်းကိစ္စတွေကို အကြောင်းပြပြီး အီစကလီလုပ်နေမိတယ်။
(အီစကလီ = စကားစမြည်)
တနေ့တနေ့ ကောင်းသောစတင်ခြင်းနဲ့ဖြစ်ဖို့၊ စိတ်ဝင်စားနိုင်မယ့် ကျောင်းကိစ္စနဲ့ပတ်သတ်တာတွေ ရှာရဖွေရတာလည်း အမောပဲ။
အချိန်မရွေး ကိစ္စရှိရှိမရှိရှိ ဖုန်းပြောနိုင်မယ့် အဆင့်မရောက်သေးခင်၊ ဖုန်းပြောကြတဲ့အခါ အစပျိုးတဲ့ အကြောင်းအရာက သိပ်ကို အရေးကြီးတယ်။

ကိုယ်နဲ့ဖုန်းပြောဖို့ သူကိုယ်တိုင်က လိုလိုလားလားဖြစ်နေမှ အဆင်ပြေနိုင်မယ်။
တော်ကြာ အကြောင်းအရာတွေက စိတ်ဝင်စားစရာမကောင်းရင် ပျင်းသွားလိမ့်မယ်။
ကျောင်းကိစ္စတွေပြောရင်းကမှ တခြားစိတ်ဝင်စားမယ့် အကြောင်းအရာတွေနဲ့ ပိုပိုပြီးရင်းနှီးလာအောင် လုပ်နေမိတယ်။
အစပျိုးကောင်းကောင်းနဲ့ အကြာကြီးပြောပြီးမှ ပြောချင်တာလေးတွေ ကြားညှပ်ပြောရတာပါ။
အခုအချိန်မှာ သိပ်အများကြီးတော့ ပြောလို့မရနိုင်သေးဘူး။

သူလေးစိတ်ဝင်စားတာတွေက အဆန်းတကြယ်ဖြစ်ရပ်တွေနဲ့ ရယ်စရာတွေ။
ကျွမ်းကျင်ရာ လိမ္မာဆိုသလို၊ ငပေါတို့ထုံး နှလုံးမူပြီး ဗဟုသုတဖြစ်ဖွယ်ရာတွေကို ပေါကွက်လေးတွေ ညှပ်ပြီးပြောခဲ့တယ်။
ဘလော့ဂ်တွေရဲ့ ကျေးဇူးကြောင့်သာ အဆင်ပြေခဲ့တာ။
တနေ့တနေ့ ထူးထူးဆန်းဆန်းနဲ့ ဗဟုသုတဖြစ်ဖွယ်တွေကို ပြောပြနိုင်ဖို့...
တအားကို စာဖတ်အား ကောင်းခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

.................................L..O..V..E.....................................

တပတ်ကို အနည်းဆုံး၃-၄ရက်လောက် ပြောဖြစ်အောင် အကြောင်းအရာမျိုးစုံ ရှာဖွေတယ်။
အဓိက သူလေးအတွက် အရေးကြီးမယ့် အကြောင်းအရာမျိုးတွေပေါ့။
ကြိုးစားမှုရဲ့ ရလဒ်တွေကြောင့်လား?
သူလေးက ကိုယ့်အပေါ် သံယောဇဉ်တွေ ရှိလာတာ တယောက်နဲ့တယောက် ပိုပြီးနီးကပ်လာတာ ခံစားလို့ ရနေခဲ့တယ်။

၂ပတ်၁ခါလောက် သင်တန်းပြီးတဲ့အချိန်လောက်မှန်းပြီး လမ်းကြုံသလိုနဲ့ သွားတွေ့တယ်။
သင်တန်းပြီးချိန်က ထမင်းစားချိန်နဲ့ကပ်နေတာလဲ ကျနော့်အတွက်ကံကောင်းခြင်းပါ။
ထမင်းအတူစားဖြစ်ကြတယ်၊ စကားတွေ ပြောဖြစ်တယ်။
အဲဒိ တွေ့ဆုံမှုတွေကနေ သူလေးအကြောင်း ပိုပိုသိလာရတယ်။

လက်တလော အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျသလိုလို ဖြစ်နေတဲ့ ကလေးရဲ့အကြောင်းကို သိခဲ့ရတယ်။
ညှိုးနွမ်းနေတဲ့ မျက်လုံးလေးတွေ ကြည်လင်တောက်ပလာအောင် အားအင်တွေပေးချင်မိတယ်။

ဘဝဆိုတာ ဒီလိုပါပဲ ကလေးရယ်။
အခက်အခဲတွေဆိုတာ ကိုယ်ဘယ်လောက် စိတ်ဓာတ်ခိုင်မာလည်းဆိုတာကို မှတ်ကျောက်တင်ထားမဲ့ ဘဝရဲ့မှတ်တိုင်တွေပါပဲ။
ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းကို မှတ်ကျောက်တင်ပေးနေတယ်လို့ သဘောထားပြီး ရဲရဲရင်ဆိုင်လိုက်ပါ။

အခုအချိန်အထိ စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေကို ပြန်ကြည့်လိုက်စမ်း။
ဒါတွေဟာ ကလေးကိုယ်တိုင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး စိုက်ထူခဲ့တာတွေပါ။
အခုလည်း ကလေးလုပ်နိုင်မှာပါ၊ ကလေးကို ကိုကြီးယုံတယ်။
လက်ရှိ ကလေးရဲ့အခြေအနေတွေက ဘယ်လောက်စိတ်ဓာတ်ခိုင်မာလည်း ဆိုတာ သက်သေပြနေကြတယ်။

ချစ်ခြင်းတွေနဲ့အတူ ဒီစိတ်ဓာတ်လေးကို မြတ်နိုးတန်ဖိုးထားမိပါတယ်။
မပျော့ညံ့တဲ့ ကလေးရဲ့စိတ်ဓာတ်ကို ချီးကျူးပါတယ်၊ ဂုဏ်ပြုပါတယ်ကွာ။

ဘာကိုမှ သေချာမသိခင်တည်းက သိပ်ကို ချစ်မိသွားခဲ့တာ...
တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုသိလာရတော့.. မြတ်နိုးတန်းဖိုးထားခြင်းတွေ ပိုလာရတယ်...

ဘယ်လိုမှ ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် နှောင်ဖွဲ့ထားနိုင်တဲ့ မိန်းခလေးရယ်...
“သိပ်ချစ်တယ်”

.................................L..O..V..E.....................................

တခါတလေတော့လည်း...
ကိုယ့်အပေါ်မှာ ယုံကြည်အားကိုးမိတဲ့စိတ်တွေနဲ့ အားကိုးတကြီးဖြစ်နေတာကို အသုံးချလိုက်သလို ဖြစ်နေလား?
ငါဖြစ်ချင်တာလေးတွေကို ရယူနိုင်ဖို့၊ သူဖြစ်ချင်တာတွေကို လုပ်ပေးနေတာများလား?
ဒါဟာ မရိုးသားတဲ့ ချဉ်းကပ်မှုလား?
ဆိုတဲ့ လားပေါင်းများစွာနဲ့ စိတ်တွေ မွန်းကျပ်လာမိတယ်။

တကယ်ကို ချစ်လွန်းလို့၊ မင်းလေးအနားကို အချစ်တွေနဲ့ပဲ ချဉ်းကပ်လာခဲ့တာပါ။
force မပါတာတော့ အသေအချာ ပြောနိုင်တယ်။
ဒါဆို trick လား?
မဟုတ်ဘူး၊ trick မဟုတ်ပါဘူး။

ဘာဆိုဘာမှ မဟုတ်ပါဘူးကွာ...
ချစ်လို့... အနီးဆုံးမှာ နေနိုင်ဖို့၊ အရိုးသားဆုံးနှောင်ဖွဲ့ဖို့ပါ။
ဒီလို အတွေးတွေကြောင့် စိတ်တွေ ပူပန်ပြီး အိပ်ပျက်ရပြန်ပြီ။
ဒါတွေကို မင်းလေးနားလည်ပါ့မလား...

ဒီလိုပါပဲ။
ကြုံနေကျ အိပ်ပျက်ညတွေဟာ ကိုယ့်အတွက် မဆန်းတော့တာမို့...
ကဲ ကလေးရေ...
ခုညလည်း မင်းအတွက်

.................................L..O..V..E.....................................

YOUR LOVE IS ALL I THINK ABOUT...
ကိုကြီး ကလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုယ်တိုင်ခံစားမိမှာ... သိလာမှာပါ။
မဖြစ်နိုင်ဘူးထင်ရင်၊ မချစ်နိုင်ဘူးထင်ရင် ကိုကြီးရဲ့အချစ်ကို လက်ခံမှာ မဟုတ်ဘူးဆိုတာကိုလဲ ယုံကြည်နေတယ်။

ကိုယ်ကလဲ ဒီလိုပဲ ဖြစ်စေချင်တာ။
ကြည်ကြည်ဖြူဖြူနဲ့ လိုလိုချင်ချင်ပေးတာကိုပဲ လိုချင်တာ။
ဘယ်လောက်ပဲချစ်နေပါစေ မပေးချင်တာကိုတော့ မလိုချင်ပါဘူး။

ယုံလာအောင် ပြောတာထက်၊ ယုံကြည်နိုင်စရာတွေကိုသာ သက်သေပြမှာ။
ချစ်လာအောင် ပြောတာထက်၊ ချစ်နေပါတယ်ဆိုတာ သိစေမှာ။
လာချင်အောင် ပြောတာထက်၊ လာချင်တယ်ဆိုတဲ့အချိန် အစဉ်သင့် ဖြစ်နေအောင် နှလုံးသားတံခါးတွေ ဖွင့်ပေးထားမှာ။

.................................L..O..V..E.....................................

ကလေးလေး...

ခံစားနေရသမျှတွေကို မင်းလေးသိနိုင်ဖို့ ဖြည်းဖြည်းချင်း ပြောပြမယ်နော်။
နှလုံးသားကလာတဲ့ ရင်ခုန်သံစစ်စစ်နဲ့ နားထောင်ကြည့်ပေါ့။
ပြီးတော့မှ ပေးလိုက်ရမှန်း မသိအောင် မသိသလို သိသလိုနဲ့ တောင်းပါ့မယ်။
ရင်ခုန်သံတွေ စည်းချက်ညီခဲ့မယ်ဆိုရင်...
နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ်၊ ပေးချင်သလောက်သာ ပေးပါ။

ကိုယ့်ဘဝဟာ...
မင်းရှိမှဖြစ်မဲ့ အနာဂတ်ပါကွာ။
တောင့်တနေမိတဲ့ ကြင်နာတတ်တဲ့ အချစ်တစ်ခုဟာ မင်းလေးပေးမှ ရမှာမို့
စာနာနားလည်ပေးနိုင်မယ်ဆိုရင်...

အရာအားလုံးဟာ မင်းလက်ထဲမှာ...

Friday, September 10, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အစ

အဲဒိအခိုက်အတန့်လေးမှာ...
မသိစိတ်ရဲ့ စေစားရာနောက် မျောပါသွားလိုက်တာ...
ပတ်ဝန်းကျင်နဲ့ ခဏလောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်။

အိုးးးး... တကယ့်ကိုပဲ။
သူငယ်ချင်းက မျက်နှာရိပ်နဲ့ လှမ်းပြီး သတိတွေ ပေးနေတာကိုလဲ သိနေတယ်။
သိပ်သိသာနေလို့လား သူငယ်ချင်းရာ။
ငါလဲ ထိန်းတာပါပဲ။
မနိုင်တာတော့ မတတ်နိုင်ဘူးကွာ။

သတိထားနေရင်းက စိတ်တွေ လွတ်လွတ်သွားပြီး မှင်သက်နေမိပြန်တယ်။
သိစိတ်နဲ့ မသိစိတ် အကြိတ်အနယ်ပါပဲ။
သိစိတ်လေးခမျာ မသိစိတ်ရဲ့ အနိုင်ကျင့်တာကို အလူးအလဲ ခံနေရရှာတယ်။

လူလစ်တာနဲ့ သူငယ်ချင်းက “ဟိတ်ကောင်ကြီး.. မင်းမျက်နှာကြီးက ပြုံးဖြီးနေတာပဲ”တဲ့။
“အေး ငါကိုယ်တိုင်လဲ သိနေတယ်... အဟီး”လို့ပဲ ပြောလိုက်နိုင်တယ်။
အဲ့လောက်တောင် ဖြစ်ခဲ့ရတယ်။
တကယ်ပါ၊ တကယ်ကြီးပါ။

သူငယ်ချင်း...
ငါ့ရဲ့ သူငယ်ချင်းလေး
မင်း. မင်း.. တကယ့်သူငယ်ချင်းကောင်းပါပဲ..... ကွာ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

ဟုတ်တယ်လေ။
ဒီကောင်ကြီးက သူ့အသိတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ပြောလို့ အခုဒီကို ရောက်နေရတာ။
မင်းသိပ်ကြိုက်တဲ့ typeပါတဲ့။
ပြောခဲ့ဖူးသေးတာ အခုမှ ပြန်သတိရသွားတယ်။
ကြည့်ပါအုံးဗျာ။
ချစ်ချာလေးလို့သာ ရူးပေါပေါလေး ပြောလိုက်ချင်တော့တယ်...

ရင်ထဲမှာလည်း ဖိုးသိုးဖတ်သတ်၊ ကျလိကျလိ၊ ဟိဟိဟိ...
ဖြစ်နေတာတွေ၊ ဖြစ်နေတာတွေ။
ဒါတွေလဲသိနေတယ်...

ဒီလို ကိစ္စမျိုးမှာ ဆရာကြီး မဟုတ်သလို၊ သူငယ်__စားလဲ မဟုတ်ရပါ။
နို့ပေမဲ့... ဘယ်လိုကြီး ဖြစ်နေမှန်းကို မသိတာ။
အတွင်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကိုတော့ ငါမတားနိုင်ဘူးမောင်။

ငါထိန်းနိုင်တာက အပြင်ကို ဗြစ်ခနဲ ပန်းမထွက်ဖို့ပဲ။
ထိန်းးးးး ထိန်းးး ထိ န်းေ န ပါ တ ယ်..

စိတ်ထဲမှာ ကြိတ်ပြောလို့တော့ ရတယ်ဟုတ်?.?.?

မြင်မြင်ခြင်းပေမဲ့ မင်းသိပ်ဆိုးတယ် ကလေးရယ်၊ မင်းသိပ်ဆိုးတယ်။
တကယ်ပါပဲ။
ဘာလို့ ဒီလောက်တောင်မှ ချစ်ဖို့ကောင်းနေရတာလဲ?
“ဖြေ အခုဖြေ”

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

မင်းလေး...

မပြုံးပါနဲ့ကွာ... မပြုံးပါနဲ့...

မင်းပြုံးလိုက်တိုင်း အတင်းကာရော ကုပ်ခဲခံနေရတဲ့ ရှုးဖိနပ်ထဲက ငါ့ခြေချောင်းလေးတွေကို သနားရင်ပေါ့...

မရီလိုက်ပါနဲ့ကွာ... ကျေးဇူးပြုပြီး မရီလိုက်ပါနဲ့...

ဒီအပြုံးလေးတွေက ငါ့လက်တွေ တုန်ယင်သွားအောင် လုပ်နိုင်တာ။
တင်းကျပ်နေအောင် ဆုပ်ကိုင်ထားတာကို ခံနေရရှာတဲ့ ငါ့ရှေ့က ဖန်ခွက်ကလေးကသာ သိတာ။
မင်းကတော့ သိမယ်မထင်ပါဘူး...

စကားတွေပြောနေရင်းနဲ့လဲ တချက်တချက်လှမ်းမကြည့်လိုက်ပါနဲ့...

ကလေးရယ်
ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်ပါ။
ဒီလိုသာ ဆက်ကြည့်နေမယ်ဆိုရင် မင်းအကြည့်တွေ မခံနိုင်တဲ့ ငါ့မျက်လုံးတွေကို ငါဘယ်တော့မှ ပြန်ဖွင့်ရတော့မှာလဲ?

ခေါင်းငုံ့မျက်နှာလွှဲ?
ဒီလိုလဲ ငါမလုပ်နိုင်ပြန်ဘူး။

သေချာတာတော့.. မင်းအကြည့်တွေက ရိုးရိုးလေးရယ်ပါ။
ပြီးတော့ တခဏလေးပါပဲ။
ဒါပေမယ့် ငါ့မှာ အဆန်းတကြယ်တွေ ဖြစ်နေခဲ့ရတယ်။

ဝန်ခံပါတယ်...
သေစေလောက်တဲ့ ဒီအကြည့်တွေကြောင့် မှော်ဝင်သလို ငါ့ရင်ခုန်နေခဲ့တယ်...
တကယ်!!

♫♫...အကြည့်တစ်ချက်... ငါ့ရင်လောင်သွားတယ်...
အကြည့်တစ်ချက်... အသည်းထဲထိအောင် ခါသွားတယ်...♫♫

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

တကယ်ဆိုရင်
မင်းရဲ့ အပြုံး၊ မင်းရဲ့ အရီ၊ မင်းရဲ့ မျက်လုံးလေးတွေကို မင်းမသိလိုက်အောင် ခိုးကြည့်နေခွင့်လောက်ပါပဲ။
အခုအချိန်မှာတော့ အဲဒိလောက်သာ စွမ်းနိုင်တဲ့ ငါ့သတ္တိတွေကြောင့်...
မင်းလေး မသိသလို နေပေးပါကွာ။
ငါအခု မင်းလေးဆီက လိုချင်မိတာ အဲသည့်လောက်လေးပါပဲ။

သူငယ်ချင်း ..
မင်းဆီကလဲ ငါ၁ခုတော့ ခွင့်တောင်းချင်တယ်။
ငါ့ကို မင်းတို့ပြောနေကြတဲ့ စကားဝိုင်းထဲ ဆွဲမခေါ်ပါနဲ့လား။
မင်းက သူငယ်ချင်းကောင်း ပီပီသသနဲ့ ငါဝင်ပါလို့ရအောင် စကားတွေခင်း။
ဘေးက သူငယ်ချင်းရဲ့ တကယ့်အဖြစ်ကိုမှ မင်းမသိတာကွ။
ဖြစ်နိုင်ရင် ငါဝင်ပြောဖို့ မလိုလောက်မဲ့ အကြောင်းအရာတွေကိုသာ ရွေးပြောကြပါကွာ။
ငါဝင်ပြောလို့ ငါ့အသံတွေတုန်နေမှာကို ဘယ်သူမှ မသိစေချင်ဘူး။
အထူးသဖြင့် ကလေးလေး မသိစေချင်သေးဘူး။

အဲဒိနေ့က ပြန်လာတော့...
အညှို့ခံထားရတဲ့လူလို အဆိပ်ပြင်းတဲ့ ကလေးလေးဆီကိုပဲ ပြန်သွားချင်နေမိတယ်။
တခုခုကို မင်းဆွဲနှုတ်ယူထားလိုက်သလို ရင်ဘတ်ကြီးဟောင်းလောင်းနဲ့။
အဲဒိနေ့က အိမ်ပြန်ချိန်ဟာ သိပ်ကို အထီးကျန်ဆန်လွန်းခဲ့တာပေါ့။

တစ်ယောက်တည်းနေချင်တဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုကို အဲဒိတုန်းက မှားနေလားလို့တောင် သံသယဝင်မိသေးတယ်။
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ၊ ဒီနေ့ကို ဘယ်လိုကျော်ဖြတ်ရမလဲ?
ရင်ထဲမှာ ဟာတာတာကြီးဖြစ်နေတယ်။

ဗိုက်ဆာနေတာလားလို့ အစားစားကြည့်တယ်။
မဟုတ်ဘူး။
အင်တာနက်သုံးတယ်။
စိတ်မပါဘူး။
TVကြည့်တယ်။
စိတ်မဝင်စားဘူး။

မင်းလေး ကိုယ့်ကို အပိုင်သိမ်းလိုက်ပြီလားကွာ။
မင်းဘယ်လို လုပ်လိုက်တာလဲ?

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

နောက်ပိုင်းရက်တွေမှာလဲ လူက ဂဏာမငြိမ်။
ရင်ထဲမှာ မွန်းကျပ်၊ ငါဘာတွေ လုပ်ရမလဲ?

ကလေးနဲ့တွေ့ဖို့ကလဲ မလွယ်။
ဘာအဆက်အသွယ်မှကို မယူခဲ့တာ။
တွေ့တွေ့ချင်း အဲဒိလောက်ထိ ဖြစ်နေကိုတာသိလို့ မယုံကြည်နိုင်ဘူးဆိုရင်ကလဲ...
အစမကောင်းလို့ အနှောင်းမသေချာ ဖြစ်ရတော့မှာ။

ကလေးအတွက်ရော၊ ကိုကြီးအတွက်ပါ
သေချာအောင် ပြန်စစ်ပါအုံးမယ်လေ။
အားကိုးရမယ့် သူငယ်ချင်းကိုယ်တိုင်ကပါ ယုံကြည်ဖို့လဲ အရေးကြီးသေးတယ်။
သေချာသွားရင်တော့ ဆက်ချစ်မှာပေါ့...

အဲဒိလို မင်းကို တမ်းတမိနေတဲ့အခိုက်
တခြားမှာ မင်းပျော်နေမလားလို့ တွေးမိတော့
အားငယ်စိတ်တွေ ဝင်လာတယ်။
ကိုကြီးကမ္ဘာတစ်ခုလုံး ခရမ်းရောင်တွေလွှမ်းသွားပြီး အထီးကျန်ဆန်သွားလိုက်တာ...

ငါ့ကိုယ်ငါတောင် မပိုင်တော့ဘူးလား?
မင်းလေး အစွမ်းထက်လှတယ် ကလေးလေးရယ်...

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...တခြားသူဦးမှာလဲ ရင်ထဲ ကြောက်နေခဲ့
အလွမ်းနေ့များစွာ ကိုယ့်အတွက် ဖန်တီးလို့ မပေးပါနဲ့
ကိုယ်ချစ်နေခဲ့ ဒါကို သိရက်နဲ့၊ I LOVE U, GIRLရင်ကို ခွဲမသွားနဲ့...♫♫

ဒီသီချင်းထဲကလို ပြောရအောင်ကလဲ ကိုယ်ချစ်နေတာ သူလေးမှ မသိတာ။
မင်းစတဲ့ဇာတ် မင်းပဲအဆုံးသတ်ပေးဆိုပြီး သူငယ်ချင်းကိုပဲ နားပူနားဆာကျရတော့မယ်။

သွားနေကျနေရာတွေမှာ ရပ်၊ ကြည့်၊ ပြန် လောက်နဲ့တင် ပြီးနေခဲ့တာ။
နေ့စဉ်ရက်ဆက်ဆိုတော့ အချိန်တွေလဲ ကုန်လှပေါ့။
တစ်ယောက်တည်းပဲ သွားလာနေတဲ့ မင်းလေးကို မြင်တော့လဲ၊ စိတ်ထဲမှာ ကျေနပ်မိသေးတယ်။

သူငယ်ချင်းဆီကရတဲ့ GTALK ဓာတ်ပုံလေးနဲ့ပဲ အလွမ်းဖြေနေရုံနဲ့တော့ ဝေဒနာက ပိုဆိုးလာဖို့သာ။
တစ်ခုတည်းသော ဒီဓာတ်ပုံလေးကို printမထုတ်ထားမိလေတော့
monitor screenကို မကြာမကြာ သန့်ရှင်းရေး လုပ်နေရတယ် ကလေးရယ်...

မချစ်လို့ ဝေးရမှာကို ကိုကြီးနားလည်ပေးနိုင်ပေမဲ့ တခြားသူဦးလို့ ဆိုတာမျိုးတော့ လုံးဝအဖြစ်မခံနိုင်ဘူး။

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...မင်းနဲ့မှ ကိုယ့်ရဲ့စိတ်တွေ ထိန်းချုပ်လို့ မရတော့ဘူး...ဒါကို သူလေး သိရဲ့လား
ရူးမိုက်တတ်တဲ့ ကိုယ့်ရဲ့အကျင့်တွေ၊ မင်းလေးကြောင့် စိုးရွံ့အားငယ်
အိပ်လို့မရတဲ့ ညပေါင်းများစွာကို ရင်ဆိုင်ကာ ကျော်လွှား...♫♫

မင်းအကြောင်း အိပ်မက်တဲ့ ညတွေဆို
သန်းခေါင်ယံ အချိန်တွေမှာ ငါလန့်နိုးတိုင်း
ငါ့ရင်တွေခုန်နေတတ်တာ...

ဒီလိုညတွေဆို ပြန်အိပ်လို့လဲ မရတော့မယ့်အတူတူ
မင်းလေးနဲ့နီးနိုင်ဖို့ ကြယ်စင်တွေကို လမ်းပြခိုင်းမိတယ်...

ကလေးရယ်
ငါ့ရဲ့ညနဲ့ မနက်တွေမှာ မင်းလေး ငါ့အနားရှိစေချင်တယ်...
you make me fall in love, baby...ယုံပါ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

သိပ်ကို သေချာနေပါပြီ။
မင်းလေးကို ကိုကြီး လိုအပ်တယ်။
အပြီးချည်နှောင်လိုက်ဖို့၊
ဘဝတစ်ခုလုံးကို မင်းလက်မှာ ပုံအပ်ဖို့၊
ကိုယ်တိုင်ကိုယ်ကျ မင်းဆီ ဆက်သဖို့ လာခဲ့တော့မယ်။

ကျောက်တောင်တခုလို လွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်တဲ့ အချစ်တွေနဲ့ ငါတကယ်ချစ်မိနေပြီ။
ဒါဟာ ဖန်ဆင်းလို့မရတဲ့အရာ ဖြစ်သလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
အချစ်တွေကို မင်းဆီ အပ်နှင်းဖို့၊ မင်းလေးပေးမဲ့ အကြင်နာတွေကို မျှော်လင့်ပြီး လာခဲ့တော့မယ်။

ကလေးဆီ ရောက်မဲ့လမ်းကို ဦးတည်လိုက်ပါပြီ။
ကြိုပါကွယ်...

Monday, September 6, 2010

သူငယ်ချင်းလေးယောက်ရှိလေသည်...

လူငယ်မဟုတ် လူကြီးမဟုတ် အခုအသက်အရွယ်မှာ ငယ်ငယ်ကအကြောင်းတွေပဲ အများဆုံးတွေးဖြစ်နေတယ်။
ရှေ့ဖြစ်ထက် နောက်ဖြစ်တွေကို မကြာခဏရောက်ရောက်သွားတတ်တာ ဘာကြောင့်လို့ထင်လဲ?
လူက စင်ကာပူမှာ၊ စိတ်က မြန်မာပြည်မှာ...
ဒီတော့ အတွေးတွေကလည်း နောက်ကြောင်းပြန်ဖြစ်နေတော့တာပေါ့။
အရွယ်ရောက်လာလို့ တာဝန်တွေများလာလေ စိတ်တွေက မပေါ့ပါးတော့လေပဲ။
အရင်ကအကြောင်းတွေ ပြန်တွေးလိုက်တိုင်း ပေါ့ပေါ့ပါးပါး စိတ်ကလေး ပြန်ရတတ်တယ်။
ဒါကြောင့်လည်း လူငယ်ဘဝရဲ့ ပုံရိပ်တွေကို မက်မက်မောမော ဖက်တွယ်ထားတာ ဖြစ်မယ်။
အဲဒိတုန်းက ဒီအရွယ်မှာ မလုပ်နိုင် မရနိုင်တော့မယ့် လွတ်လပ်ပေါ့ပါးမှုတွေနဲ့ သိပ်ကို ဖြူစင်နိုင်ခဲ့ကြတယ်။
အပူအပင်မရှိဘဲ နေနိုင်တာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် လူငယ်ပေါက်စအရွယ်ရဲ့ ခံစားချက်ကို ခဏလောက်ဖြစ်ဖြစ် ပြန်အသက်သွင်းကြည့်ချင်နေမိတယ်။
ငယ်ဘဝရဲ့ ပုံရိပ်တွေကို ပြန်ပြောရင်း အလွမ်းပြေပေါ့...

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော် ဆဠမတန်းအရောက်မှာ ဒီသူငယ်ချင်းတွေနဲ့ စတွေ့ပြီး ခင်မင်ခဲ့ရတယ်။
အဲဒိတုန်းက ကျနော်တို့ ယောင်္ကျားလေး၎ယောက်ဟာ အရင်းနှီးဆုံး၊ အခင်မင်ဆုံးတွေပါ။
သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့ဗျာ။
ကျနော်တို့ ၄ယောက်... ကျနော်၊ ငတိုး၊ ကျော်ကြီး၊ ဖိုးထက်။
ကျော်ကြီးနဲ့ကျနော်က အိမ်ချင်းနီးတယ်။
ဒါကြောင့် ကျနော်တို့၂ယောက်က ကျောင်းသွားကျောင်းပြန် အတူတူပဲ။
ငတိုးအိမ်က ဖိုးထက်အိမ်နဲ့နီးတော့ သူတို့၂ယောက်လဲ အတူသွား အတူပြန်ကြတယ်။

ကျနော်တို့သူငယ်ချင်းအုပ်စုမှာ မိန်းခလေးသူငယ်ချင်း၎ယောက်ရှိသေးတယ်။
ဒါပေမဲ့ အများဆုံး သွားလာတွေ့ကြတာ ယောက်ျားလေးသူငယ်ချင်းတွေပဲ။
ဒါကြောင့် ဒီပို့စ်မှာ မိန်းခလေး၎ယောက်အကြောင်းမပြောတော့ဘူး။
သူတို့နဲ့ကလည်း မောင်နှမတွေလိုပဲ သိပ်ချစ်ကြတယ်။

ကျနော်တို့အဖွဲ့ထဲကို ရောက်ရောက်လာတတ်တဲ့ တခြားသူငယ်ချင်း၎-၅ယောက်လောက်တော့ ရှိခဲ့ဖူးတယ်။
ဝင်လာလိုက်ကြ ...<<<... ပြန်ထွက်သွားလိုက်ကြနဲ့ ...>>>...
နောက်ဆုံးတော့လဲ စိတ်တူကိုယ်တူဒီ၎ယောက်ပဲ ကျန်ခဲ့တာ။
အမာခံ ၄ယောက်ပေါ့ဗျာ။
ဒီလိုနဲ့ ကြာလာတော့ သူငယ်ချင်းအသစ်တွေ ဝင်မလာတော့ဘူး။
ကျန်တဲ့အတန်းဖော်တွေနဲ့လဲ ခင်ကြပါတယ်။
ဒီ၎ယောက်လိုတော့ အမြဲအတူတူ မဟုတ်ဘူးပေါ့။

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့၎ယောက်လုံးမှာ တူညီတဲ့အချက်က သီချင်းတွေကို အရမ်းကြိုက်ကြတာ။
တစ်ယောက်ကစဆိုလိုက်တာနဲ့ ကျန်၃ယောက်ကလဲ လိုက်ဆိုပီးသားပဲ။
အဲဒိခေတ်တုန်းက လူငယ်ကြိုက် သီချင်းအမျိုးအစားတွေ သိပ်အများကြီးမရှိသေးဘူး။
အကြိုက်တူတယ် ပြောရမလား?
အရွယ်တွေတူလို့ ခံစားချက်တွေနီးစပ်ကြတာလား?
သေချာတာတစ်ခုကတော့ တစ်ယောက်ကဘာဆိုဆို ကျန်တဲ့၃ယောက်ကလဲ ကြိုက်ပြီးသား၊ ဒါမှမဟုတ် နားထောင်ဖူးပြီးသားတွေ ဖြစ်နေတတ်တာ များတယ်။
အဲဒိတော့လဲ လိုက်ဆိုပြီးသားပဲပေါ့...

ဖိုးထက်က ဘာသီချင်းဆိုဆို ရော့ခ်ပုံစံ ဆိုလေ့ရှိတယ်။
ငတိုးတစ်ယောက်ကတော့ အဆွေးသမား။
ဒီကောင်ဆိုလိုက်တိုင်း သီချင်းဆွေးဆွေးလေးတွေ ဖြစ်နေတာများတယ်။
ကျော်ကြီးကတော့ အကုန်လုံးနဲ့ လိုက်လောညီထွေ အဖြစ်ဆုံး။
သူများကြိုက်တာတွေ သူမကြိုက်လဲ တတ်နိုင်သမျှ လိုက်ခံစားပေးတယ်။
မှတ်မိသလောက်တော့ ဘာရယ်လို့ ထူးထူးခြားခြားကြိုက်နေတာမျိုး ကျော်ကြီးမှာ မရှိခဲ့ဘူး။
ဒါပေမယ့် သူလဲ သီချင်းတွေကို သိတယ်၊ ကြိုက်တယ်။

ကျနော်ကတော့ လိုင်းစုံ။
သီချင်းကို နားထောင်တာရော၊ ကိုယ်တိုင်ဆိုတာရော ၂မျိုးစလုံး ကြိုက်တယ်။
♫♫...ညတိုင်းပဲ စောင့်နေဦးမလား၊ ညတိုင်း အားပေးအုံးမလား..♫♫
♫♫...ဆိုပြမယ် ရင်ကွဲသွားစမ်းပါစေ..♫♫ ကျနော်က ဒါမျိုး။
ဘယ်သီချင်းပုံစံရယ်လို့မဟုတ်ပဲ အကုန်ကြိုက်တယ်။
သီချင်းကပေးချင်တဲ့ ခံစားမှုကိုရအောင် သပ်သပ်ရပ်ရပ်ဆိုထားရင် အဆိုကို ကြိုက်လို့ အဲဒိသီချင်းကို ကြိုက်သလို၊ အတီးသပ်သပ်ပဲ ကောင်းလွန်းနေတာမျိုးဆိုရင်လဲ ကြိုက်တာပဲ။
အတီးကို သိပ်မဝေဖန်တတ်ပေမဲ့ အဆိုကိုတော့...
"ဒီနေရာမှာ အသံလေးတိမ်သွားတာ၊ တုန်သွားတာ၊ အက်သွားတာ ဒီသီချင်းနဲ့ ကွတ်တိပဲကွာ၊ ဆိုထားတာ ဆရာအထာကျတယ်"
သီချင်းကောင်းကောင်းလေး နားထောင်ရတိုင်း ဒီလိုမျိုး ပြောတတ်တာက ကျနော်။
ဘယ်လိုသီချင်းပုံစံပဲဖြစ်ဖြစ် သေချာလုပ်ထားတယ်လို့ ခံစားရရင် အကြိုက်ဆုံးမဟုတ်ခဲ့ရင်တောင် နားထောင်ဖြစ်တယ်။

သီချင်းတွေနဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပဲ။
ရော့ခ်ကာကြီး ကိုဖိုးထက်ကြောင့် ကျနော်တို့အဖွဲ့အတွက် ပျော်စရာ၊ ရီစရာဖြစ်နေတော့တာ။
ဒီကောင်က ထူးအိမ်သင်ရဲ့ အခါလွန်မိုးလို သီချင်းမျိုးတွေကိုလဲ ရော့ခ်ပုံစံ ထထဆိုတတ်သေးတယ်။
ဖိုးထက် အဲဒိလိုဆိုရင် ကျနော်တို့ ရီတော့တာပဲ။
တခါတလေ သူက အတည်ဆိုတာ ကျနော်တို့က ပုံမှန်အတိုင်း လုပ်ဆိုနေတယ်ထင်ပြီး ရီမိတော့ ဒီကောင်က အသေစိတ်တိုတာ။
အဲဒါလဲ ရီရတာပဲ။
သူငယ်ချင်းအရင်းကြီးတွေဆိုတော့ စိတ်မဆိုးနိုင်တော့ပဲ နောက်ဆုံး ဒီကောင်ပါ လိုက်ရီရော။

ဖိုးထက် ဒီလိုမျိုး ပေါက်ကရ မလုပ်တာ ကြာနေရင် ကျနော်တို့ကတောင် လွမ်းနေတတ်ပြန်တယ်။
ဒီတော့ ဖိုးထက် ပေါက်တတ်ကရတွေ ဆိုအောင် လုပ်တတ်ကြသေးတယ်။
အဲ... ဒါပေမယ့်... ပေါ်တင်ကြီးတော့ ဖွင့်မပြောကြဘူး။
အကြောင်းက...
ဒီကောင်က တချို့သီချင်းတွေဆိုရင် ကီးကြောင်နေတတ်တယ်။
အဲဒါမျိုးဆို ကျနော်တို့က "ဟိတ်ကောင် ဒီလိုကွ"လို့ ဆိုပြလဲ၊ မဟုတ်ဘူးကြီးပဲ လုပ်နေတတ်တယ်။
တခါတလေ ကျနော်တို့ဆိုနေတာ မှန်နေရက်နဲ့ ဒီကောင်က ပြန်ပြီး "မှားနေတယ် ဒီလို"ဆိုပြီး အလွဲကြီးဆိုပြတတ်သေးတယ်။
အဲဒါတွေကြောင့် သူ့ကို သိပ်မြှောက်မပေးရဲတာ။
အဲဒိလိုနေ့ကျရင် ကျောင်းအပြန် လမ်းမှာ ကျနော်နဲ့ကျော်ကြီး "ဒီကောင်ဖိုးထက် သူပြောတာမှအမှန် ပြီးတော့ မှန်တာလဲ မဟုတ်ဘူး၊ အတော်ရယ်ရတဲ့ကောင် မနိုင်ဘူး"လို့ ပြန်ပြောရင်း ပြန်ရယ်ဖြစ်ကြတယ်။

ကျနော်တို့ကျောင်းမှာ နောက်ဆုံးစာမေးပွဲကြီးမဖြေခင် နှုတ်ဆက်ပွဲ လုပ်လေ့ရှိတယ်။
စားကြ သောက်ကြ ဆိုကြ တီးကြပေါ့။
မှတ်မှတ်ရရ... ၇တန်းနှစ်က နှုတ်ဆက်ပွဲမှာ ကျနော်သီချင်းဆိုတော့ ငတိုးနဲ့ဖိုးထက်က ဟာမိုနီလိုက်ဆိုပေးတယ်။
ဒီလိုပွဲမျိုးမှာ ကျနော်က သီချင်းမြူးမြူးလေးတွေပဲ ဆိုတယ်။
အဲဒိတုန်းက ဟစ်ဖြစ်နေတဲ့ ထုံချိုင်းသီချင်းတွေဆိုတာပေါ့...မြူးမှမြူးပဲ။
ရန်အောင် ပြန်ဆိုတဲ့ “ဂျင်းဘောင်းဘီ နဲ့ အထင်မလွဲကြေး”၂ပုဒ်ဆိုတယ်။
ထိုင်းအသံထွက်အတိုင်း ဆိုတာ၊ နားလည်လို့တော့ မဟုတ်ဘူး။
မတူတူအောင်လိုက်ဆိုရင်း ကြာတော့ ဆိုတတ်သွားတာ။
ကျနော်သီချင်းဆိုနေတုန်း မိန်းခလေးသူငယ်ချင်း၎ယောက်ထဲက၂ယောက် စင်ပေါ်တက်လာပြီး ကပေးကြတော့ အဆိုရော အကရော မိုက်မှမိုက်ပေါ့ဗျာ။
သူတို့၂ယောက်ကလဲ အိမ်မှာ ထုံချိုင်းခွေ ကြည့်ပြီး ကနေကြဆိုတော့ ကွတ်တိပဲ။
အခုအချိန်အထိ ပြန်တွေးမိတိုင်း အဲဒိအချိန်ကို ပြန်မြင်ယောင်ပြီး လူက အလိုလိုပျော်လာတယ်။

သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ...(အမှတ်တရ ၁)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့မှာ နောက်ထပ်တူတာတစ်ခုရှိသေးတယ်။
အဲဒါက ကျနော်တို့၎ယောက်စလုံး စာကြိုးစားကြတယ်။
ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးလို့ ဂတိတွေလဲ ထားခဲ့ကြတယ်။
ငတိုးက ကျနော်တို့ထဲမှာ စာအတော်ဆုံး။
သိပ်မကြိုးစားရပဲနဲ့ အရမ်းတော်တဲ့ကောင်။
ကျနော်ကတော့ နည်းနည်းထုံတယ်။
ဒါကြောင့် ငတိုးထက် ပိုပြီး ဝီရိယထားရတယ်။
ဒါပေမယ့် ဘယ်တော့မှ ငတိုးကို မကျော်နိုင်ပါဘူး။

ကျနော်တို့သူငယ်ချင်း၎ယောက်မှာ ကျနော်၊ ငတိုးနဲ့ ဖိုးထက်က လက်ရေးလှတယ်။
ငတိုးနဲ့ ဖိုးထက်က အခုဖတ်နေရတဲ့ စာလုံးတွေလို ဝိုင်းစက်နေအောင် ရေးတာ။
ကျနော်က လက်ရေးတော့လှပါတယ်၊ ဒါပေမယ့် ပုံစံစုံအောင်ရေးတယ်။

လက်ရေးနဲ့ပတ်သတ်လို့ အမှတ်တရတွေလဲ ရှိခဲ့ဖူးတယ်။
ငတိုးက ၁ခုခုဆို အမြဲတမ်း အဆန်းထွင်တတ်တယ်။
ကွန့်တတ်တယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။
ငတိုးရဲ့အဆန်းတွေထဲက တချို့ကို ကျနော်က သဘောတကျ လိုက်လုပ်တတ်တယ်။

ငတိုးစာရေးတဲ့အခါ...
ခေါင်းစဉ်ကို font sizeအကြီးနဲ့ရေးလေ့ရှိတယ်။
subtitleတွေကိုတော့ ပုံမှန်ထက် နည်းနည်းကြီးပြီး..
အကြောင်းအရာတွေကိုမှ ပုံမှန်စာလုံးနဲ့ရေးတယ်။
ပြီးတော့ ခေါင်းစဉ်စာလုံးတွေမှာ ကနုတ်တွေထည့်ရေးတယ်။

ငတိုး ခေါင်းစဉ်တွေတပ်တဲ့ စတိုင်လ်ကို သဘောကျပြီး အတုခိုးခဲ့မိတယ်။
ဥပမာ - နာမ်ကို ခေါင်းစဉ်တပ်မယ်ဆိုရင် နငယ်ရဲ့အောက်က အတံကို ရှည်ရှည်လေးဆွဲပြီး အတွန့်ထည့် ငသတ်ကိုလဲ ရှည်ရှည်လေးဆွဲ အတွန့်တပ်နဲ့ ဟုတ်နေတာ...
ကနုတ်ပုံစံလေးတွေဖြစ်အောင် လျှောက်ရေးထားတာ။

ကိုယ့်စာအုပ်လေးကိုကြည့်ပြီး သူငယ်ချင်း၂ယောက် သဘောတွေကျ၊ ပြီးရင် ကနုတ်အသစ်ကလေးတွေ ထွင်ကြတယ်။
မှင်အရောင်ကိုလဲ ၄မျိုးသုံးပြီး ဘာသာ၁ခုစီကို အရောင်၁မျိုးစီ၊ ကနုတ်ပုံစံတစ်မျိုးနဲ့ ခေါင်းစဉ်တပ်တယ်။
တယောက်စာအုပ်တစ်ယောက်ကြည့်ပြီး၊ မင်းကနုတ်က ပိုလှတယ်၊ ငါ့ကနုတ်က ပိုလှတယ်ဆိုပြီး လုပ်ကြသေးတယ်။
စာစစ်ဖို့ ဆရာမဆီမှာ စာအုပ်တွေထပ်ကြတဲ့အခါ အတုခိုးထားတဲ့ ကျနော့်လက်ရေးကို တွေ့ပြီး မြန်မာစာဆရာမ ခေါ်ဆူဖူးတယ်။
ဟုတ်လှပြီထင်ပြီး ရေးထားတာတွေ အကုန်လုံးကို ပြန်ပြင်ရေးခဲ့ရတယ်...:(

အမှတ်တရပါပဲ။ (အမှတ်တရ ၂)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျောင်းပိတ်ရက်တွေမှာလဲ ကျနော်တို့၎ယောက် တွေ့ဖြစ်ကြတယ်။
များသောအားဖြင့်တော့ ကျနော်နဲ့ကျော်ကြီး ငတိုး(သို့)ဖိုးထက်တို့အိမ် သွားလေ့ရှိတယ်။
သူတို့နှစ်ယာက်ရဲ့အိမ်နားက ဘုရားနားမှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကိုသာယာတယ်။
အဲဒိဘုရားနားမှာ ကြာပင်တွေ ကန်လုံးပြည့်နီးပါးရှိတဲ့ ကြာကန်အကြီးကြီးရှိတယ်။
ကန်ပတ်လည် ကုက္ကိုပင်တွေဝိုင်းနေတဲ့ သိပ်ကို အရိပ်ကောင်းတဲ့ နေရာပါ။
တခါတလေ မိန်းခလေးသူငယ်ချင်း၎ယောက်လဲ ရောက်လာတတ်တယ်။
သစ်ပင်ရိပ်အောက်မှာ ကစားကြတယ်၊ စကားတွေပြောရင်း ငြင်းခုန်ကြတယ်၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။
ပြီးရင် ယူလာတဲ့ မုန့်တွေစားကြတယ်။
အဲဒိနေ့က သူငယ်ချင်း၎ယောက် စိတ်ကူးလေးတစ်ခု ရလိုက်တယ်။

ဒီရေကန်ကြီးထဲက ကြာတွေခူးပြီး ဘုရားမှာ သွားလှူကြမယ်လို့။
အဲဒိမှာ ဖိုးထက်က တစ်ယောက်တစ်ပွင့် ကိုယ်တိုင်ခူးကြရအောင်လို့ အကြံပေးတယ်။
ကန်က အရမ်းနက်တယ်။
ကန်အလယ်သွားဖို့ လှေလည်းမတွေ့ဘူး။
အဲဒါနဲ့ ကန်အစပ်နားမှာ ပွင့်နေတဲ့ ကြာပန်း၎ပွင့်ကို လိုက်ရှာကြတယ်။
တွေ့ပါတယ်၊ ၆ပွင့် ၇ပွင့်လောက်ရှိမယ်။
အဲဒိထဲကမှ ကန်စပ်အရောက်ဆုံး အကောင်းဆုံးကြာကို ခူးဖို့ဆုံးဖြတ်ကြတယ်။
ကန်က အစပ်မှာတင် ပေါင်တဝက်လောက်နီးပါး နက်တယ်။

ကျော်ကြီးနဲ့ ဖိုးထက်က သူတို့ဘောင်းဘီရှည်တွေကို ပေါင်တဝက်လောက်အထိ ခေါက်တင်ကြတယ်။
ကျနော်နဲ့ငတိုးရဲ့ ဘောင်းဘီကအတိုပေမဲ့ ပေါင်အရင်းလောက်အထိ ထပ်ခေါက်ကြတယ်။
ကိုယ်တိုင်ခူးဖို့အလှည့်ကျတဲ့သူက ရှေ့ဆုံးက၊ ကျန်၃ယောက်က နောက်မှာ။
ပြီးမှ တန်းစီပြီး တစ်ယောက်လက်တစ်ယောက်ချိတ် ရေနက်နက်ထဲဆင်းပြီး ကြာပန်းခူးကြတယ်။
ကြာပန်း၎ပွင့်လဲရရော ဘုရားမှာ သွားလှူပြီး ဆုတောင်းကြတယ်။
“ဒီသူငယ်ချင်း၎ယောက် အမြဲအတူတူ နေရပါလို၏၊ ပညာတတ်ကြီးတွေ ဖြစ်ရပါလို၏”ဆိုပြီး ဆုတွေတောင်းခဲ့ကြတယ်။
လူငယ်ဘဝရဲ့ အပေါင်းအသင်းအပေါ် ခင်မင်တဲ့စိတ်၊ ဖြူစင်တဲ့စိတ်တွေနဲ့ သံယောဇဉ်ကြီးခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

ပြီးတော့ ဟာသကားတင်လို့ ရုပ်ရှင်သွားကြည့်ကြတယ်။
အဲဒိနေ့က ညနေပိုင်းမှာ မိန်းခလေးသူငယ်ချင်း၎ယောက်နဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားခဲ့တယ်။
ချိန်းထားတဲ့ဆီ မသွားခင် ကျနော်တို့၎ယောက် ဘုရားအရင်သွားခဲ့ကြတာ။

ရုပ်ရှင်ကြည့်နေရင်း ခြေထောက်က စပ်ဖျဉ်းဖျဉ်းဖြစ်တာကို တချက်တချက်သိနေခဲ့တယ်။
ဟာသကားကကောင်း၊ သူငယ်ချင်းတွေက အုပ်စုတောင့်တော့ ပေါက်ကရတွေပြောပြီး
အရွှန်းဖောက်မယ့် စကားတွေကိုလဲ မလွတ်တမ်း နားထောင်၊ ဒီတော့ ခြေထောက်က ဝေဒနာကို မေ့သွားတယ်။
အိမ်ပြန်ရောက်တဲ့အထိပဲ။

အိမ်ပြန်ရောက်ပြီး ရေချိုးတော့မှ အဖြစ်ကို သေချာသိတော့တယ်။
ခြေသလုံးမှာ အရှိုးရာတွေဆိုတာ နည်းတာမဟုတ်ဘူး။
အိမ်ကတွေ့ရင်တော့ ကျောင်းမှာ အရိုက်ခံခဲ့ရတယ်လို့ ထင်မှာ အသေအချာပဲ။
ကိုယ်ကိုယ်တိုင်တောင် အဲဒိလို တွေးမိလိုက်သေးတယ်။
အတော့်ကို စပ်ဖျဉ်းနေလို့၊ ရေအမြန်ချိုးလိုက်ရတယ်။
ထမင်းစားလဲ ဒီစိတ်နဲ့ပဲ။
အိပ်ခါနီးမှ အဖြေကို သိသလိုလို ဖြစ်လာတာ...

ဟိုကောင်တွေဆီကလည်း ဘာသံမှမကြားတော့ ကိုယ်ထင်ထားတာ မဟုတ်လောက်ဘူးလို့လဲ သံသယ ရှိနေသေးတယ်။
ဒါကြောင့် သူငယ်ချင်းတွေဆီ ချက်ချင်းပဲ ဖုန်းဆက်မေးလိုက်တယ်။
ကျော်ကြီးဆီ အရင်ဆက်တယ်။
အဲတော့မှ အဖြေက ပိုနီးစပ်လာပြီး၊ ငတိုးဆီပါ ထပ်ဆက်တော့... ကျနော် ထင်နေတာ အမှန်ပဲ ဆိုတာ သိလိုက်ရတယ်။

ခြေသလုံးက အရှိုးရာတွေရဲ့ တရားခံက မြက်ပင်တွေပါ။
ကြာကန်အစပ် ကန်ပတ်ပတ်လည်မှာ မြက်ပင်ရှည်ကြီးတွေ ရှိတယ်။
မြက်ပင်တွေက ဓားလိုပဲ ထက်တယ်၊ ရှတယ်။
ခြေထောက်မှာ အရှိုးရာတွေဆိုတာ မြင်မကောင်းဘူး။
၂ရက်လောက် ခံလိုက်ရတယ်။
ရေချိုးတဲ့အချိန် အဆိုးဆုံး၊ ပူစပ်နေရောပဲ။

အခုကျတော့လည်း ဒါတွေက အမှတ်ရစရာတွေဖြစ်ရပြီ သူငယ်ချင်းတို့ရေ..
(အမှတ်တရ ၃)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက်မှာ စရိုက်အတူဆုံးက ကျနော်နဲ့ငတိုးပါ။
ကျနော်တို့၂ယောက် စရိုက်တူတာ တော်တော်များတယ်။
အတူဆုံးကတော့ ၂ယောက်စလုံး စတိုင်လ်မလိုင်နဲ့နေရတာကို ကြိုက်တယ်။
အဟဲ... ပဲများတယ်ခေါ်မှာပေါ့။ :P

ကျနော်က ၈တန်းလောက်ကမှစပြီး ပဲများလာတာ။
ငတိုးကတော့ ၆တန်းလောက်တည်းက ပြောတဲ့ဆိုတဲ့ အပြုအမူ၊ နေတဲ့ထိုင်တဲ့ ပုံစံ၊ ဝတ်တဲ့စားတဲ့ စတိုလ်ကော ပဲနဲ့ပေါ့ဗျာ။
ငတိုးက ကျနော်တို့ထဲမှာ ပဲအများဆုံးကောင်။
ဖိုးထက်ကလဲ ကျနော်နဲ့ငတိုးလို ပဲခပ်များများပေမဲ့၊ ကျော်ကြီးကတော့ အဆင်ပြေအောင် ဝတ်စားတာလောက်ပါပဲ။

ကျနော်တို့၎ယောက်မှာ ငတိုးက စိတ်ထားအကောင်းဆုံး။
ဒီကောင်စိတ်ကောင်းရှိတာ တော်ရုံခင်တဲ့လူတောင် သိနိုင်တယ်။
သူ့စိတ်ကို သိနေကြတော့ ငတိုးပဲများနေပေမယ့် ဘယ်သူမှ သောက်မြင်မကပ်ကြဘူး။
တခါတလေ ဒီကောင် overလုပ်ပြနေတာကိုက ခင်စရာ၊ ရယ်စရာဖြစ်နေကြတာ။

ဒီကောင့်ကို မိန်းခလေးသူငယ်ချင်းတွေကလဲ တော်တော်ခင်ကြတယ်။
ငတိုးက အခုအချိန်အထိ ကျနော့်အပေါ်မှာ အကောင်းဆုံးသူငယ်ချင်းပါ။
အမြဲအနစ်နာခံတတ်တယ်။
ကျနော့်ရဲ့ အတိုင်ပင်ခံ သူငယ်ချင်းပေါ့ဗျာ။
ဘဝမှာ ရှားရှားပါးပါး တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းကောင်းလေးပါပဲ။

အပြင်သွားကြမယ်ဆို ကျနော်က ဘယ်သူနဲ့မှ ဆင်တူဝတ်ပြီး မသွားချင်ဘူး။
အဲဒါလဲ ငတိုးနဲ့ တူတယ်။
မတော်တဆတူခဲ့ရင် ၁ယောက်ယောက်က ပြန်လဲရတယ်။
အခုအချိန်အထိ ပြင်လို့မရသေးတဲ့ ကျနော့်စရိုက်ပါပဲဗျာ။

ပဲများတာနဲ့ ပတ်သက်လို့ အမှတ်ရစရာက...
ဆယ်တန်းစာမေးပွဲပြီးခါစ အားနေတဲ့အချိန် ကျနော်၊ ငတိုးနဲ့ဖိုးထက် modelဝင်ပြိုင်ကြသေးတယ်။
ကျနော်နဲ့ငတိုးက စမ်းကြည့်တဲ့သဘောလောက်ပဲ နောက်ပိုင်း ဆက်မလုပ်ဖြစ်ဘူး။
ဖိုးထက်ကတော့ ဆက်လုပ်ဖြစ်တယ်။

ဒါလဲ ဘဝမှာ အမှတ်တရပါပဲ။ (အမှတ်တရ ၄)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက် ဆင်တူဝတ်ကြတဲ့ အခါတွေလဲရှိတယ်။
လည်ကတုံးအင်္ကျီအဖြူ၊ ယောပုဆိုးအနက်ကို ကျနော်တို့လေးယောက်စလုံး သိပ်ကြိုက်ပြီး ဆင်တူဝတ်လေ့ရှိတယ်။
အခါကြီးရက်ကြီးတွေနဲ့ မွေးနေ့တွေမှာ ဘုရားသွားကြတဲ့အခါ၊
သီတင်းကျွတ် ဆရာ၊ဆရာမတွေ လိုက်ကန်တော့တဲ့အခါ၊
နှစ်ဆန်း၁ရက်နေ့လိုမျိုး စတုဒီသာကျွေးတာတွေ၊ လူကြီးသူမတွေဆီသွားပြီး ကုသိုလ်လုပ်ကြတဲ့ အခါမျိုးတွေမှာပေါ့...

အဲဒိတုန်းက ကျနော်တို့ သူငယ်ချင်း၎ယောက် ပိုက်ဆံစုပြီး မကြာခဏ အလှူလုပ်လေ့ရှိတယ်။
အစပျိုးခဲ့တာက ဒီလိုပါ...
ကျနော့်မွေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အလှူ၁ခုရှိတယ်။
အဲဒါကတော့...မွေးနေ့မှာ မနက်ခင်း ဘုရားတက်ပြီးရင် လမ်းမှာ တွေ့တဲ့ အိုကြီးအိုမနဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့(တောင်းစားနေကြရတဲ့) အဖိုး၊အဖွားတွေကို ကျနော်စုထားတဲ့ ပိုက်ဆံကို ၆ပုံပုံပြီး အရင်ဆုံးတွေ့တဲ့၆ယောက်ကို ကန်တော့လေ့ရှိပါတယ်။

“သားမွေးနေ့မို့ ကန်တော့တာပါ”လို့ ပြောလိုက်တဲ့အခါ နွမ်းနယ်နေတဲ့ သူတို့ရဲ့ မျက်နှာတွေပေါ်က အပြုံးကြောင့် ပီတိဖြစ်ရတယ်။
ဒါကို ဟို၃ကောင် သိတော့ သူတို့လည်း သူတို့မွေးနေ့မှာ ကျနော့်လိုမျိုး အလှူလုပ်ကြတယ်။
ဒါနဲ့ပဲ ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် သူငယ်ချင်း၎ယောက်စလုံး ဆင်တူဝတ် ဘုရားတက်၊ ပြီးရင် အလှူလုပ်ကြတာ စင်ကာပူမလာခင်အထိပဲ...
စင်ကာပူက ပြန်လို့ မွေးနေ့နဲ့ တိုက်ဆိုင်ရင် ဒီလိုမျိုး အလှူလုပ်ဖြစ်ပါသေးတယ်။
ဒါပေမယ့် ကျနော်တစ်ယောက်တည်းပဲ။

ဟို၃ကောင်ကို ပိုပြီးသတိရမိစေတဲ့ အချိန်ပေါ့ဗျာ...(အမှတ်တရ ၅)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ငယ်ဘဝရဲ့ အမှတ်တရတွေပါပဲ။
ကျနော်အများဆုံးတွေးမိတဲ့ ငယ်ဘဝအကြောင်းတွေမှာ အဲဒိအရွယ်တုန်းက အမှတ်တရတွေက အများဆုံးပါဝင်နေတယ်၊ တွေးလိုက်တိုင်းလဲ ပျော်တယ်။
ဆက်ရေးရရင် အမှတ်တရတွေက အများကြီးမှ အများကြီးပဲ။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။

ဒီသူငယ်ချင်းလေးယောက်က အခုတော့လည်း မတူတဲ့ လေးနေရာမှာ။
မဆုံဖြစ်ကြတာ နှစ်တွေကြာလှပေါ့။
ကံမကုန်ရင်တော့ ပြန်ဆုံချင်ပါသေးတယ်။
“သူငယ်ချင်းတို့ရေ... မင်းတို့ကို ငါအမြဲလိုလို သတိရနေတယ်၊ မင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကွာ...”

Remind me of enjoying wonderful times with my lovely friends.........

Truly great friends are hard to find, difficult to leave, and impossible to forget...

They never get mad if friend teases with love :)

Miss you guys!!!


Sunday, August 29, 2010

စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ... (၁)

မြန်မာပြည်မှာပြန်နေဖို့ ဆုံးဖြတ်တော့မယ့်အခါ စဉ်းစားရမယ့် စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ ရှိပါတယ်...

ကျောင်းပြီးလို့ အလုပ်မဝင်ခင် မြန်မာပြည်ကို ပထမဆုံး ပြန်တဲ့အခေါက်ရဲ့ အတွေ့အကြုံလေးပါ....

2005 မေလကုန်ခါနီးလောက်မှာ project အပြီးသတ်နိုင်ခဲ့တယ်။
ဇူလိုင်လပထမပတ်မှာ project supervisorရဲ့ ခွင့်ပြုချက်နဲ့ thesis paperကို examinerတွေဆီ တင်လိုက်တယ်။
အဲဒိနောက်တော့ ရှိသမျှအားအင်တွေ အကုန်ပုံအောလိုက်ရသလို အရုပ်ကြိုးပြတ်ပဲ။
စိတ်တွေ လျော့ချလိုက်တာကြောင့်လဲ ဖြစ်မယ်ထင်တယ်။
ဦးနှောက်ကို အလုပ်ပေးရမယ့် ကြီးကြီးမားမားကိစ္စတွေကို လုံးဝမလုပ်ချင်၊ မစဉ်းစားချင်တော့တာ။

ရန်ကုန်ကိုပြန်ပြီး အားရပါးရ နားလိုက်ချင်စိတ်ပဲ ရှိတယ်။
ကျောင်းပြီးခါစမို့ အချိန်ရတုန်းလေး တစ်လလောက် ပြန်နားမယ်လို့ စိတ်ကူးတယ်။
Examinerတွေစစ်ပြီး ၂လလောက်ကြာမှ thesisကို နောက်ဆုံး အပြီးသတ်ပြန်တင်ရမှာ။
ဒါကြောင့် ကြားထဲမှာ ၂လလောက်အချိန်ရမယ်။
အလုပ်ရှာမယ့်ကိစ္စကို ခဏမေ့လိုက်ပြီး ရန်ကုန်ပြန်ဖို့ကိုပဲ ခေါင်းထဲထည့်ထားလိုက်တယ်။
အလုပ်က တသက်လုံးလုပ်ရမှာ၊ အရမ်းပင်ပန်းနေတော့ နားချင်လှပြီ။

ဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်တွေ ပေါ့ပါးပြီး အရသာရှိလိုက်တာ မပြောပါနဲ့တော့...

ဒါပေမယ့် ကျောင်းပြီးခါစဆိုတော့ ငွေပိုငွေလျှံသိပ်မရှိဘူး။
ကျောင်းတက်နေတုန်း ကုန်ကျစရိတ်တွေကများ၊ အိမ်ကိုလည်း ထပ်အပူမကပ်ချင်တော့ ပြန်ဖို့လိုအပ်မယ့် ပိုက်ပိုက်အတွက် part-timeလုပ်ပြီး ရှာရပါမယ်။
ဒီရက်ပိုင်းအတွင်း သေချာအနားယူပြီး အားလဲပြန်ဖြည့်ချင်သေးတယ်။
ဒါကြောင့် part-time အလုပ်မလုပ်ခင် တစ်ပတ်လောက် စိတ်လွတ်ကိုယ်လွတ် နားပစ်လိုက်တယ်။
ပထမ၄ရက်ကို အိမ်ထဲမှာပဲအောင်းပြီး ပေါ့ပေါ့ပါးပါး ရသစာပေတွေဖတ်တယ်၊
ရုပ်ရှင်တွေကြည့်တယ်။
နောက်၃ရက်မှာတော့ သွားချင်တာ လျှောက်သွား၊ စားချင်တာ လျှောက်စားတယ်။

Part-timeလုပ်နေတုန်း စိတ်တွေက မြန်မာပြည်ကိုပဲ ရောက်ရောက်နေတော့တာ...
အချိန်တွေ မြန်မြန်ကုန်ပြီး မနက်ဖြန်တွေ မြန်မြန်ရောက်စေချင်လှပြီ။
အဲ... ဒါပေမယ့် မြန်မာပြည်ပြန်ရောက်ရင်တော့ "ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးပေါ့"...

ပြန်ပြီဆိုတော့လဲ လက်ဆောင်လေးတွေ ဝယ်သွားပေးချင်သေးတယ်။
ဒါကြောင့် ဇူလိုင်လ တတိယပတ်ကနေ၊ စက်တင်ဘာလ ပထမပတ်အကုန်အထိ part-timeလုပ်ပြီးရှာလိုက်တာ လမ်းစရိတ်၊ အိမ်လခ၂လစာနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ လောက်ငှတဲ့အပြင် ငွေပိုလေးတောင် ရလိုက်တယ်။
သယ်စရာ သိပ်များများမရှိတော့ ကီလို ၃၀ကို ရောင်းလိုက်တဲ့အခါ ငွေတော်တော်ပိုသွားတာပေါ့။
ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်မဝင်ခင် စက်တင်ဘာလကုန်ခါနီး မြန်မာပြည်ကို ပထမဆုံးအကြိမ် ပြန်ခဲ့ပါတော့တယ်။

လေယာဉ်စီးချိန် ၂နာရီ၄၅မိနစ်ခန့်ကို မြန်မြန်ကုန်စေချင်ပါတယ်။
ဒါကြောင့် အစားမကျွေးခင်အိပ်၊ ကျွေးပြီးတော့လဲအိပ်လိုက်တာ ခါးပတ်ပတ်ဖို့ လာနှိုးမှပဲ နိုးတော့တယ်။
နိုးတာနဲ့ မင်္ဂလာဒုံလေဆိပ်ကြီးကို မြင်လိုက်ရတာ အရသာက တယ်ကောင်းဗျို့

လေယာဉ်ပေါ်ကဆင်းတာနဲ့...
ဒါငါ့မြေ၊ ဒါငါ့နိုင်ငံဆိုတဲ့ အသိကြောင့် စိတ်ထဲမှာ နွေးထွေးသွားပြီး..
ခံစားရသမျှ ပိုင်ပိုင်နိုင်နိုင်ရှိလိုက်တာ...
ဖြာဆင်းနေတဲ့ နေရောင်ခြည်၊ တိုက်ခတ်နေတဲ့ လေပြည်တွေ အားလုံး အားလုံးကို အငမ်းမရခံစား....
ကြည့်စမ်းပါအုံး!!! အရာအားလုံးဟာ ကိုယ်နဲ့တသားတည်း စီးမျောနေကြတာ...

အဲဒိအချိန်ခဏမှာ ထာဝရအသိ၁ခု ရလိုက်တယ်...
ဘယ်နေရာရောက်ရောက်၊ ဘယ်တွေကိုလုပ်လုပ် ဒီနေ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကို အမြဲတမ်း လွမ်းဆွတ်နေမယ်၊ ချစ်နေမယ်ဆိုတာ....
ကျနော့်လိုပဲ အဝေးရောက်မြန်မာတွေ ခံစားဖူးကြမှာပါ။

အဲဒိတုန်းက လေဆိပ်အသစ် ဆောက်နေဆဲအချိန်ပါ။
သူတို့ဆီရောက်ဖို့ ဘတ်စ်စီးတော့ ရုတ်တရက် ညစ်နွမ်းနွမ်းခံစားလိုက်ရသေးတယ်။
ကားဘော်ဒီတုန်ခါမှုကြောင့် ကားတံခါးဆီက တဖျတ်ဖျတ်အသံ၊ ကားအင်ဂျင်အိုအိုရဲ့ငြီးငြူသံ ဒီအသံတွေကလည်း ဝရုန်းသုန်းကားနဲ့ ဆီးကြိုကြတယ်။
နောက်ပြီး ကွမ်းတံတွေး နီနီတွေကလည်း ညှိုးငယ်သောစိတ်ထားဖြင့် ကြိုဆိုပါ၏တဲ့။
ဒါတွေ ဒါတွေက မင်းမြန်မာပြည်ရောက်နေပြီလို့ ထပ်လောင်း ပြောပေးနေကြတယ်။

သုံးထပ်သားပြားတွေ ခင်းထားတဲ့ လမ်းရဲ့အဆုံးမှာ သူတို့တွေ ရှိနေကြတယ်။
သူတို့တွေဆိုတာက ကံကောင်းထောက်မလို့ ၁နှစ်လောက် တွေ့စရာ မြင်စရာ ပတ်သတ်စရာမလိုတဲ့..
အပျော်ဖျက် အပြတ်ဖျော်မယ့်လူတွေပေါ့။
ခပ်တင်းတင်း စောင့်ကြိုနေကြလေရဲ့...
အစ်ကိုတစ်ယောက်ပြောတာ ကြားဖူးတာတော့ ငရဲခန်းသို့ ခြေလှမ်းကိုးဆယ်တဲ့။
သူတို့ကိုတော့ မလွမ်းမိတာ အမှန်။

မပြန်ခင် စီနီယာအစ်ကိုတွေကို မေးထားခဲ့ပါသေးတယ်...
အတတ်နိုင်ဆုံး အပိုတွေအတွက် လေအကုန်မခံရမယ့်နည်း၊ အကုသိုလ်နည်းနိုင်သမျှနည်းမယ့် နည်းတွေအကြောင်းလေ...

ဒါပေမယ့် ကျနော် ကံဆိုးပါတယ်...
လေယာဉ်ပေါ်မှာ ထိုင်ခုံနံပါတ်က နောက်ဘက်ကျတော့ ခရီးသည်အကုန်လုံးနီးပါး ဆင်းပြီးတော့မှသာ ကျနော်လဲ ဆင်းလို့ရပါတယ်။
ဒါကြောင့် ကျနော် သူတို့နားကို ရောက်တဲ့အချိန် လူတော်တော်ကုန်နေပါပြီ။
အများအာရုံကျချင်စရာ ထီးထီးကြီးပေါ့...

အစ်ကိုတွေ မှာထားတဲ့အတိုင်း ရုံးခန်းသေးသေးလေးကို ဦးတည်လိုက်တယ်။
အဲဒိအချိန်မှာ အရာရှိငယ်တစ်ယောက် အပြေးတပိုင်းနဲ့ ရောက်လာပါတယ်။
ချိုချိုသာသာပါပဲ "ငါ့ညီ ကျောင်းသားလားတဲ့"။
"ဟုတ်ကဲ့"လို့ ပြန်ဖြေတော့ "ကိုယ့်ကို စာရွက်ပေး ဆရာ့လက်မှတ်ယူပေးမယ်"တဲ့။

ပေးလိုက်ရမလား? ငါကိုယ်တိုင်ပဲ ဝင်တွေ့ရမလား?
ခက်တာက သူ့ဆရာဆိုသူ ..ကြီးကြီးကလဲ ရုံးခန်းလေးထဲမှာ မရှိ။
အူတိအူကြောင် ပုံစံနဲ့ ရုံခန်းထဲ မဝင်သေးဘဲ ရုံးခန်းဝင်ပေါက်ရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေလိုက်တယ်။
အရာရှိငယ်ကတော့ ရုံးခန်းထဲ ဝင်လာဖို့ ခေါ်တယ်။
တကယ်လက်မှတ်ထိုးပေးရမှာ သူမဟုတ်တော့ "ရပါတယ်၊ ဒီကပဲ စောင့်မယ်" ဆိုပြီး သူ့ကို မကြည့်မိအောင် မျက်နှာလွှဲထားလိုက်တယ်။
ဝင်သွားမိရင် မတော်တရော်တွေ လာပြောမှ အားနာတတ်တဲ့ ကျနော် ဒုက္ခရောက်ရပါလိမ့်မယ်။

အဲဒိလို ဝေခွဲမရဖြစ်နေတုန်း ..ကြီးကြီးကို ဖြတ်ခနဲ အတွင်းခန်းလေးထဲမှာ တွေ့လိုက်တယ်။
..ကြီးကြီးဆီ သွားဖို့ ရုံးခန်းလေးထဲအဝင် ခုနက အရာရှိငယ်က "ဆရာဒီမှာ" လို့ ပြောပြီး..
ရုံးခန်းကအထွက် အပေါက်ဝနားမှာ ကျနော့်ကို အမိအရ တိုးတိုးလေး ပြောဖြစ်အောင် ပြောလိုက်သေးတယ်။
"ဆရာ့ကို ဘာညာတဲ့"
လက်မှတ်အရေးတကြီး အရင်လိုနေတဲ့ ဟန်ပန်နဲ့ မကြားလိုက်သလို ဟန်ဆောင်လိုက်တယ်။
("တတ်သည့်ပညာ မနေသာ" ဆိုသလိုပေါ့)

..ကြီးကြီးက ..ကြီးကြီးမို့ အေးဆေးပါပဲ။
ကျောင်းသားလား? ဘာပြန်လုပ်တာလဲ? (တာဝန်?)ဝတ္တရားအရ မေးပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။
ဟိုအရာရှိငယ်က ဆရာ့ကို ဘာညာပေးမပေးကို ခပ်လှမ်းလှမ်းက အကဲခတ်သလို ကြည့်နေတယ်။
"ဒီမျက်လုံးရိုင်းကြီးတွေကြောင့်":(

အူတိအူကြောင်ပုံလုပ်၊ အလျင်စလိုနဲ့ အခန်းထဲက ပြန်ထွက်ပြီး ဟိုအရာရှိငယ် ရှေ့ကနေဖြတ်အလျှောက်...
သူကလဲ တစ်ယောက်တည်းပဲ ကျန်တော့တဲ့ ကျနော့်ကို လွယ်လွယ်နဲ့ လက်မလွှတ်ချင်ဘူးနဲ့ တူပါရဲ့။
"ငါ့ညီက ကျောင်းတက်ပြီး ပြန်လာတော့ ဘာလေးညာလေးများ မပါဘူးလား" တဲ့။
(စိတ်ထဲကတော့ "ဘာမှလဲ မဆိုင်ဘူး" လို့ တွေးလိုက်ပေမဲ့)
အပြင်မှာတော့"ဟုတ်ကဲ့ မပါဘူးအစ်ကို" လို့ လေးလေးစားစား ချိုချိုသာသာ ပြန်ဖြေလိုက်ပါတယ်။
မြန်မာပြည်က အရာရှိတွေအပေါ် ကရုဏာသက်ဝင်မိတဲ့ အခိုက်အတန့်လေးပါပဲ...
သားကျွေးမှု၊ မယားကျွေးမှုပေကိုး။
(မိဘကို လုပ်ကျွေးနေတာ (သို့) သူ့အတွက် သပ်သပ်လဲ ဖြစ်နိုင်ပါတယ်။)

ကဲ တစ်ခုသော ဂိတ်ကိုတော့ အောင်မြင်ခဲ့ပြီ။
ငရဲမကျတော့ဘူးလို့ ထင်လိုက်ပေမဲ့ နောက်ဂိတ်၁ခုက ဆီးကြိုနေပါသေးတယ်။

ဒီတစ်ခါတော့ အသက်၃၅-၄၀ဝန်းကျင် အမျိုးသမီး အရာရှိခင်ဗျ။
"မင်းက အိတ်တွေ များလှချည်လား"တဲ့။
"ဟုတ်ကဲ့၊ hand carryက ကျနော့်ဟာပါ၊ ကျန်တဲ့ အိတ်၂လုံးက သူများဟာ"လို့ ပြောလိုက်မိတယ်။
စကားမှားသွားပြီလို့ သိလိုက်ပေမဲ့ မမှီတော့မှန်း ငေါက်သံလိုလို ကြားမှ သိလိုက်ရတယ်။
"မင်းက ဘာမှန်းမသိ သယ်လာရလား?"
"ဘာမှန်းသိပါတယ်၊ အထဲမှာ အဝတ်အစားတွေပဲ ပါတာပါ၊ ဖွင့်ကြည်နိုင်ပါတယ်" လို့ ဖြေလိုက်တယ်။
စိတ်သိပ်ကြီးတယ် ထင်ပါတယ်။ ထပ်ငေါက်ပါတယ်။
"အဝတ်အစားတွေဆိုရင် အခွန်ဆောင်ရမယ်တဲ့"
"အဝတ်အစားဆိုရင် ဘာဖြစ်လို့ အခွန်ဆောင်ရတာလဲ"လို့ ပြန်မေးလိုက်တယ်။
(တကယ်မသိတာပါ၊ ရစ်တာမဟုတ်ရပါ။)

"အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမယ်လေ"
ဟဲဟဲ သူ့ခွင်ထဲ ကျနော်အဝင် မခံပါဘူး၊ ရှောင်နိုင်လို့ လွတ်ပါတယ်... ကြည့်...
"အဝတ်အစားအသစ် တထည်မှ မပါပါဘူး၊ အကုန် ဝတ်ပြီးသား အဟောင်းတွေပါ"
"အဝတ်အစား အဟောင်းတွေကို ပိုက်ဆံအကုန်ခံပြီး သယ်ခိုင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဒီလို ဆက်ရစ်ပါတယ်။
ကျနော်ကလည်း "ဖြစ်နိုင်ပါတယ်၊ မယုံကြည်ရင် ဖွင့်ကြည့်ပါလို့"ပြောလိုက်တယ်။
ဖွင့်ပြမယ်လို့ မပြောလိုက်ဘူး...(မုန်းလို့)

အပေါ်က စကားတွေ အများကြီးကို နှစ်ဦးနှစ်ဖက် ပြောကြပြီးနောက်...
ဦးလေးရဲ့ သူငယ်ချင်းဖြစ်သူက သူ့အတွက် ကျနော် သယ်လာတဲ့ ပစ္စည်းတွေကို လေဆိပ်အထိ လာယူပါတယ်။
အဲဒိဦးလေးက လေဆိပ်မှာ အသိရှိပုံပါပဲ။
သူ့အိတ်၂လုံးကို ယူသွားလိုက်တာများ လွယ်လွယ်လေး။
ကျနော်ဖြင့် ဒီမှာ စကားရည်လုပွဲ ဝင်နေတာ ရေတောင်ငတ်တယ်။

ကဲ ဒီလိုဆိုတော့ ကျနော် သွားလို့ ရပြီပေါ့။
ဟိုးမှာ တွေ့ချင်လှပြီ ဖြစ်နေတဲ့ အမေ့ကို လှမ်းမြင်နေရတယ်။
ငါ့သား ကြာလိုက်တာလို့ လှမ်းပြောနေသယောင်။

သွားလို့မရသေးပါဘူး....နောက်၁မျိုးပါခင်ဗျ။
"ဒါဆို မင်းရဲ့ hand carryထဲမှာရော ဘာတွေပါလဲ" တဲ့။
"ဖွင့်ကြည့်လို့ ရပါတယ်" ပဲ ပြောလိုက်ပြီး၊ ဖွင့်မပေးခဲ့ပါဘူး။
သူ့ဟာသူ ဖွင့်ကြည့်ပါတယ်။
"မင်းအဝတ်အစားတွေက အကုန်လုံး အသစ်တွေပါလား"တဲ့။
"ဟုတ်ကဲ့"လို့ တိုတိုတုတ်တုတ်ပဲ ဖြေလိုက်တယ်။
(ဟုတ်တယ်လေ... အမေနဲ့ တွေ့ချင်လှပြီ။ လူကို တရားခံစစ် စစ်နေလိုက်တာများ...မုန်းတယ်၊ မုန်းတယ်)

"ဟုတ်ကဲ့ဆိုပြီး မပြီးဘူးလေ၊ အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမှာပေါ့"လို့ ပြောပြန်တယ်။
လာပြန်ပြီ... ဒီအခွန်။ သူများပိုက်ဆံ တော်တော်လိုချင်နေကြတယ်။

ကျနော် စကားတွေ ဆက်တိုက် ပြောလိုက်တယ်။
"တဝက်က ကျနော့်အဝတ်အစားတွေ၊ ကျန်တဝက်က အိမ်အတွက် လက်ဆောင်ဝယ်လာပေးတာ၊ ကျနော် ကျောင်းပြီးလို့ အိမ်ပြန်နားချင်တာနဲ့ တစ်လခွဲလောက် အချိန်ပိုင်း အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ အမေတို့အစ်မတို့အတွက် လက်ဆောင်တွေ ဝယ်လာခဲ့တာ"
မြန်မြန်ပြောလိုက်တယ်၊ တော်ကြာ သူဖြတ်ပြောနေရင် ကိုယ်ပြောချင်တာ မပြောလိုက်ရမှာ စိုးလို့။

"ဘာပဲဖြစ်ဖြစ် ဒီအဝတ်အစားအသစ်တွေ ဝယ်လာရင်၊ အခွန်ဆောင်ရမယ်ဆိုတာ မင်းမသိဘူးလား"တဲ့။
ကဲ... သူကလဲ မလျော့ဘူးခင်ဗျ။
"ဟုတ်ကဲ့၊ အဲဒိတုန်းက အိမ်ပြန်ချင်တဲ့စိတ်ရယ်၊ လက်ဆောင်ဝယ်ပေးချင်တဲ့ စိတ်ရယ်ပဲ ရှိပါတယ်၊ ပြီးတော့ ကိုယ်ဝယ်တာကလဲ မိသားစုအတွက် အနည်းအကျဉ်းပါပဲ...စီးပွားဖြစ် လုပ်လာတာ မဟုတ်တော့၊ ဒါတွေ မစဉ်းစားမိခဲ့ဘူး"လို့ ပြန်ဖြေလိုက်တယ်။

တဆက်တည်းမှာပဲ..."လက်ဆောင်ကလဲ အဟောင်းတွေပေးလို့မှ မကောင်းတာ၊ ဒါကြောင့် အသစ်တွေ ဝယ်လာတာ၊ အစ်မလဲ အိမ်အပြန်လက်ဆောင် ဝယ်ဖူးမှာပါ၊ ပြည်တွင်းခရီးပဲ ဆိုရင်တော့ ပြည်တွင်းပြန်လက်ဆောင်၊ ပြည်ပက ပြန်လာရင်တော့ ပြည်ပပြန်လက်ဆောင်ပေါ့... ဘယ်လိုမျိုး လက်ဆောင်ဖြစ်ဖြစ် အစ်မလဲ အသစ်ပဲ ဝယ်မယ်ထင်ပါတယ်၊ အခွန်ဆောင်ရမယ်ဆိုလဲ ကျနော်ဝယ်လာတဲ့အထဲက အစ်မကြိုက်တဲ့အဝတ်အစားကို ယူပါ"လို့ ပြောချင်တာတွေ ပြောချလိုက်ပြီး၊ ကျနော် သူ့ကို တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်ဆိုတာ သိသာအောင် လုပ်လိုက်တယ်။

အဲဒိလို ပြောနေတဲ့ခဏမှာ စိတ်ကောင်းရှိပုံရတဲ့ အရာရှိတစ်ယောက်ဖက်ကို ကြည့်ရင်း စိတ်တွေ ပင်ပန်းနေဟန်၊ အမေကို တွေ့ချင်လှပြီဆိုတဲ့ ပုံစံလုပ်ပြလိုက်တယ်။
ဟုတ်တယ်လေ... ကျနော်တစ်ယောက်တည်း အပြင်မရောက်သေးတာ။ ဘယ်ခရီးသည်မှကို မကျန်တော့တာ။

ဒီတခါတော့ ကျနော် ကံကောင်းပြီခင်ဗျ။
ခုနက စိတ်ကောင်းရှိပုံရတဲ့ အရာရှိက
"ရစ်မနေပါနဲ့တော့ကွာ၊ သူလဲ အမေနဲ့ တွေ့ချင်လှရောပေါ့"လို့ ဝင်ပြောပေးတာ ကျေးဇူးတင်မိပါတယ်။
သူတို့မှာလဲ ဒီမိန်းမကြီး စံပြဝန်ထမ်းလုပ်ပြနေတာနဲ့ပဲ တာဝန်ချိန်ကုန်တာတောင် မပြန်ရဖြစ်တော့မယ် ထင်တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ကျနော်လဲ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ နောက်ဆုံးဂိတ်ကိုဖြတ် အမေ့ဆီကိုသာ အပြေးသွားလိုက်ပါတော့တယ်။
အိမ်ကိုအသွား ကားပေါ်မှာတော့....
"အင်း... တကယ်တမ်းတွေးကြည့်ရင် မြန်မာပြည်က ဒီလိုမျိုး အရာရှိတွေဟာ တော်တော်သနားဖို့ကောင်းပါတယ်...
နဂိုကတည်းက ကိုယ့်ကျင့်တရားမကောင်းတဲ့ တချို့ကလွဲရင်...
သူတို့တွေဟာ သူတို့ရဲ့ အရာရှိဆိုတဲ့ဂုဏ်ကိုတောင်မှ ဂရုမစိုက်နိုင်ကြပဲ အဆမတန် မြင့်မားတဲ့ ကုန်ဈေးနှုန်းကြောင့် ဒါတွေ လုပ်နေကြရတာ...
ဘဝဆိုတာ ခဏလေးပါ၊ သံသရာကတော့ ဘဝပေါင်းများစွာကိုဆိုလိုတယ်...

သံသရာမှာ သူတို့တွေ ကျင်လည်ကြရအုံးမှာကို တွေးမိတော့လဲ..."

"ဒါနဲ့ ခုနက ငါ့အပျော်လေးတွေ ဘယ်တွေရောက်ကုန်ကြပြီလဲ?"

နောက်တော့လဲ အိမ်သွားတဲ့ လမ်းတလျှောက်က ရန်ကုန်မြို့မြင်ကွင်းလေးတွေကြည့်ရင်း အမေနဲ့စကားတပြောပြောလုပ်လာလိုက်တာ အပျော်လေးတွေ ပြန်ရောက်လာခဲ့ပါတယ်...

တော်ပါသေးရဲ့...

ဘာပဲဖြစ်ဖြစ် "ချစ်တယ် မြန်မာပြည်ရယ်..."

Tuesday, August 24, 2010

ခိုးလို့ခုလု ဖြစ်နေတယ်

ကျလိကျလိ အသည်းယားတယ်...
မခံချိ မခံသာဖြစ်တယ်...
တနုံ့နုံ့ဖြစ်တယ်...

ပြောပြမယ် အဖြစ်ကဒီလို...

မြန်မာပြည်ပြန်ဖို့ အချိန်နီးကပ်လာပြီ။
အိုးးးးးးးးး သိပ်ပျော်တာပေါ့။
မပြန်ခင် ၂လလောက်တည်းက ပြင်ဆင်နေခဲ့တာ။

အိမ်အတွက် လက်ဆောင်လေးတွေဝယ်၊ ခင်ရာမင်ရာတွေ ပေးဖို့လဲဝယ်။
မခင်ရာမမင်ရာတွေကိုလဲ ပေးကိုပေးရမှာမို့...
(ဝယ်)၃ အကုန် အကုန် တကယ်ကို ကုန်တာပဲ၊ မယုံရင် A/C Summary ပြမယ်။

မလုပ်ချင်ဆုံး အလုပ်၁ခုကိုလဲ မလုပ်မနေရမို့ လုပ်ရပါမယ်။
အားလုံးသိပြီးသားပဲ...ဟုတ်!
ကိုယ့်နိုင်ငံကိုပြန်ဖို့ပဲဟာ လုပ်လုပ်...

မနက်စောစော ဝေလီဝေလင်းကတည်းက အိပ်ရာကထ။
ကဲ... ရောက်ပြီဗျာ... (အဲဒိကဝန်ထမ်းတွေကို ပြောတာမဟုတ်)
အကြမ်းစာရွက်၁ရွက်ပေါ်မှာ နာမည်ရေး၊ ပြီးတော့ ဆိုင်၁ဆိုင်မှာ ဗိုက်သွားဖြည့်။

အချိန်ကြည့်တယ်......
အင်း 1hourplus! ဒီအချိန်ကို “ဖြုန်းရင် ကောင်းမလား? သုံးရင်ကောင်းမလား?”
ငါ့မလဲ... သိပြီးသား ကိစ္စကိုများ။
တကယ်ဆို ၁ခုခုလုပ်ဖို့ ကြိုတင်စဉ်းစားထားခဲ့သင့်တာ။
အခုတော့ လတ်ယားလတ်ယားနဲ့ လမ်းပေါ်မှာ...

အင်း... ဘာလုပ်ရမလဲ???
စင်ကာပူမှာ အချိန်တွေ သိပ်ရှားတယ်ဆို။
အဲလို ပြောကြတာ ဘယ်သူတွေတုန်းးးးးးး
အခု ဒီမှာ အချိန်တွေပိုနေတယ်ဗျို့

မုန်းလိုက်တာ...
မနက်စောစောစီးစီး...လမ်းပေါ်မှာ အူကြောင်ကြောင်နဲ့။
“ကျက်သရေရှိအောင်နေပါကွာ... ဘာမှ တောင်တောင်အီအီတွေ တွေးမနေနဲ့၊
စိတ်ကို အတတ်နိုင်ဆုံး ကြည်ကြည်လင်လင်လေးထား”
ဒီလို ကိုယ့်ဟာကိုယ် ဆုံးမလိုက်မိသေးတယ်။

စင်ကာပူ အနောက်ဘက်ခြမ်းကနေ နာမည်ကြီး orchardလမ်းပေါ်မှာ မနက်ဝေလီဝေလင်းကလေး လမ်းလာလျှောက်နိုင်တာ တော်ရုံ ဝီရိယနဲ့ ဘယ်ရလိမ့်မတုန်း...

အခုလို အချိန်မျိုးမှာ လူကောစိတ်ကော၊ ကျန်းမာအောင်လုပ်ထား။
ပေါက်တတ်ကရ ရယ်စရာတွေတွေး၊ ဓာတ်ပုံတွေလျှောက်ရိုက်။
မနက်ခင်းလေးကလှတယ်...
စိတ်ပျော်စေမယ့်၊ စိတ်ကို ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အကြောင်းလေးတွေ တွေးနေ၊ လုပ်နေ...
ဖြစ်နိုင်ရင် တရားနှလုံးသွင်းထားနိုင်ရင်တော့ အကောင်းဆုံးပဲ။
သိတယ်ဟုတ်!!! မင်း စိတ်ညစ်ရတော့မှာ...

ပြီးရင် တွေ့ရပါလိမ့်မယ်။
စိတ်တို၊ စိတ်ရှုပ်၊ စိတ်ပျက်၊ စိတ်နာစရာတွေ။
ဒေါသတွေ အလိပ်လိုက်မျိုချရအုံးမယ်။

ဒါကြောင့် မြန်မာပြည်ပြန်ဖို့ရယ်၊ ဟိုရောက်ရင် ဘာတွေလုပ်မယ်၊ ဘာတွေစားမယ်ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကလေးကို ပျော်အောင်ထားလိုက်ပါ။
ပြုံး ပြုံး.. ပြုံးထား... ထပ်ပြုံး....အဲ ဟုတ်ပြီ ဟုတ်ပြီ.. ဟုတ်ပြီ... မရပ်လိုက်နဲ့နော်...

ရောက်လာကြပါပြီ။
အိပ်ရေးဝအောင် အိပ်ခဲ့ရတဲ့ သူတို့တွေလေ။
ထီမထင်မျက်နှာပေးတွေနဲ့။

အကြာကြီးစောင့်ခဲ့ရလို့လား?
အိပ်ရေးမဝလို့လား?
အလုပ်တွေ ပင်ပန်းနေလို့လား?...လား?...
သူတို့တွေကတော့ မှုန်တေတေမျက်နှာတွေနဲ့...

လာကြတဲ့ လူတွေရဲ့ပုံစံတွေကတော့ အစုံပါပဲ။
ညတည်းက လာစောင့်နေတဲ့ သူတွေ...
မနက်အစောကြီးထလာရတဲ့သူတွေ...
မထူးပါဘူးကွာ တနေကုန်လဲ ကုန်ပါစေတော့ဆိုပြီး အိပ်ရေးဝဝအိပ်ခဲ့တဲ့သူတွေ...

ထူးဆန်းတာက သူတို့အားလုံး ပုံစံ၁ခုတည်းဖြစ်နေကြတာ။
အားလုံးမှုန်တေတေဖြစ်နေသလားလို့...

ဟင် ဒါဆို ငါကရော???
စိတ်မှန်ထဲ ၁ချက်ကြည့်လိုက်တယ်.. အော.. ငါရောပဲကိုးးးးးး

အခန်းကျဉ်းကျဉ်းလေးထဲမှာ လူတွေလူတွေ ပြည့်သိပ်ကျပ်ညပ်နေလိုက်သမှ...
မြန်မာပြည်ကရုံးတွေကို ပြန်ရောက်သွားသလိုပါပဲ။
ဒါတွေက အလွမ်းပြေလား၊ အလွမ်းမပြေလား...

ဘေးနားက အစ်ကိုတစ်ယောက်ကို
“အစ်ကို အခု ဟိုလူတွေ ဖြည့်နေကြတာ ကျနော်တို့ဖြည့်ခဲ့တဲ့ အကြမ်းစာရွက်လဲ မဟုတ်ဘူး”
“သူတို့ရောက်လာကြတော့ နောက်ထပ်စာရွက်အသစ်၁ရွက် ထပ်ချပေးတယ်၊ ပြောတာကတော့ စာရွက်၂ရွက် ပြိုင်တူခေါ်မယ်တဲ့”
“ဟင် ဂလိုလား? ဘယ်လိုကြီးတုန်း!!!”
“ဒါဆို ကျနော့်အလှည့်က တကယ်ကြာသင့်တာထက် ၂ဆပိုကြာတော့မှာပေါ့..”
“ဟင်းးးးး တော်တော့်ကို စည်းမရှိကမ်းမရှိ”
“ဘယ်လိုဟာတွေနဲ့ ဒီဘဝမှာ လာကြုံတွေ့နေရတာပါလိမ့်...”
“အောင်မလေးဟဲ့ ဆိုးလိုက်တဲ့ကံ”
အဲ့လို ခံစားနေရတာတွေကို စိတ်ထဲမှာ အားပါးတရ မြည်တွန်တောက်တီးပြီးတော့...

ခြံထဲမှာစောင့်တာပဲ ခပ်ကောင်းကောင်းထင်ပါရဲ့။
သရက်ပင်အောက် သွားထိုင် ထိုင် ထိုင်
ဒုက္ခတွေ အဲဒိဒုက္ခတွေပေါ့
အဖော်အပေါင်းနဲ့ လာတယ်ဆိုတာ အခုလက်တွေ့ပဲ...
ကြည့်လေ မိုးရွာပြီ!!!
ဟင်းးးးးးးးးးးးးးးးးးးးး... ပြောကို မပြောချင်တော့တာ...
တကယ်စိတ်ပျက်တယ်...
ကဲ “ဘယ်မှာ နားခိုမလဲ?”

အခန်းထဲပဲ ပြန်ဝင်ရတော့တာပေါ့။
မှုန်တေတေမျက်နှာတွေနဲ့ သူတို့တွေ နည်းနည်းပျော်သွားပုံပဲ။
“အထဲမှာ အိုက်စပ်နေတာပဲ၊ တော်သေးတယ် မိုးရွာလို့...”
“နင်ကလဲ အပြင်မှာစောင့်နေတဲ့သူတွေ သနားပါတယ်”
“ဆောရီးပါ... ငါလဲ အိုက်လွန်းလို့ ရုတ်တရက် ပြောလိုက်တာ...”

ကဲ နာမည်ခေါ်မယ်...
ကိုxxx မxxx ဦးxxx ဒေါ်xxx...xxxx....
စိတ်တွေလေးပြီး ပင်ပန်းနေတဲ့ပုံပေါ်တဲ့ ခပ်နွမ်းနွမ်း အစ်ကိုတစ်ယောက်ရဲ့ အော်သံကြားလိုက်ရတယ်။

“ဟုတ် အဲဒါကျနော့်ဟာပါ”

“မင်းက သက်တမ်းတိုးနဲ့ အခွန်၅နှစ်စာ”

“ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ကျနော့်မှာ ၂နှစ်စာပေးဖို့လောက်ပဲ ငွေကျန်တော့လို့ပါ”

“မရဘူး၊ သက်တမ်းတိုးမယ်ဆို အနည်းဆုံး အခွန်က၃နှစ်ခွဲစာဆောင်ရမယ်၊ ပြီးတော့ မင်းက အခွန်ကိုလည်း နည်းပြီးဆောင်ချင်သေးတယ်”

“အမေနေမကောင်းတာ တော်တော်ကြာနေပြီ၊ မပြန်မှ ပိုက်ဆံပိုစုမိမှာမို့ မပြန်တာနဲ့ ၅နှစ်တောင်ဖြစ်သွားရတာ... အခု မပြန်လို့မဖြစ်တော့လို့ပါ”

“ဒါဆိုရင် ၁နှစ်စာ ထပ်ပေး၊ ၃နှစ်စာတော့ ဆောင်သွား”

“မလုပ်ပါနဲ့ဗျာ... ကျနော့်မှာ ရှိတာ အဲဒါအကုန်ပဲ မို့ပါ၊ အမေမသေခင်လေး တွေ့သွားချင်သေးလို့ ကူညီပါ”

“ခက်တယ်ကွာ... ငါတို့က ဘယ်လိုယုံရမှာလဲ တစ်ယောက်ကိုလုပ်ပေးလိုက်ရင် နောက်တစ်ယောက်ကလဲ ဒီအချိုးမျိုး လုပ်လာအုံးမယ်”

“ကျနော့်မိန်းမ ရေးပေးလိုက်တဲ့ စာယူလာပါတယ်”

“ဒီစာကိုရော ဘယ်လိုယုံရမှာလဲ?”

“ကျနော့်ပုံစံသာကြည့်ပါတော့ဗျာ...”

“မယုံဘူး”

“ကူညီပါဗျာ”

...#..@#@.^#/..\*/...

စိတ်တွေ ညစ်တယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုယ့်လူမျိုးချင်းကွာာာာာာာ...
ဒါမျိုးတွေ မြင်နေကြားနေရတဲ့ အရပ်က အမြန်ဆုံးထွက်ပြေးပါရစေ။
ငါ့နာမည် မြန်မြန်ခေါ်ပါတော့... ပိုက်ပိုက်ပေးချင်လှပြီ။

♫♫..ဒီကစောင့်နေသူ အိုးအို ဒီကစောင့်နေသူ..♫♫
♫♫..ကြာတယ်၊ ကြာတယ်၊ မြန်မြန်ခေါ်ကွာ (ခေါ်ပြီ ခေါ်ပြီ)၂..♫♫
♫♫..မဟုတ်သေးဘူး၊ မင်းမဟုတ်ဘူး..♫♫

ဒီကောင်ကွာ... သီချင်းတောင်ဆိုနေနိုင်သေးတယ်လို့တော့ မထင်ကြပါနဲ့။
စိတ်တွေညစ်၊ စိတ်တွေရှုပ်လာရင် လက်တလောဖြစ်နေတာတွေကို ပေါ့စေလိုတဲ့ သဘောမျိုးဖြစ်အောင် သီချင်းတွေအော်ဆိုတတ်ကြသလိုမျိုးပါ။

ကိုယ့်လူမျိုးအချင်းချင်း မတရားလုပ်နေကြတဲ့ ခုနက မြင်ကွင်းမျိုးကြောင့် အလိပ်လိုက်တက်လာတဲ့ ဒေါသတွေကို မျိုသိပ်ထားရတာ ခါးသီးလိုက်တာ။
လက်သီးကို တင်းနေအောင်ဆုပ်၊ အံကိုကြိတ်ထားရင်းကနေ လေပူတွေ ခဏခဏမှုတ်ထုတ်နေရတယ်။

ငါဘာမှ မလုပ်ပေးနိုင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုလည်း မကျေနပ်သလိုကြီး ဖြစ်မိသေးတယ်။
အဲဒိနေ့က စိတ်တွေ ပင်ပန်းလိုက်တာ...

ကျနော် အဲ့အစ်ကိုကို ယုံတယ်...သူ့ပုံစံက တော်တော်ရိုးရိုးအေးအေးကြီးပါ။
အခုကိစ္စအဆင်မပြေခဲ့ရင် ဆိုတဲ့အတွေးနဲ့ သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ။
တကယ်ကို ကြေကွဲဝမ်းနည်းနေတာ အရမ်းသိသာတယ်။
ဒါတွေကို မမြင်နိုင်လောက်အောင်များ ဖြစ်နေကြတာ၊
ဒီဟာတွေ လူတွေမှ ဟုတ်ပါလေစ...

ကိုယ့်အကြောင်း ပြန်ရောက်သွားတော့လဲ...
“အင်း ကုန်တော့မယ်၊ ကုန်တော့မယ်”ဆိုပြီး တွေးလိုက်
“ဒီပိုက်ဆံလေးသာ အမေ့အတွက်ဆိုရင်၊ အမေတော်တော် သုံးရမှာ”ဆိုပြီး မချိတင်ကဲ ဖြစ်လိုက်
ခံစားချက်ကို စုံလို့ပဲ။

ကိုယ့်အကြောင်းတွေးရင်း စိတ်ဆင်းရဲနေရမယ့်အစား...
“မင်းတစ်ယောက်တည်းမဟုတ်ဘူး” သီချင်းကို တိုးတိုးလေး ညည်းနေလိုက်တယ်။
သူများတွေကြည့်တော့လည်း ကိုယ့်လိုပါပဲလေ...လို့ စိတ်ဖြေရပြန်တယ်။
ဒါကြောင့် သီချင်းတွေ လျှောက်ညည်းနေမိတာပါ။

တချို့များဆို တော်တော့်ကို ကြေကြေကွဲကွဲလေး ဖြစ်နေရှာတဲ့ပုံ။
ရုပ်ရှင်တွေထဲမှာ... ရွာသားတွေက ဓားပြတွေကို ဆပ်ကြေးပေးရတော့မယ့်အခါ... ရွံရွာစက်ဆုပ်နေကြသလို၊ နှမြောတသလဲ ဖြစ်နေကြတာမျိုးလေ...
သိတယ်ဟုတ်။
အင်း အဲ့လိုမျိုးပဲ...

ကဲ... ရောက်ပါပြီ။
ကျနော် ဆပ်ကြေးပေး အဲဟုတ်ပါဘူး... အခွန်ဆောင်ရတော့မယ်အလှည့်။

“ဘာလုပ်မှာလဲ”

“(ဟင် လေသံကလဲမာပ... ငါပဲ သူ့သမီးကို ငန်းနေသလို၊ သူ့ဆီမှာ အကြွေးယူထားသလိုလို၊ ဒါမှမဟုတ် အကြွေးယူမလို့ လာသလိုလို...)
(အော် ငါတို့က အပြစ်ကို သိတဲ့ သူတွေပဲ၊ သိရင် သိတဲ့ သူတွေက ရှောင်ရမယ်လေ)”

“ဟဲ့ မေးနေတာ ဖြေအုံးလေ”

“အော် ဟုတ်ကဲ့၊ ကျနော်က ၁နှစ်စာ အခွန်ဆောင်မယ်၊ သက်တမ်းတိုးမယ်”

“၁နှစ်စာ အခွန်က xxx၊ သက်တမ်းတိုးတာက ၃၀၀”

ငွေပေးပြီးသကာလ...
♫♫..ဒီကစောင့်နေသူ၊ အိုးအို ဒီကစောင့်နေသူ..♫♫
နောက်တစ်ခေါက် ထပ်ဆိုဖြစ်ပါတယ်။

အခု ကျနော် ပြောခဲ့သမျှတွေကို စင်ကာပူက မြန်မာနိုင်ငံသားတွေ သိပြီးသားဖြစ်မှာပါ။
ဒီပို့စ်ရဲ့ အဓိက ပြောချင်တဲ့ အကြောင်းအရာက...
အခုမှ လာမှာ...

အဲဒိနေ့က ကျနော်အတွေးဖြစ်ဆုံးကတော့...
“ငါအခု အခွန်ဆောင်လိုက်ရတဲ့ ပိုက်ဆံတွေသာ ငါ့အမေရရင်”ဆိုတာပါပဲ။
ကံတရားက ကျနော့်ကို မျက်နှာသာပေးပါတယ်။
ကျနော်ပေးလိုက်တဲ့ ပိုက်ပိုက်ထဲက တချို့ကို ကျနော်ပြန်ရဖို့ အကြောင်းရယ်ဖန်လာတယ်။

ကျနော့်ကို collectionအတွက် ပြန်ခေါ်ပြီ။
“ဒီမှာ receipt၊ passportနဲ့ SGD300”

အဲ ဒါ ပဲ!!!

တကယ်က ကျနော်ပေးလိုက်တာ အတိအကျပဲ။
ပြန်အမ်းစရာ မလိုဘူး။
သူတို့ပြန်အမ်းတဲ့ ဒေါ်လာ၃၀၀က သက်တမ်းတိုးဖို့ပေးခဲ့တဲ့ ပိုက်ဆံ။

ကျနော် ခဏ အူကြောင်ကြောင်ပုံစံလေး ဖြစ်သွားတယ်။
ငါ့passport သက်တမ်းမတိုးပေးလိုက်တာလားလို့ ရိုးရိုးလေးပဲ တွေးခဲ့မိပါတယ်။
အဲဒါနဲ့ passportစာအုပ်ကို နေရာမှာတင်ပဲ စစ်ဖို့ ဖွင့်ကြည့်လိုက်တယ်။
ဟင်... သက်တမ်းလည်း တိုးပေးထားပါလား... ဒါဆိုရင်..........................

ဒါပေမယ့်လည်းလေ.....
ခဏလေးမှ တကယ့်ကို ခဏလေးပါ။
ကျနော် အဲဒိနေရာမှာ ဆက်ပြီး ရပ်နေမိတာက ကျနော့်အမှား။
ဒါပေမယ့် သေချာချင်လို့ သက်တမ်းတိုးထားလား စစ်တာပါ။

ကျနော် အဲဒိလို အူတိအူကြောင်လေးဖြစ်နေတဲ့ ခဏကို မြင်ဖြစ်အောင်မြင်တယ်။
ပြီးတော့ right actionကို အဲဒိမိန်းမကြီး လုပ်လိုက်နိုင်ခဲ့တယ်။
တကယ့်ကို ဝန်ထမ်းကောင်းပါပဲဗျာ...

“မင်းက စာအုပ်သက်တမ်းတိုးလဲ လုပ်တာလား”

ကျနော်ကလဲ “ဟုတ်ကဲ့”လို့ အမှန်အတိုင်းပဲ ဖြေလိုက်မိတယ်...

“ဒါဆိုရင် ဒီငွေ၃၀၀က ပြန်အမ်းစရာ မလိုဘူးပေါ့”

“ဟုတ်ကဲ့ ပြန်အမ်းစရာ မလိုဘူး”လို့ “ပြန်ဖြေလိုက်မိပြန်တယ်”

ဒါနဲ့ပဲ ခုနက ကျနော့်ကို ပေးခဲ့တဲ့ ငွေ၃၀၀ သူတို့ပြန်ယူသွားကြတယ်ဗျာ...

ဘေးနားက လူတွေဆိုတာ... ကျနော့်ကို သနားသလိုလို အဲ မဟုတ်သေးဘူး...
တကယ်က သူတို့လဲ တစ်ခုခုကို လက်လွှတ်လိုက်ရသလို ခံစားချက်မျိုးနဲ့ ကျနော့်ကို ကြည့်နေကြတယ်...
တချို့များ ဘယ်လိုမှ ရင်ထဲမှာ သိမ်းမထားနိုင်တော့ဘူးနဲ့ တူပါရဲ့။
“မင်းကွာ၊ အခန်းထဲက အမြန်ပြန်ထွက် သွားပါတော့လား”တဲ့။

ကျနော်သာ အခန်းထဲက အမြန်ပြန်ထွက်သွားနိုင်ခဲ့ရင်....
..............................
..............................

အဲဒိနေ့က ငရဲပြည်ကအပြန် တလမ်းလုံး...ကျနော့်မှာ...
ရင်ထဲ ဟာနေလိုက်တာများ... နှမြောတသဖြစ်နေတာများ... မချိတင်ကဲ ဖြစ်နေတာတွေများ...

ကဲ...ဆိုမိပြန်ပြီပေါ့ နောက်တစ်ပုဒ်...
ဒီတစ်ပုဒ်ကတော့ ဇာတ်သိမ်းခန်းအတွက် သီချင်းပေါ့ဗျာ...
အလွမ်းဇာတ်သိမ်းလို့ ပြောရမလား... ဇာတ်နာတယ်ဗျာ...

♫♫..♫♫..ငါ့စိတ်တွေ ကသိကအောက်ဖြစ်အောင်၊ မင်းဘယ်လိုလုပ်တာလဲ
ငါ့အတွေးတွေ ကသိကအောက်ဖြစ်အောင်၊ မင်းဘယ်လိုလုပ်တာလဲ
အခုတော့ ငါ့တစ်ယောက်တည်း ခိုးလို့ခုလု ဖြစ်နေတယ်
ဒီအကြောင်းတွေးလိုက်တိုင်း ခိုးလို့ခုလု ဖြစ်နေတယ်..♫♫..♫♫


(လွန်ခဲ့သော၂နှစ်က ကိုယ်တွေ့အဖြစ်အပျက်ပါ။)