Monday, October 4, 2010

"မေတ္တာ၊ ကရုဏာ နှင့် ပညာ"

၂၀၁၀ အောက်တိုဘာလ ၃ရက် တနင်္ဂနွေနေ့ ဓမ္မသဘင်

မင်္ဂလာရှိသောနေ့ပါ...
စင်ကာပူနိုင်ငံရှိ ဘုန်းကြီးကျောင်းတွေရဲ့ ကျောင်းပေါင်းစုံတရားပွဲတွေ ကျင်းပနေတဲ့ ဆဠမမြောက်နေ့လဲ ဖြစ်ပါတယ်။

အလုံးရေ တစ်ထောင့်တစ်ရာကျော် ငှက်ပျောသီးများ ဝေမလောက်အောင်ကိုပဲ တရားနာပရိသတ်တွေ များပြားခဲ့ပါတယ်။
တရားနာပရိသတ်တွေဟာ ခန်းမထဲမှာ မဆန့်တဲ့အတွက် ခန်းမအပြင်မှာ ထိုင်ခုံတွေချပြီး projectorနဲ့ နာယူရတဲ့အပြင် တချို့က ဝေဖို့ဝယ်ထားတဲ့ ရေသန့်ဗူးတွေရဲ့ ပုံးကတ်ထူပြားတွေခင်းပြီး နာကြားကြရပါတယ်။
များပြားလှတဲ့ လူဦးရေကြောင့် အဆင်မပြေတာများ ဖြစ်ခဲ့ရင် နောင်ဒီလို တရားပွဲတွေ စီစဉ်ပေးဖို့ မလွယ်ကူနိုင်တာကြောင့် စီစဉ်သူတွေမှာလည်း စိုးတထင့်ထင့်နဲ့ပါပဲ။

တရားပွဲမစတင်မီ ဆရာတော်ဘုရားရဲ့ ကိုယ်ရေးအကျဉ်းချုပ်နဲ့ သီတဂူလုပ်ငန်းစဉ်များအကြောင်း ဖတ်ကြားတင်ပြပြီးတဲ့နောက် အစီအစဉ်အတိုင်း ည၇နာရီခွဲတိတိမှာ တရားပွဲစတင်ပါတယ်။
နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပါတယ်။
ဒီတရားပွဲမှာတော့ ဆရာတော်ဘုရားက ခန္ဓာဥာဏ်ရောက် တရားမဟောပဲ၊ လောကီ လောကုတ္တရာအကျိုးစီးပွားအလို့ငှာ မေတ္တာ၊ ကရုဏာ ကိုအခြေခံပြီး ပညာရဲ့အရေးပါပုံကို ဟောကြားပါတယ်။

တရားအစမှာ ဆရာတော်ဘုရားက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ လူ့လောကကို တနေ့၆ကြိမ် ကြည့်ရှုတော်မူတဲ့အကြောင်း၊ အဲဒိလို ကြည့်ရှုတဲ့အခါ...
World is unstable...
Internally burning...
Externally burning...
The whole world is needy...
လို့ တွေ့မြင်ကြောင်းနဲ့ အစချီတဲ့ တရားကိုဟောကြားပါတယ်။

မိမိတို့ကလည်း ဘာတွေဖြစ်နေတယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာတွေကို သိနေဖို့ တနေ့ကို အနည်းဆုံး၂ကြိမ်လောက် ကြည့်ကြဖို့ တိုက်တွန်းပြောကြားပါတယ်။

လောကီလူသားတွေ ပူပင်သောကရောက်ရခြင်းရဲ့ အရင်းအမြစ် ဒေါသဖြစ်ခြင်းကြောင့်  ဝိဟိံသ(ညှင်းပန်းနှိပ်စက်တတ်ခြင်း)တရား လွှမ်းမိုးတတ်ကြောင်း၊
အဝိဟိံသ(မညှင်းပန်းမနှိပ်စက်ခြင်း)တရားထွန်းကားဖို့ရာ မေတ္တာ၊ ကရုဏာတရားထားပြီး ဒေါသကို ပယ်သတ်ဖို့ ဟောကြားတော်မူပါတယ်။

စင်ကာပူနိုင်ငံ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ရဲ့ တောင်းပန်လျောက်ထားချက်အရ ဆရာတော်က သီတဂူprojectsများအကြောင်း ခေတ်ကိုယှဉ်ပြီး ရှင်းလင်းပြောကြားပါတယ်။

အကြမ်းဖျဉ်းသိသလောက် ဆရာတော်ဘုရားဦးစီးတဲ့ သီတဂူလုပ်ငန်းစဉ်တွေကတော့
(၁) စစ်ကိုင်းချောင်ရေအလှူတော်
ယနေ့ ဘုန်းကြီး၊ရဟန်း၊ သီလရှင်၊ ယောဂီ ၁သောင်း၃ထောင်ကျော်တို့အတွက် ရေအလှူတော်
(၂) တည်ဆောက်ခဲ့ပြီးသော၊ တည်ဆောက်နေဆဲ၊ တည်ဆောက်လတ္တံ့သော အထွေထွေရောဂါကုဆေးရုံ၊ မျက်စိဆေးရုံများ
(စစ်ကိုင်း၊ သီပေါ၊ ညောင်ရွှေ၊ မြစ်ကြီးနား၊ ...)
(၃) စာသင်ကျောင်းများနဲ့၊ ထူးချွန်တဲ့ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ခြင်းစတဲ့ လုပ်ငန်းများအပြင်
ယခုကဲ့သို့သော လူမှုဝန်ထမ်းလုပ်ငန်းများကို နောင်တွင် လက်ဆင့်ကမ်းထမ်းဆောင်ကြမယ့် အထူးကို အရေးအကြီးဆုံး သာသနာ့အာဇာနည် ရှင်ရဟန်းများ မွေးထုတ်ပေးရန်
(၄) သာသနာ့တက္ကသိုလ်များ
(ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း)
(၅) မကြာသေးမီက အကောင်အထည်ဖော်ခဲ့သော ဧရာဝတီအထူးစီမံကိန်း
စတဲ့စတဲ့လုပ်ငန်းပေါင်းများစွာကို မြန်မာပြည်သူပြည်သားတို့ အကျိုးအလို့ငှာ
မေတ္တာ၊ ကရုဏာထား၍ လစဉ်သိန်းရာနဲ့ချီ အကုန်အကျခံပြီး လုပ်ဆောင်တော်မူနေပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြောင်း၊ အဲဒိလို ဆောင်ရွက်ရင်း တခြားဘာသာများနဲ့လည်း confict and fighting မဖြစ်အောင် compete မလုပ်ကြပဲ collaborate and cooperate လုပ်ခြင်းဖြင့် ဗုဒ္ဓဘာသာအကြောင်း ပိုမိုသိစေနိုင်မှာ ဖြစ်ကြောင်းများကိုပါ ပြောကြားခဲ့ပါတယ်။

သီတဂူလုပ်ငန်းစဉ်များရဲ့ သဘောသဘာဝနဲ့ ပတ်သတ်တာတွေကို နားလည်စေဖို့ အကျဉ်းချုံးရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

၂ရက်မှ ၄နာရီခန့်သာရသော လျှပ်စစ်မလုံလောက်သောကြောင့် ကိုယ်ပိုင်generatorsတွေ သုံးပြီး ရေတင်တဲ့အခါ တနေ့ပျမ်းမျှ မြန်မာငွေ၁သိန်းခန့်ကို ဒီဇယ်ဝယ်ဖို့ရာ သုံးစွဲရကြောင်း၊

ယခုစင်ကာပူကို ဆေးရုံအတွက်လိုအပ်တဲ့ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းဝယ်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊

မတတ်နိုင်တဲ့ ပညာချွန်ကျောင်းသား၊ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး တစ်လ ၁၅သိန်းခန့် ကုန်ကျကြောင်း၊

ဧရာဝတီစီမံကိန်းအနေနဲ့ ဧရာဝတီဒေသတလျောက်ရှိ ဘုန်းတော်ကြီးကျောင်းများအပါအဝင် နာဂစ်ဘေးဒဏ်သင့်ဒေသများ ပြန်လည်တည်ဆောက်ရေးများ လိုအပ်နေဆဲဖြစ်ကြောင်း၊

ထူးချွန်တဲ့ သာသနာ့အာဇာနည် ရှင်ရဟန်များကိုလည်း အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေမှာ Ph.Dဘွဲ့အတွက် ပညာတော်သင်လွှတ်ခြင်းများဖြင့် သီတဂူလုပ်ငန်းစဉ်များ ဆက်လက်ထမ်းဆောင်နိုင်မည့် မေတ္တာ၊ ကရုဏာ နှင့် ပညာရှိ သာသနာ့အာဇာနည်ရှင်ရဟန်းများပေါ်ထွက်ရေးကို အဓိကထားလုပ်ဆောင်နေကြောင်း၊

ဒီလုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် လည်ပတ်နေဖို့နဲ့ ပိုမိုတိုးတက်ကောင်းမွန်လာဖို့  ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ထမ်းလစာပေးရေး၊ ဝန်ထမ်းမိသားစု ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ လူမှုလုပ်ငန်းတွေရဲ့ အထွေထွေကုန်ကျစရိတ်တို့ကို အကျဉ်းချုပ် ပြောကြားခဲ့ပါတယ်။
ဆရာတော်ရဲ့ များစွာသောလုပ်ဆောင်နိုင်မှုတွေကို ကြားသိရတဲ့အခါ ကြက်သီးများပင်ထကာ လေးစားကြည်ညှိမဆုံး ဖြစ်မိပါတယ်။

ဆေးရုံတွေဆောက်လုပ်လှူဒါန်းဖို့ ရစေခဲ့တဲ့ တွန်းအားတွေနဲ့ ပတ်သတ်လို့ ဗဟုသုတဖြစ်စေဖို့ရာ...

ဆရာတော်ဘုရားဟာ ရဟန်းငယ်ဘဝမှာ မြန်မာပြည်အနှံ့ လှည့်လည်သွားလာစဉ် မြန်မာတရုတ်နယ်စပ်နမ့်ခမ်းမြို့အရောက် ခရစ်ယာန်ဘုန်းကြီးတည်ဆောက်ထားတဲ့ ဆေးရုံမှာ မြန်မာ ဘုန်းကြီး၊ သီလရှင်တွေ တက်ရောက်ကုသနေတာကို သိခဲ့ရပြီးနောက် မြန်မာဘုန်းကြီးတစ်ပါးအနေနဲ့ ဆေးရုံတွေဆောက်လုပ်လှူဖို့ သံဒ္ဓိဌာန်ချခဲ့ကြောင်း၊

မြန်မာပြည်ရဲ့နောက်ဆုံးမင်းဆက် သီပေါဘုရင်နဲ့ မိဖုရားတို့အုတ်ဂူများကို အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ အိမ်ကြိုအိမ်ကြားအရောက် သွားရောက်ကြည့်ရှုခဲ့တဲ့ အမှတ်တရစိတ်ကြောင့် သီပေါမှာ ဆေးရုံတည်ဆောက်၍ အမျှအတန်းပေးဝေခဲ့ကြောင်း၊

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားကြီးပြင်းခဲ့ရာ နတ်မောက်ဒေသရှိ ဒီပင်္ကရာ(အလင်းဆောင်ခြင်း)ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးရဲ့ မျက်စိ၂ကွင်း အလင်းကွယ်သွားတဲ့အဖြစ်ကို တွေ့မြင်ရပြီး မျက်စိဆေးရုံဆောက်ဖို့ သံဒ္ဓိဌာန်ချခဲ့ကြောင်း ဗဟုသုတဖြစ်ဖွယ် ပြောကြားခဲ့ပါတယ်။

လက်တလော အရေးပေါ်အနေနဲ့ သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာကလေးငယ်တွေကို ကယ်ဆယ်ဖို့ (ပြီးခဲ့တဲ့ ပို့စ်) အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

သီတဂူလုပ်ငန်းစဉ်များ အောင်အောင်မြင်မြင်ပြီးမြောက်ဖို့၊ ရေရှည်တည်မြဲဖို့နဲ့ အမြဲတိုးတက်နေဖို့ရာ မေတ္တာ၊ ကရုဏာနဲ့တင် မလုံလောက်ဘဲ ပညာရှိဖို့လဲ လိုအပ်ကြောင်း ရယ်စရာဥပမာတွေပေးပြီး ဟောကြားခဲ့ပါတယ်။

မေတ္တာ = သူတပါးအား သနားကြင်နာညှာတာခြင်း။
ကရုဏာ = ဆင်းရဲဒုက္ခ ရောက်နေသူတို့အား ကယ်တင်ခြင်း။
ပညာ = ကိစ္စတို့ကို မှန်ကန်စွာ ထိုးထွင်းသိမြင်၍ ဆင်ခြင်စဉ်းစားတတ်ခြင်း။

မေတ္တာ၊ ကရုဏာရှိသော်လည်း ပညာမဲ့လျှင် အလုပ်တွေကို စနစ်တကျ မလုပ်ဆောင်နိုင်ကြောင်း။
မေတ္တာမဲ့၊ ကရုဏာမဲ့တဲ့ ပညာရှိဆိုပါကလည်း ပညာတတ် လူကြမ်းကြီးတွေသာ ဖြစ်မယ့်အကြောင်း ဆုံးမပါတယ်။
အထူးသဖြင့် ပညာမဲ့ခြင်းကြောင့် သေချာဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိတဲ့အတွက် စနစ်တကျအလုပ် မလုပ်တတ်ကြတဲ့အကြောင်းကို ဥပမာတွေနဲ့ ပြောခဲ့ပါတယ်။

ဆရာတော်ပြောပြတဲ့ ဥပမာပုံပြင်တွေထဲက ပုံပြင်၁ခုအကြောင်း ပြောပြပါမယ်...

တစ်ခါက ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ သားလေးတစ်ယောက်ရှိတယ်။
မိဘတွေဟာ သူတို့သားလေးကို သိပ်ကိုချစ်ကြတယ်။
တနေ့တော့ အမေအိမ်ပြန်ရောက်တဲ့အခါ ဗိုက်ဆာနေတဲ့ သားလေးက မုန့်တောင်းပါရော။
အဲဒိအခါ မိခင်ဖြစ်သူက ကလေးရဲ့ အိမ်တိုင်ကိုဖက်ထားရက်က ဖြန့်ပေးထားတဲ့ လက်နှစ်ဘက်ထဲ ပဲလှော်တွေထည့်ပေးတယ်။

ကလေးက ပဲလှော်တွေစားမယ်လုပ်တဲ့အခါ လက်ဖဝါးနဲ့ပါးစပ်ကြား တိုင်ခံနေတော့ စားမရဘူးဖြစ်နေတယ်။
တိုင်ဖက်ထားတဲ့ လက်နှစ်ဘက်ကို ဖယ်လိုက်ပြန်ရင်လည်း ပဲလှော်တွေပြုတ်ကျကုန်မှာလဲ စိုးတာကြောင့် နောက်ဆုံးမှာတော့ “အမေ...သားဗိုက်ထဲ တိုင်(အိမ်တိုင်)ကြီးဝင်နေတယ်”ဆိုပြီး အော်ငိုပါလေရော။

သားလေးကို သိပ်ကို ချစ်ရှာတဲ့ ပညာမဲ့မိခင်ဟာ ပူပင်သောကကြောင့် အရပ်ထဲ လှည့်ပြီး “သားလေးဗိုက်ထဲ တိုင်ဝင်နေလို့ လုပ်ကြပါအုံး”လို့ အော်ဟစ် အကူအညီတောင်းလေတယ်။
အဲဒိမှာ ရပ်ကွက်က ကော်မတီတစ်ခုဖွဲ့ပြီး(ကော်မတီဆိုတာကလဲ အခုဖွဲ့အခုဖြစ်တာ ဆိုတော့ကာ...) ကလေးနဲ့မိခင်ရဲ့ဒုက္ခကို ဖြေရှင်းဖို့ အကြံဥာဏ်ထုတ်ကြတယ်။

ကလေးလည်း အငိုတိတ်အောင်၊
ပဲလှော်တွေလည်း မဆုံးရှုံးရလေအောင်၊
မိခင်လည်း ကလေးအတွက် စိတ်အေးရအောင်၊
အိမ်လည်း ကြီးကြီးမားမား မပျက်စီးရအောင် ဆိုပြီး အကောင်းဆုံးနည်းလမ်းကို စဉ်းစားကြတဲ့အခါ...

တစ်ယောက်က ကလေးကို ကြမ်းခင်းဖောက်၊ မြေကြီးကိုတူးပြီး ထုတ်ကြဖို့ အကြံပြုတယ်။
ဒါပေမယ့် ကြမ်းဖောက်ဖို့ မြေကြီးတူးဖို့ရာ မလွယ်လေတော့...
နောက်ဆုံးမှာ အိမ်ခေါင်မိုးပေါ်က ထုတ်ယူရင် လွယ်နိုင်ကြောင်း၊ လှေကားထောင်ပြီး အမိုးဖောက်ထုတ်တာဟာ အလွယ်ကူဆုံးနည်းလမ်းဖြစ်ကြောင်းကို တစ်ယောက်က အကြံပြုတဲ့အခါ...
အားလုံးကလည်း သိပ်ကို ကောင်းတဲ့ အကြံရယ်လို့ သဘောတူကြပြီးတဲ့နောက်...
ကလေးကို လူကြီးတွေ တစ်ယောက်တစ်ဆင့် တွန်းတင်ကြ၊ အမိုးဖောက်တဲ့သူကဖောက်နဲ့ နောက်ဆုံးမှာ ပဲလှော်တွေကို ဆုပ်ထားတဲ့ လက်ကလေးပုံမပျက်နဲ့ ကလေးကို ကယ်ဆယ်နိုင်ခဲ့လို့...
မိခင်ခမြာ ဝမ်းသာအားရလွန်းတာကြောင့် ကျေးဇူးကြီးမား ပညာရှိကော်မတီပါပဲရယ်လို့ ကျေးဇူးတင်မဆုံးဖြစ်နေတော့တယ်။

ဒီပုံပြင်ကနေ ဆရာတော်က ပညာရဲ့အရေးပါပုံကို ထောက်ပြပြီး လုပ်ငန်းတွေကို ပြီးမြောက်အောင်မြင်စေဖို့ရာ ပဲလှော်ကော်မတီလိုမျိုး မလုပ်ကြဖို့လိုကြောင်း သတိပေးပြောကြားပါတယ်။

တရားပွဲမှာ ဆရာတော်အဓိကထားပြောခဲ့တာကတော့...“ဘာတွေ ယူသွားပြီး၊ ဘာတွေထားခဲ့မှာလဲ”

မြတ်စွာဘုရားဟာ လောကအတွက် တရားဓမ္မတွေကို သုံးမကုန်အောင် ထားပေးခဲ့တဲ့ ကျေးဇူးရှင်ဖြစ်ကြောင်း၊
ဒေဝဒတ်ကတော့ မကောင်းတဲ့ သမိုင်းနဲ့ ဘဝနိဂုံးအဆုံးသတ် မကောင်းပုံတို့ကို ယှဉ်ပြပြီး
“ဘာတွေ ယူသွားပြီး၊ ဘာတွေထားခဲ့မှာလဲ”လို့ သတိပေး ဆုံးမပါတယ်။
VALUE OF LIFE ဆိုတာ မေတ္တာ၊ ကရုဏာစိတ်တွေထားပြီး  ဝိဟိံသတရားတွေ ချုပ်ငြိမ်းပပျောက်စေဖို့ လုပ်ကြရမှာဖြစ်ကြောင်း၊ အဲဒိအခါ ပညာဆိုတာ မရှိမဖြစ်အရေးပါကြောင်း ပြောရင်း တရားကို အဆုံးသတ်ပါတယ်။

အပြန်မှာ များလှတဲ့ လူတွေကို တသုတ်ပြီးမှတသုတ် ပေးထွက်ဖို့ ဝင်းတံခါးကို လူ၃ယောက်ရဲ့ အကူအညီနဲ့ အဖွင့်အပိတ်လုပ်စေခဲ့ရပါတယ်။
နောက်ဆုံးတော့ အားလုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...

5 comments:

Anonymous said...

thanks for this summary.
sa ya dar is very capable and put much efforts on these good deeds.
MS

Anonymous said...

thar du, thar du, thar du

Anonymous said...

မရောက်ဖြစ်လိုက်တော့ အခုလိုဖတ်ရတာ ကျေးဇူးတင်ပါတယ်...

KSML

Anonymous said...

ဆရာတော်ပုံပြင်လေး ကောင်းတယ်....

LLHO

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog