Monday, September 20, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အလယ်

အချစ်ဆိုတာ...
ပေးဆပ်ခြင်းလား?
ရယူခြင်းလား?
စွန့်လွှတ်ခြင်းလား?
ခံစားနားလည်မိတဲ့ အချစ်ကို ပြောရရင်...
အချစ်ဆိုတာ ချစ်ခြင်းသပ်သပ်ရယ်ပါ၊ ကျန်တာတွေ ၁ခုမှ မဟုတ်ဘူး။
အချစ်ရဲ့ခေါ်ဆောင်ရာနောက်ကို ယုံကြည်စွာ လိုက်ပါစီးမျောရင်း ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်။

...................................L..O..V..E.......................................

အဲဒိညကပေါ့...
မနက်ဖြန်အရေးတွေးရင်း
စိတ်မောလူမော ဖြစ်နေခဲ့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးလားလို့တော့ ရက်ရက်စက်စက် မမေးကြပါနဲ့။
နှလုံးသားနှစ်ခုရဲ့ ရင်ခုန်သံတွေ စည်းချက်ညီကြဖို့ ဘယ်ဖော်မြူလာသုံးပြီး တွက်ချက်ရမှာလဲ?
စစ်ပွဲတစ်ရာ နွှဲလိုက်ချင်တယ်၊ အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုတာ ကြားဖူးကြမှာပါ။

မနက်ဖြန်ပေါင်းများစွာအတွက် ပထမဆုံးသော ခြေလှမ်းကို စတင်တော့မှာ။
ပိုင်ဆိုင်ချင်လွန်းတဲ့ စိတ်ကြောင့် ပူပန်ကြောင့်ကြမှုတွေလဲ ခံစားနေရတယ်။

သူငယ်ချင်းက သူသိသမျှ သတင်းစုံ အကုန်ပေးရှာတယ်။
အဲဒိသတင်းတွေကနေ အကောင်းဆုံးဖြစ်မယ့် planကိုလဲ ချထားခဲ့ပြီးသား။
ဒါပေမယ့် တွေးလိုက်တိုင်း မင်းအကြောင်းဖြစ်နေတော့ လိုချင်တပ်မက်စိတ်က တိုးလို့သာနေတော့တယ်။

ချစ်နေခြင်း၁ခုသည်သာ အချစ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်သာ အိပ်စက်ခွင့်ကို ရနိုင်ခဲ့တာ။
အိပ်မက်တွေထဲမှာတော့ မင်းက စိုးမိုးနေတုန်းပဲ။
အဲဒိညကပေါ့...

.................................L..O..V..E.....................................

♫..အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ...♫


“သိပ်ကို ခမ်းနားကြီးကျယ်တဲ့ တန်ခိုးရှင်ဟာ အချစ်ပဲ”
ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်နေသူဖြစ်ပါစေ...
အချစ်က သိမ်မွေ့နူးညံ့သွားအောင် လုပ်နိုင်တယ်။
သတ္တိကြောင်တတ်သူတွေ...
အချစ်ကပေးတဲ့ အားအင်တွေကြောင့် ရဲရင့်ပြတ်သားလာလိမ့်မယ်။
ယုံကြည်စိတ်ချ နေပြန်တော့လဲ...
အချစ်က မဝံ့မရဲစိတ်တွေ သွင်းပေးတတ်ပြန်ရော။
သိပ်ကို အတ္တကြီးတတ်သူလား?
အချစ်ကပဲ စာနာစိတ်တွေ မွေးဖွားပေးလိမ့်မယ်။
ပြောလို့မကုန်နိုင်တဲ့ အချစ်ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးတွေပါပဲ။


“ရန်သူမျိုးငါးပါးရဲ့လက်က လွတ်မြောက်နေတာ အချစ်ပဲ”
နှလုံးသားတစ်ခုတည်းက မွေးဖွားပေးလိုက်တဲ့ အချစ်သာ အစစ်မှန်ဆုံး ချစ်ခြင်းပါ။
ဒါကြောင့် ဖန်တီးလို့မရသလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
သိစိတ်(ဦးနှောက်)နဲ့ တားမြစ်ထိန်းချုပ်နေရင်တောင် မသိစိတ်(နှလုံးသား)က အချစ်ကို သတိရနေလိမ့်မယ်။
အဲဒိလောက်ကို လွတ်မြောက်ပြီး၊ သူ့သဘော သူဆောင်နေတာ..အချစ်ပါ။


“ကြိုတင်ကာကွယ်လို့ မရနိုင်တဲ့ ရောဂါဟာ အချစ်ပဲ”
ဘာကိုမှ ကြိုတင် မပြင်ဆင်နဲ့။
ရှောင်တိမ်းဖို့ ကြိုးစားလဲ အပိုပဲ။
အချစ်ကို မပိုင်ဆိုင်ရလို့ ပြောင်းလဲပစ်ဖို့ ကြိုးစားအုံးမှာလား?
လုံးဝမဖြစ်နိုင်ဘူး။

.................................L..O..V..E.....................................

သူလေး
မကြာတော့မဲ့ အချိန်လေးအတွင်းမှာ...
ဒီliftကနေ ဆင်းလာတော့မယ်။
အမြဲလိုလို နောက်ကျတတ်တဲ့ငါ။
ဒီတစ်ခါတော့ ဝီရိယကို ရှေ့တန်းတင်၊ ၂၅မိနစ်ကြီးများတောင် စောရောက်နေခဲ့တာ။

“သင်တန်းက ဒီနေ့ ဒီအချိန် သေချာရဲ့လား?
လာစောင့်ကြည့်နေတာဖြင့် ၁လတောင် ပြည့်တော့မယ့်ဟာ။
sat 9am-11am, အခု sat 1035am.. အိုကေ။
ဒီနေ့လာမှ လာပါ့မလား?
မနေ့ညက သူငယ်ချင်းဖုန်းဆက်မေးပေးတာတော့ လာမယ်တဲ့။
မနက်ကျမှ ကိစ္စပေါ်လာလို့ မလာဖြစ်တာရော?
ခုနက ငါပဲ ဂဂျီဂဂျောင်ကျလို့ ဟိုကောင် အိပ်ချင်မူးတူးနဲ့ SMSပို့ပေးထားတာ now in classတဲ့ဟာကို။
ဒီကောင် အိပ်ချင်မူးတူးနဲ့ လူမှားပို့ရင်ကော?
ဒီလိုမေးလို့ အဆဲတောင်ခံခဲ့ရပြီးပြီပဲ၊ ဟုတ်မှာပါ။
သင်တန်းက စောစောဆင်းတာရော ဖြစ်နိုင်လား?
?.?.?.?..”

“ကိုယ်လဲ အကောင်ဆုံးလုပ်ခဲ့ပြီးပြီ။
ဘာမှ မစဉ်းစားနဲ့၊ အလကား စိတ်ပင်ပန်းတယ်။”
ဒီလိုတွေးချလိုက်တော့မှ နည်းနည်းစိတ်သက်သာရာရသွားတယ်။
အင်း ချစ်ဒုက္ခတွေ၊ ချစ်ဒုက္ခတွေ...

သင်တန်းရှိရာ ၁၂ထပ်အထိ တက်သွားရင်ကောင်းမလား?
မဖြစ်သေးဘူး။
တော်ကြာ ဘာလာလုပ်တာလဲ မေးရင် ဖြေရခက်လိမ့်မယ်။
မူလ အစီအစဉ်က အမှတ်တမဲ့ လမ်းကြုံရင်း တွေ့ကြရမှာလေ...
ဖုန်းနံပါတ်ကို သူငယ်ချင်းဆီက တောင်းလို့ရတာမျိုးလဲ မဖြစ်ချင်တော့...

♫...လာပါတော့ ခါခါမော့ ကိုကိုကျော့ မျှော်တဲ့ ၁၁နာရီ ထိုးတော့ ထိုးတော့
ထိုးပါတော့ဗျို့...♫

.................................L..O..V..E.....................................

ကုန်အောင်ပြောမယ်ကွာ...
အချစ်ကို အချစ်ကလွဲလို့ ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။
အချစ်အတွက် အချစ်ပဲလိုတယ်။
တူညီတဲ့ တုန့်ပြန်မှုတွေနဲ့ အပြန်အလှန် ချစ်ခြင်းဖြင့်သာ အချစ်ကို ပြီးပြည့်စုံနိုင်လိမ့်မယ်။
အဲဒါ အချစ်ပဲ။
သိပ်ကို သေချာသွားပြီဖြစ်တဲ့ ချစ်ခြင်းရဲ့ ခေါ်ဆောင်ရာနောက်ကို
ယုံကြည်စွာလိုက်ခဲ့ပြီးမှတော့ မျက်စိမှိတ် ချစ်လိုက်တော့မယ်...

.................................L..O..V..E.....................................

ဟော.. လာပါပြီဗျ။
ဘယ်နေ့တွေ့တွေ့ မင်းလေးက ချစ်ဖို့ကောင်းလှချည့်။
ဒုက္ခပဲ လူက ကတုန်တယင်ဖြစ်လာသလို။
အရေးထဲ ရင်တွေကလဲ ခုန်လိုက်တာ...
သတိ။ စိတ်ကိုလျှော့ လျှော့...

နောက်ပြန်ဆုတ်၊ နောက်ပြန်ဆုတ်။
ရပြီ။ ရှေ့ပြန်လျှောက်၊ ရှေ့ပြန်လျှောက်။
တွေ့တဲ့အခါ မသိသလို အံ့သြဟန်ပြ။
ပြီးရင် စကားကိုလဲ ပုံမှန်ပြော၊ သိပ်ကြောက်မနေနဲ့အုံး။
ရင်တွေကတော့ ဗြောင်းဆန်အောင် တုန်နေတုန်းပဲ...

မနှေးမမြန်နဲ့ ဖြတ်လျှောက်ပြီး၊ ကျော်သွားရမှာ။
ဒီအချိန်မှာ timingက သိပ်ကို အရေးကြီးတယ်။
ဖြည်းဖြည်းချင်းနီးလာရာကနေမှ မျက်နှာချင်းဆိုင်။
အိုကေ တွေ့ပြီ၊ ဆုံပြီ၊ ဆုံပြီ...

ဘာတွေများ အရေးကြီးနေလို့လဲ?
ပတ်ဝန်းကျင်ကို နည်းနည်းလောက် ဂရုစိုက်ပါအုံးတော့လား!
လျှောက်တာကလဲ မြန်ပါ့ကွာ။
ကျော်တော့မယ်၊ ကျော်တော့မယ်။
ဟာ! ကျော်သွားပြီ။ သွားပါပြီကွာ။
တချက်လေးတောင် လှည့်မကြည့်ဘူး။ :(

.................................L..O..V..E.....................................

ဘဝမှာ ဖြစ်ချင်တာတွေ လိုချင်တာတွေက သိပ်ကိုများပါတယ်။
ဖြစ်ချင် လိုချင်တာတွေ အကုန်ရ အကုန်ဖြစ်မယ်လို့ မျှော်လင့်မထားခဲ့တာလဲ အမှန်ပါ။
ဒါပေမယ့် အလိုအပ်ဆုံးတွေကိုတော့ ရချင်မိတယ်။
ကလေးရယ်... ကိုကြီးဘဝအတွက်
အလိုချင်ဆုံးက မင်းလေးပါ။
အလိုအပ်ဆုံးက မင်းအချစ်ပါကွာ...
ဒါကြောင့် မင်းလေးအတွက် ရင်ခုန်သံတွေ ဖန်ဆင်းပေးနိုင်အောင်
ရင်ခွင်တံခါးကို လှစ်ဟပြဖို့ လာခဲ့တော့မှာ။
ကံကောင်းထောက်မလို့ ရင်ခုန်သံတွေ စည်းချက်ညီခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။

.................................L..O..V..E.....................................

မထူးတော့ဘူး။

ထင်ထားတာက သူလေးက မှတ်မိလိမ့်မယ်၊ နှုတ်ဆက်လိမ့်မယ်။
အဲဒိအခါ အလိုက်သင့်ကနေ အပြင်းလိုက်တော့မယ် စိတ်ကူးထားတာ။
အခုမှတော့ မထူးတော့ပါဘူး။
နောက်ကြောင်းပြန်လျှောက်သွားလိုက်တယ်။

"ညီမလေး ကိုယ့်ကို မှတ်မိလား?"
သူလေး စဉ်းစားတယ်၊ စဉ်းစားနေတယ်...
"ဟုတ်၊ မြင်ဖူးသလိုပဲ"
ဒီလောက်ဆို မဆိုးပါဘူး (စိတ်ဖြေလိုက်တယ်)
"ကိုယ်က ကို___ရဲ့သူငယ်ချင်းပါ၊ ကိုယ်တို့ တွေ့ဖူးကြတယ်လေ"
စဉ်းစားပြန်ပြီ...
အဲဒိလောက်ထိ စဉ်းစားနေရတာကတော့ တဆိတ်.. လွန်ပြီထင်တယ်။
စိတ်တွေကို ဒီမှာပဲ ထားပါ ကလေးရာ...
မင်းကို ကြည့်ရတာ အတွေးပင်လယ်ထဲမှာ လက်ပစ် ကူးနေသလိုပဲ။
.....
.....
.....

တစ်လတိတိ ကြိုတင်ပြီး သေချာချခဲ့တဲ့ plan၊ ရေးခဲ့တဲ့ ဇာတ်ညွှန်း
အဲဒိနေ့က...
အဆင်ပြေသလိုပဲ သရုပ်ဆောင်ပြီး ပြန်လာခဲ့ရတယ်။
ဖွတ်ဖွတ်ညက်ညက် ကျေအောင်ကို အလွတ်ရနေတဲ့ ဇာတ်ညွှန်းထဲကအတိုင်း သရုပ်မဆောင်ခဲ့ရပါဘူးဗျာ...

.................................L..O..V..E.....................................

ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့ သွားကြတဲ့အခါ
အမှားအယွင်းနည်းနိုင်သမျှနည်းဖို့၊
လိုအပ်တာထက် ပိုမကြာစေဖို့၊
နောင်တတွေကင်းဖို့ လိုအပ်ပါတယ်။

နားလည်မိသလောက် ပြောရရင်...
မတူတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းတွေ၊
ကြားမြင်ဗဟုသုတတွေ၊
ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ၊
ဒါတွေကလည်း လူတစ်ယောက်နဲ့ တစ်ယောက် ကိစ္စ၁ခုပေါ် စဉ်းစားဆုံးဖြတ်၊ ကိုယ်တွယ်ဖြေရှင်းပုံတွေကို ကွဲပြားစေနိုင်ပါတယ်။

အခြေအနေတွေကို အနီးစပ်ဆုံး အမှန်အတိုင်း မြင်တတ်ဖို့က အရေးကြီးဆုံးပဲ။
ကိုယ်ချစ်တဲ့မိန်းခလေးရဲ့ အနေအထိုင်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး လိုအပ်ရင် လိုအပ်သလို ကိုယ်က မသိမသာ ကိုယ့်ဖက်ပါအောင် လုပ်ရမှာ။
ဒီလိုကိစ္စတွေမှာ သူတို့တွေက အရှက်အကြောက်ကြီးကြတယ်လေ။

ဒါကြောင့်
ရလို့ရမှန်းမသိစေပဲ ပေးလိုက်ချင်တာ...
လာလို့လာနေမှန်းမသိရအောင်ပဲ နီးသထက်နီးလာစေမှာ...
ဝင်လာပါလို့ မပြောမိစေပဲ၊ ဝင်လာနိုင်မဲ့ လမ်းတွေကို ဖောက်ပေးရုံလောက်သာ...
ဆိုလိုတာက...
သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားပဲ...
ရေလာရုံသပ်သပ်နဲ့ မလုံလောက်ရင်၊ မြောင်းဖောက်ဖို့အတွက် လိုအပ်တာလေးတွေကိုပါ ကူညီပေးဖို့ပါ။

ဒါဟာ မျှော်လင့်ခြင်းတွေ လက်တွေ့ဖြစ်အောင်လို့ မွန်းမံခြင်းရယ်ပါ ကလေးရယ်။
(မန်ကျည်းကိုးပင် မဟုတ်ရပါဘူး...)

.................................L..O..V..E.....................................

ကဲ ဒါဆိုရင်...
ဘယ်လိုဆက်လုပ်မှာလဲ?

အဲဒိနေ့က...

ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ကျနော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ
ရလာတဲ့ ဖုန်းနံပါတ်နဲ့ email addressက သက်သေပဲလေ။
ဒါတွေဟာ အောင်မြင်ခြင်းရဲ့ ရလဒ်ဆိုရင်...
ပထမဆုံးနေ့အတွက် ချထားတဲ့ planထဲ မဝင်လဲ ဘာအရေးလဲနော့။

တကယ်တော့ ကျနော် ကမူးရူးထိုးကွက် နင်းလိုက်တာပါ။
ကမူးရှုးထိုးကနေမှ မူလ သတ်မှတ်ထားခဲ့တဲ့ လမ်းကြောင်းပေါ် ပြန်ခေါ်ရတာ။
ဘယ်လမ်းကနေသွားသွား ပန်းတိုင် ရောက်ဖို့ပဲလေ။
ဟုတ်တယ်ဟုတ်။

ကျနော့်ရဲ့ ပထမဆုံးပန်းတိုင်က ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ။

.................................L..O..V..E.....................................

သူလေးက further studyအတွက် အဆက်အသွယ်တွေ သတင်းအချက်အလက်တွေ ရှာနေတယ်ဆိုတာ ချစ်သူငယ်ချင်းကောင်းကြီးက ပြောပြခဲ့ဖူးတယ်။
ဒါဟာ ကျနော် သူလေးကို အမြဲဆက်သွယ်လို့ရနေအောင် မကုန်နိုင်တဲ့ အကြောင်းအရာတွေရှာပေးနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲလေ။
ကျနော့်ရဲ့ ညီတစ်ဝမ်းကွဲလေးက သူလေးနဲ့ fieldတစ်ခုတည်းက ကျောင်းပြီးခဲ့တဲ့ စီနီယာတစ်ယောက် ဖြစ်နေခဲ့တာကလဲ ကံကောင်းခြင်းပါပဲ။

အဲဒိနေ့က...
“ဘယ်လိုလဲ မှတ်မိပြီလား?”
“ဟုတ် မှတ်မိပြီ။”
“ကိုကြီးလဲ ညီမလေးကို တွေ့ဖူးတယ်လို့ ကြည့်နေတာ၊ ဒါပေမယ့် ညီမလေးက မသိသလိုပုံစံဖြစ်နေတော့ စိတ်ကမရဲတရဲနဲ့ပဲ ခေါ်လိုက်တာ။”
“ဆောရီးပါ အစ်ကို၊ အတွေးတွေ လွန်သွားလို့ပါ”
“ရပါတယ်ကွာ၊ ဒါနဲ့ ညီမလေးက ဒီမှာ သင်တန်းလာတက်နေတာလား?”
“ဟုတ်တယ်၊ အင်္ဂလိပ်စာသင်တန်းပါ။ ကိုယ့်အင်္ဂလိပ်စာ skillကို အားမရလို့ သင်တန်းတက်နေတာ။”

အင်း... ငါ့လမ်းကြောင်းပေါ် မရောက်ရောက်အောင် ဆွဲခေါ်ရမယ်...

“futher study အတွက်လား?”
“အင်း အဲဒိအတွက်ရယ် မဟုတ်ပေမဲ့၊ futher study ဆက်တက်ဖို့လည်း ရည်ရွယ်ထားတော့ ဒီသင်တန်းတက်ဖြစ်သွားတာ”
“ဖြစ်နိုင်ရင်တော့ ကျောင်းတက်တာ ပိုကောင်းတယ်၊ ငယ်တုန်းမို့ ပြောတာ”
“အင်း တက်တော့တက်ချင်တယ်”
“ကိုယ့်ညီလေးက ညီမလေးရဲ့ စီနီယာပဲ အခုဒီမှာ xxxတက်နေတာ 3rd semesterတောင် ရောက်နေပြီ။”
“ဟုတ်လား?”
“ကိုကြီးကိုယ်တိုင်ပဲ ညီလေးအတွက် လျှောက်ပေးခဲ့တာ။
ဒါပေမယ့် ကိုကြီးက xxxဆိုတော့ ညီမလေးတို့နဲ့ လိုင်းမတူဘူး။
ဒါကြောင့် ပိုသေချာအောင် အဲဒိမေဂျာနဲ့ပဲ ကျောင်းပြီးခဲ့တဲ့ သူငယ်ချင်းတွေဆီက ထပ်စုံစမ်းပြီးမှ ညီလေးအတွက် အကောင်းဆုံးမို့ လျှောက်ပေးခဲ့တာ။”
“ကိုကြီးလဲ အဲဒိကျောင်းကပဲ ပြီးတာ၊ ကျောင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာတွေ ကိုကြီး သေချာရှင်းပြပေးနိုင်ပါတယ်။”
အခွင့်အရေးဆိုတာ ၂ခါမလာဘူး။
ဒါကြောင့် အခွင့်အရေးဆိုတဲ့ မြစ်ရေကို ၁ခါတည်း အမိအရ ချိုးလိုက်တာ။
ဇွတ်ပဲ လို့တော့ မပြောကြေး။

“ဟုတ်လား၊ အစ်ကို”
.....
............
...................
ဟင် ဒါပဲလား။
“ဘာအခက်အခဲ ဖြစ်နေလို့လဲ?”
“မေးရမှာ အားနာလို့”
“ဟာ... အားမနာပါနဲ့...”
နော်... နော်။

“မေးချင်တယ်... ဒါပေမယ့် ပြောပြပေးလို့မရရင် အားနာနေရမှာ”
“ကိစ္စမရှိပါဘူးကွာ... မေးပါ”
“စာရွက်စာတမ်း ကိစ္စတွေအတွက် ခေါင်းကိုက်နေတာ။ ”
အိုးးး ကွတ်တိပဲ။
သူတို့လေးတွေအတွက် အဓိက အကြီးမားဆုံးသော ပြဿနာက ဒါပဲ။
ဒါကိုသိလို့ အဓိက ပစ်မှတ်ထားပြီး စပေါ့ရိုက်ထားတာလေး ဒတ်ထိကိုတိုးတာ...

ကံကောင်းခြင်းလေလား...
ရှေ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရသလိုပဲ...

.................................L..O..V..E.....................................

“အင်း သဘောပေါက်ပြီ။
ဟုတ်တယ်။ ညီလေးတုန်းကလဲ သူ့ရှေ့မှာ လုပ်ခဲ့ဖူးတဲ့ စီနီယာ မရှိတော့ တော်တော်ဒုက္ခရောက်ခဲ့တယ်။
ဒါပေမယ့် နောက်ဆုံးတော့ ညီလေး အဆင်ပြေသွားတယ်။”
“ညီက ___နဲ့ ပြီးတာလား?”
“ဟုတ်တယ်”
“ဒါဆို မေဂျာမတူသလို၊ ရခဲ့တဲ့ ဘွဲ့လဲ မတူဘူး၊ ညီမလေးက xxxကပြီးတာ။”
“မတူမှန်း ကိုကြီးသိပါတယ်၊ ဟိုတစ်ခါ သူငယ်ချင်း မိတ်ဆက်ပေးထားတည်းက မှတ်မိနေတာ။
ရှေ့မှာ ညီမလေးတို့xxxကျောင်းက ဘွဲ့ရတွေ ဘယ်သူမှ မလုပ်ခဲ့ဖူးဘူး။ ပထမဆုံးလမ်းဖောက်ရမယ်။
ဒါပေမယ့် ညီလေးနဲ့ fieldချင်းတူတယ်လေ။ ဒါကြောင့် ညီလေးလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားရုံပါပဲ။
အဆင်ပြေမှာပါ၊ ကိုကြီးလဲ ကူညီမယ်လေ။”
“ကိုယ့်ညီ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ပြောပြမယ်လေ၊၊
နားထောင်ကြည့်ပြီးမှ ဖြစ်နိုင်မယ်ထင်ရင် ဆက်လုပ်ကြည့်ကြတာပေါ့...မလုပ်ကြည့်ရင်တော့ ဘာမှမသိနိုင်ဘူး။”
ဇွတ်ပဲနော်။
တကယ့်ကို ကမူးရှုးထိုးကွက် နင်းခဲ့တာ။

“အားလည်းနာတယ်၊ အချိန်ရရင်တော့ ပြောပြပေးပါလား?”
အိုး... ကွက်တိ ကွက်တိ။
“သေချာ စုံစုံလင်လင် ပြောပြချင်တယ်၊ ဒါပေမဲ့ ချိန်းထားတာလေးရှိသေးတော့”

“ဒီလိုလုပ် လုပ်ပါလား။
ညီမလေးသိချင်တာတွေ မေးလို့ရအောင်ရယ် ကိုကြီးလဲ စာရွက်စာတမ်းကအစ လိုအပ်တာတွေ ပို့ပေးလို့ရအောင်...
ကိုကြီးဖုန်းနံပါတ်ယူထား။ ညီမလေးဖုန်းနံပါတ်လဲ ကိုကြီးကို ပေး။
နောက်ပြီး.. email addressပါ ပေးထား။
ဒါမှ ညီမလေး သိသင့်တယ်ထင်တဲ့ informationတွေ ပို့ပေးလို့ရမယ်။
မရှင်းလင်းတာရှိရင် ကိုကြီးကို ဖုန်းဆက်မေး။
အိုကေ!”

ချထားတဲ့planထဲ ဝင်လာတုန်းလေး အမိအရဖမ်းဆုပ်လိုက်တာ။
သိပ်ကို သိသာနေလားဟင်! :P

အိုကေမယ်လို့တော့ ထင်တာပဲ။

.................................L..O..V..E.....................................

“ဟုတ် ကိုကြီး။”
“ဒါ ညီမလေးရဲ့ ဖုန်းနံပါတ်နဲ့ အီးမေလ် လိပ်စာ”
“သိချင်တာတွေကတော့ အများကြီးပဲ။ တော်တော် အားတက်သွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။”
“ကိုxxx နဲ့ တွေ့သေးလား?”

“မတွေ့ဖြစ်ပါဘူးကွာ၊ ကိုကြီးလည်း ဒီရက်ပိုင်း တအားအလုပ်ရှုပ်နေတာနဲ့”
“နောက်ကျ နေပြီလား မသိဘူး။”
“ဟုတ်ပ၊ စကားကောင်းနေတာနဲ့...”
“ကဲဒါဆို ချိန်းထားတဲ့ဆီ သွားလိုက်အုံးမယ်... ညကျမှ ကိုကြီး ဖုန်းဆက်လိုက်မယ်။
ဟိုကောင်ကြီးကိုလည်း ညီမလေးနဲ့တွေ့တဲ့အကြောင်း ပြောပြလိုက်မယ်”

ဒီလိုနဲ့ မနက်ဖြန်ပေါင်းများစွာမှာ မင်းလေးနဲ့အဆက်အသွယ်ရနေဖို့ အကြောင်းအရာများစွာနဲ့ တဖြည်းဖြည်းချဉ်းကပ်ဖို့...
God bless me!!!!

.................................L..O..V..E.....................................

နေ့တိုင်းနီးပါးလောက် ကျောင်းကိစ္စတွေကို အကြောင်းပြပြီး အီစကလီလုပ်နေမိတယ်။
(အီစကလီ = စကားစမြည်)
တနေ့တနေ့ ကောင်းသောစတင်ခြင်းနဲ့ဖြစ်ဖို့၊ စိတ်ဝင်စားနိုင်မယ့် ကျောင်းကိစ္စနဲ့ပတ်သတ်တာတွေ ရှာရဖွေရတာလည်း အမောပဲ။
အချိန်မရွေး ကိစ္စရှိရှိမရှိရှိ ဖုန်းပြောနိုင်မယ့် အဆင့်မရောက်သေးခင်၊ ဖုန်းပြောကြတဲ့အခါ အစပျိုးတဲ့ အကြောင်းအရာက သိပ်ကို အရေးကြီးတယ်။

ကိုယ်နဲ့ဖုန်းပြောဖို့ သူကိုယ်တိုင်က လိုလိုလားလားဖြစ်နေမှ အဆင်ပြေနိုင်မယ်။
တော်ကြာ အကြောင်းအရာတွေက စိတ်ဝင်စားစရာမကောင်းရင် ပျင်းသွားလိမ့်မယ်။
ကျောင်းကိစ္စတွေပြောရင်းကမှ တခြားစိတ်ဝင်စားမယ့် အကြောင်းအရာတွေနဲ့ ပိုပိုပြီးရင်းနှီးလာအောင် လုပ်နေမိတယ်။
အစပျိုးကောင်းကောင်းနဲ့ အကြာကြီးပြောပြီးမှ ပြောချင်တာလေးတွေ ကြားညှပ်ပြောရတာပါ။
အခုအချိန်မှာ သိပ်အများကြီးတော့ ပြောလို့မရနိုင်သေးဘူး။

သူလေးစိတ်ဝင်စားတာတွေက အဆန်းတကြယ်ဖြစ်ရပ်တွေနဲ့ ရယ်စရာတွေ။
ကျွမ်းကျင်ရာ လိမ္မာဆိုသလို၊ ငပေါတို့ထုံး နှလုံးမူပြီး ဗဟုသုတဖြစ်ဖွယ်ရာတွေကို ပေါကွက်လေးတွေ ညှပ်ပြီးပြောခဲ့တယ်။
ဘလော့ဂ်တွေရဲ့ ကျေးဇူးကြောင့်သာ အဆင်ပြေခဲ့တာ။
တနေ့တနေ့ ထူးထူးဆန်းဆန်းနဲ့ ဗဟုသုတဖြစ်ဖွယ်တွေကို ပြောပြနိုင်ဖို့...
တအားကို စာဖတ်အား ကောင်းခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

.................................L..O..V..E.....................................

တပတ်ကို အနည်းဆုံး၃-၄ရက်လောက် ပြောဖြစ်အောင် အကြောင်းအရာမျိုးစုံ ရှာဖွေတယ်။
အဓိက သူလေးအတွက် အရေးကြီးမယ့် အကြောင်းအရာမျိုးတွေပေါ့။
ကြိုးစားမှုရဲ့ ရလဒ်တွေကြောင့်လား?
သူလေးက ကိုယ့်အပေါ် သံယောဇဉ်တွေ ရှိလာတာ တယောက်နဲ့တယောက် ပိုပြီးနီးကပ်လာတာ ခံစားလို့ ရနေခဲ့တယ်။

၂ပတ်၁ခါလောက် သင်တန်းပြီးတဲ့အချိန်လောက်မှန်းပြီး လမ်းကြုံသလိုနဲ့ သွားတွေ့တယ်။
သင်တန်းပြီးချိန်က ထမင်းစားချိန်နဲ့ကပ်နေတာလဲ ကျနော့်အတွက်ကံကောင်းခြင်းပါ။
ထမင်းအတူစားဖြစ်ကြတယ်၊ စကားတွေ ပြောဖြစ်တယ်။
အဲဒိ တွေ့ဆုံမှုတွေကနေ သူလေးအကြောင်း ပိုပိုသိလာရတယ်။

လက်တလော အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျသလိုလို ဖြစ်နေတဲ့ ကလေးရဲ့အကြောင်းကို သိခဲ့ရတယ်။
ညှိုးနွမ်းနေတဲ့ မျက်လုံးလေးတွေ ကြည်လင်တောက်ပလာအောင် အားအင်တွေပေးချင်မိတယ်။

ဘဝဆိုတာ ဒီလိုပါပဲ ကလေးရယ်။
အခက်အခဲတွေဆိုတာ ကိုယ်ဘယ်လောက် စိတ်ဓာတ်ခိုင်မာလည်းဆိုတာကို မှတ်ကျောက်တင်ထားမဲ့ ဘဝရဲ့မှတ်တိုင်တွေပါပဲ။
ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းကို မှတ်ကျောက်တင်ပေးနေတယ်လို့ သဘောထားပြီး ရဲရဲရင်ဆိုင်လိုက်ပါ။

အခုအချိန်အထိ စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေကို ပြန်ကြည့်လိုက်စမ်း။
ဒါတွေဟာ ကလေးကိုယ်တိုင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး စိုက်ထူခဲ့တာတွေပါ။
အခုလည်း ကလေးလုပ်နိုင်မှာပါ၊ ကလေးကို ကိုကြီးယုံတယ်။
လက်ရှိ ကလေးရဲ့အခြေအနေတွေက ဘယ်လောက်စိတ်ဓာတ်ခိုင်မာလည်း ဆိုတာ သက်သေပြနေကြတယ်။

ချစ်ခြင်းတွေနဲ့အတူ ဒီစိတ်ဓာတ်လေးကို မြတ်နိုးတန်ဖိုးထားမိပါတယ်။
မပျော့ညံ့တဲ့ ကလေးရဲ့စိတ်ဓာတ်ကို ချီးကျူးပါတယ်၊ ဂုဏ်ပြုပါတယ်ကွာ။

ဘာကိုမှ သေချာမသိခင်တည်းက သိပ်ကို ချစ်မိသွားခဲ့တာ...
တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုသိလာရတော့.. မြတ်နိုးတန်းဖိုးထားခြင်းတွေ ပိုလာရတယ်...

ဘယ်လိုမှ ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် နှောင်ဖွဲ့ထားနိုင်တဲ့ မိန်းခလေးရယ်...
“သိပ်ချစ်တယ်”

.................................L..O..V..E.....................................

တခါတလေတော့လည်း...
ကိုယ့်အပေါ်မှာ ယုံကြည်အားကိုးမိတဲ့စိတ်တွေနဲ့ အားကိုးတကြီးဖြစ်နေတာကို အသုံးချလိုက်သလို ဖြစ်နေလား?
ငါဖြစ်ချင်တာလေးတွေကို ရယူနိုင်ဖို့၊ သူဖြစ်ချင်တာတွေကို လုပ်ပေးနေတာများလား?
ဒါဟာ မရိုးသားတဲ့ ချဉ်းကပ်မှုလား?
ဆိုတဲ့ လားပေါင်းများစွာနဲ့ စိတ်တွေ မွန်းကျပ်လာမိတယ်။

တကယ်ကို ချစ်လွန်းလို့၊ မင်းလေးအနားကို အချစ်တွေနဲ့ပဲ ချဉ်းကပ်လာခဲ့တာပါ။
force မပါတာတော့ အသေအချာ ပြောနိုင်တယ်။
ဒါဆို trick လား?
မဟုတ်ဘူး၊ trick မဟုတ်ပါဘူး။

ဘာဆိုဘာမှ မဟုတ်ပါဘူးကွာ...
ချစ်လို့... အနီးဆုံးမှာ နေနိုင်ဖို့၊ အရိုးသားဆုံးနှောင်ဖွဲ့ဖို့ပါ။
ဒီလို အတွေးတွေကြောင့် စိတ်တွေ ပူပန်ပြီး အိပ်ပျက်ရပြန်ပြီ။
ဒါတွေကို မင်းလေးနားလည်ပါ့မလား...

ဒီလိုပါပဲ။
ကြုံနေကျ အိပ်ပျက်ညတွေဟာ ကိုယ့်အတွက် မဆန်းတော့တာမို့...
ကဲ ကလေးရေ...
ခုညလည်း မင်းအတွက်

.................................L..O..V..E.....................................

YOUR LOVE IS ALL I THINK ABOUT...
ကိုကြီး ကလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုယ်တိုင်ခံစားမိမှာ... သိလာမှာပါ။
မဖြစ်နိုင်ဘူးထင်ရင်၊ မချစ်နိုင်ဘူးထင်ရင် ကိုကြီးရဲ့အချစ်ကို လက်ခံမှာ မဟုတ်ဘူးဆိုတာကိုလဲ ယုံကြည်နေတယ်။

ကိုယ်ကလဲ ဒီလိုပဲ ဖြစ်စေချင်တာ။
ကြည်ကြည်ဖြူဖြူနဲ့ လိုလိုချင်ချင်ပေးတာကိုပဲ လိုချင်တာ။
ဘယ်လောက်ပဲချစ်နေပါစေ မပေးချင်တာကိုတော့ မလိုချင်ပါဘူး။

ယုံလာအောင် ပြောတာထက်၊ ယုံကြည်နိုင်စရာတွေကိုသာ သက်သေပြမှာ။
ချစ်လာအောင် ပြောတာထက်၊ ချစ်နေပါတယ်ဆိုတာ သိစေမှာ။
လာချင်အောင် ပြောတာထက်၊ လာချင်တယ်ဆိုတဲ့အချိန် အစဉ်သင့် ဖြစ်နေအောင် နှလုံးသားတံခါးတွေ ဖွင့်ပေးထားမှာ။

.................................L..O..V..E.....................................

ကလေးလေး...

ခံစားနေရသမျှတွေကို မင်းလေးသိနိုင်ဖို့ ဖြည်းဖြည်းချင်း ပြောပြမယ်နော်။
နှလုံးသားကလာတဲ့ ရင်ခုန်သံစစ်စစ်နဲ့ နားထောင်ကြည့်ပေါ့။
ပြီးတော့မှ ပေးလိုက်ရမှန်း မသိအောင် မသိသလို သိသလိုနဲ့ တောင်းပါ့မယ်။
ရင်ခုန်သံတွေ စည်းချက်ညီခဲ့မယ်ဆိုရင်...
နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ်၊ ပေးချင်သလောက်သာ ပေးပါ။

ကိုယ့်ဘဝဟာ...
မင်းရှိမှဖြစ်မဲ့ အနာဂတ်ပါကွာ။
တောင့်တနေမိတဲ့ ကြင်နာတတ်တဲ့ အချစ်တစ်ခုဟာ မင်းလေးပေးမှ ရမှာမို့
စာနာနားလည်ပေးနိုင်မယ်ဆိုရင်...

အရာအားလုံးဟာ မင်းလက်ထဲမှာ...

8 comments:

Anonymous said...

လိုက်ပါ ခံစား....
ဗျာများ သွားပါတယ်.. :P
KKK

Anonymous said...

"မန်းကျည်းကိုးပင် မဟုတ်ဘူး".......
"မန်းကျည်းကိုးပင် ရဲ့မန်းကျည်းရွက်တစ်ရွက်လား သူငယ်ချင်း"......
ဇာတ်သိမ်း...ပေါင်းခန်းလေး...မျှော်နေမယ်....

llho

Anonymous said...

really enjoy to read about ur love story, bro...
will b waiting for new post about ur love...
take good care
MS

ဝေလင်း said...

ဘာဆက်ဖြစ်သွားလဲဟင်...
ဆက်လုပ်လေဗျာအစ်ကိုရ...

မောင်မျိုး said...

အချစ်အကြောင်း တခမ်းတနား ဖွဲ့ထားတာလေး လာဖတ်သွားတယ်ဗျ

တကယ်တော့ အချစ်ဆိုတာ လက်ထဲဆုပ်ထားရတဲ့ သဲနဲ့ တူပါတယ် တင်းတင်းဆုပ်ထားရင်လည်း ယိုထွက် လျှော့တိလျှော့ရဲ ဆုပ်ထားမိပြန်တော့လည်း လျှံကျနဲ့ အချစ်ရဲ့ ဒသနကို ပီ၂ပြင်၂ သိဖို့ လိုမယ်ထင်တယ် ချစ်ရတာ မောတယ်း( ချစ်ရမှာကြောက်တယ် ။

အချစ်နဲ့ အရာရာကိုကျော်ဖြတ်နိုင်ပါစေဗျာ ။

:P said...

ကျွမ်းကျင်ရာ လိမ္မာဆိုသလို၊ ငပေါတို့ထုံး နှလုံးမူပြီး ဗဟုသုတဖြစ်ဖွယ်ရာတွေကို ပေါကွက်လေးတွေ ညှပ်ပြီးပြောခဲ့တယ်။
ဘလော့ဂ်တွေရဲ့ ကျေးဇူးကြောင့်သာ အဆင်ပြေခဲ့တာ။>>>>

ဘလော့ဂ်တွေကလည်း နှလုံးသားရေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါလား... :P

ရွှေရတုမှတ်တမ်း said...

အဘတို့တော့ အသက်ကြီးပြီဆိုတော့ ..
အချစ်ဆိုရင်....ဟိုဟာပဲတန်းမြင်လိုက်တာပဲ..အသဲနှလုံးကိုပြောတာ...အဟီး..

သက်ဝေ said...

အချစ်ဇာတ်လမ်း အလယ်ကို အပီအပြင် ဖတ်လာတာ ကိုကြီးကျောက် ကော်မန့်ရောက်မှ ရယ်မိတော့တာပဲ...
သိပ်ဆိုးတဲ့ ကိုကြီးကျောက်...