Monday, September 6, 2010

သူငယ်ချင်းလေးယောက်ရှိလေသည်...

လူငယ်မဟုတ် လူကြီးမဟုတ် အခုအသက်အရွယ်မှာ ငယ်ငယ်ကအကြောင်းတွေပဲ အများဆုံးတွေးဖြစ်နေတယ်။
ရှေ့ဖြစ်ထက် နောက်ဖြစ်တွေကို မကြာခဏရောက်ရောက်သွားတတ်တာ ဘာကြောင့်လို့ထင်လဲ?
လူက စင်ကာပူမှာ၊ စိတ်က မြန်မာပြည်မှာ...
ဒီတော့ အတွေးတွေကလည်း နောက်ကြောင်းပြန်ဖြစ်နေတော့တာပေါ့။
အရွယ်ရောက်လာလို့ တာဝန်တွေများလာလေ စိတ်တွေက မပေါ့ပါးတော့လေပဲ။
အရင်ကအကြောင်းတွေ ပြန်တွေးလိုက်တိုင်း ပေါ့ပေါ့ပါးပါး စိတ်ကလေး ပြန်ရတတ်တယ်။
ဒါကြောင့်လည်း လူငယ်ဘဝရဲ့ ပုံရိပ်တွေကို မက်မက်မောမော ဖက်တွယ်ထားတာ ဖြစ်မယ်။
အဲဒိတုန်းက ဒီအရွယ်မှာ မလုပ်နိုင် မရနိုင်တော့မယ့် လွတ်လပ်ပေါ့ပါးမှုတွေနဲ့ သိပ်ကို ဖြူစင်နိုင်ခဲ့ကြတယ်။
အပူအပင်မရှိဘဲ နေနိုင်တာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် လူငယ်ပေါက်စအရွယ်ရဲ့ ခံစားချက်ကို ခဏလောက်ဖြစ်ဖြစ် ပြန်အသက်သွင်းကြည့်ချင်နေမိတယ်။
ငယ်ဘဝရဲ့ ပုံရိပ်တွေကို ပြန်ပြောရင်း အလွမ်းပြေပေါ့...

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော် ဆဠမတန်းအရောက်မှာ ဒီသူငယ်ချင်းတွေနဲ့ စတွေ့ပြီး ခင်မင်ခဲ့ရတယ်။
အဲဒိတုန်းက ကျနော်တို့ ယောင်္ကျားလေး၎ယောက်ဟာ အရင်းနှီးဆုံး၊ အခင်မင်ဆုံးတွေပါ။
သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့ဗျာ။
ကျနော်တို့ ၄ယောက်... ကျနော်၊ ငတိုး၊ ကျော်ကြီး၊ ဖိုးထက်။
ကျော်ကြီးနဲ့ကျနော်က အိမ်ချင်းနီးတယ်။
ဒါကြောင့် ကျနော်တို့၂ယောက်က ကျောင်းသွားကျောင်းပြန် အတူတူပဲ။
ငတိုးအိမ်က ဖိုးထက်အိမ်နဲ့နီးတော့ သူတို့၂ယောက်လဲ အတူသွား အတူပြန်ကြတယ်။

ကျနော်တို့သူငယ်ချင်းအုပ်စုမှာ မိန်းခလေးသူငယ်ချင်း၎ယောက်ရှိသေးတယ်။
ဒါပေမဲ့ အများဆုံး သွားလာတွေ့ကြတာ ယောက်ျားလေးသူငယ်ချင်းတွေပဲ။
ဒါကြောင့် ဒီပို့စ်မှာ မိန်းခလေး၎ယောက်အကြောင်းမပြောတော့ဘူး။
သူတို့နဲ့ကလည်း မောင်နှမတွေလိုပဲ သိပ်ချစ်ကြတယ်။

ကျနော်တို့အဖွဲ့ထဲကို ရောက်ရောက်လာတတ်တဲ့ တခြားသူငယ်ချင်း၎-၅ယောက်လောက်တော့ ရှိခဲ့ဖူးတယ်။
ဝင်လာလိုက်ကြ ...<<<... ပြန်ထွက်သွားလိုက်ကြနဲ့ ...>>>...
နောက်ဆုံးတော့လဲ စိတ်တူကိုယ်တူဒီ၎ယောက်ပဲ ကျန်ခဲ့တာ။
အမာခံ ၄ယောက်ပေါ့ဗျာ။
ဒီလိုနဲ့ ကြာလာတော့ သူငယ်ချင်းအသစ်တွေ ဝင်မလာတော့ဘူး။
ကျန်တဲ့အတန်းဖော်တွေနဲ့လဲ ခင်ကြပါတယ်။
ဒီ၎ယောက်လိုတော့ အမြဲအတူတူ မဟုတ်ဘူးပေါ့။

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့၎ယောက်လုံးမှာ တူညီတဲ့အချက်က သီချင်းတွေကို အရမ်းကြိုက်ကြတာ။
တစ်ယောက်ကစဆိုလိုက်တာနဲ့ ကျန်၃ယောက်ကလဲ လိုက်ဆိုပီးသားပဲ။
အဲဒိခေတ်တုန်းက လူငယ်ကြိုက် သီချင်းအမျိုးအစားတွေ သိပ်အများကြီးမရှိသေးဘူး။
အကြိုက်တူတယ် ပြောရမလား?
အရွယ်တွေတူလို့ ခံစားချက်တွေနီးစပ်ကြတာလား?
သေချာတာတစ်ခုကတော့ တစ်ယောက်ကဘာဆိုဆို ကျန်တဲ့၃ယောက်ကလဲ ကြိုက်ပြီးသား၊ ဒါမှမဟုတ် နားထောင်ဖူးပြီးသားတွေ ဖြစ်နေတတ်တာ များတယ်။
အဲဒိတော့လဲ လိုက်ဆိုပြီးသားပဲပေါ့...

ဖိုးထက်က ဘာသီချင်းဆိုဆို ရော့ခ်ပုံစံ ဆိုလေ့ရှိတယ်။
ငတိုးတစ်ယောက်ကတော့ အဆွေးသမား။
ဒီကောင်ဆိုလိုက်တိုင်း သီချင်းဆွေးဆွေးလေးတွေ ဖြစ်နေတာများတယ်။
ကျော်ကြီးကတော့ အကုန်လုံးနဲ့ လိုက်လောညီထွေ အဖြစ်ဆုံး။
သူများကြိုက်တာတွေ သူမကြိုက်လဲ တတ်နိုင်သမျှ လိုက်ခံစားပေးတယ်။
မှတ်မိသလောက်တော့ ဘာရယ်လို့ ထူးထူးခြားခြားကြိုက်နေတာမျိုး ကျော်ကြီးမှာ မရှိခဲ့ဘူး။
ဒါပေမယ့် သူလဲ သီချင်းတွေကို သိတယ်၊ ကြိုက်တယ်။

ကျနော်ကတော့ လိုင်းစုံ။
သီချင်းကို နားထောင်တာရော၊ ကိုယ်တိုင်ဆိုတာရော ၂မျိုးစလုံး ကြိုက်တယ်။
♫♫...ညတိုင်းပဲ စောင့်နေဦးမလား၊ ညတိုင်း အားပေးအုံးမလား..♫♫
♫♫...ဆိုပြမယ် ရင်ကွဲသွားစမ်းပါစေ..♫♫ ကျနော်က ဒါမျိုး။
ဘယ်သီချင်းပုံစံရယ်လို့မဟုတ်ပဲ အကုန်ကြိုက်တယ်။
သီချင်းကပေးချင်တဲ့ ခံစားမှုကိုရအောင် သပ်သပ်ရပ်ရပ်ဆိုထားရင် အဆိုကို ကြိုက်လို့ အဲဒိသီချင်းကို ကြိုက်သလို၊ အတီးသပ်သပ်ပဲ ကောင်းလွန်းနေတာမျိုးဆိုရင်လဲ ကြိုက်တာပဲ။
အတီးကို သိပ်မဝေဖန်တတ်ပေမဲ့ အဆိုကိုတော့...
"ဒီနေရာမှာ အသံလေးတိမ်သွားတာ၊ တုန်သွားတာ၊ အက်သွားတာ ဒီသီချင်းနဲ့ ကွတ်တိပဲကွာ၊ ဆိုထားတာ ဆရာအထာကျတယ်"
သီချင်းကောင်းကောင်းလေး နားထောင်ရတိုင်း ဒီလိုမျိုး ပြောတတ်တာက ကျနော်။
ဘယ်လိုသီချင်းပုံစံပဲဖြစ်ဖြစ် သေချာလုပ်ထားတယ်လို့ ခံစားရရင် အကြိုက်ဆုံးမဟုတ်ခဲ့ရင်တောင် နားထောင်ဖြစ်တယ်။

သီချင်းတွေနဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေကတော့ အများကြီးပဲ။
ရော့ခ်ကာကြီး ကိုဖိုးထက်ကြောင့် ကျနော်တို့အဖွဲ့အတွက် ပျော်စရာ၊ ရီစရာဖြစ်နေတော့တာ။
ဒီကောင်က ထူးအိမ်သင်ရဲ့ အခါလွန်မိုးလို သီချင်းမျိုးတွေကိုလဲ ရော့ခ်ပုံစံ ထထဆိုတတ်သေးတယ်။
ဖိုးထက် အဲဒိလိုဆိုရင် ကျနော်တို့ ရီတော့တာပဲ။
တခါတလေ သူက အတည်ဆိုတာ ကျနော်တို့က ပုံမှန်အတိုင်း လုပ်ဆိုနေတယ်ထင်ပြီး ရီမိတော့ ဒီကောင်က အသေစိတ်တိုတာ။
အဲဒါလဲ ရီရတာပဲ။
သူငယ်ချင်းအရင်းကြီးတွေဆိုတော့ စိတ်မဆိုးနိုင်တော့ပဲ နောက်ဆုံး ဒီကောင်ပါ လိုက်ရီရော။

ဖိုးထက် ဒီလိုမျိုး ပေါက်ကရ မလုပ်တာ ကြာနေရင် ကျနော်တို့ကတောင် လွမ်းနေတတ်ပြန်တယ်။
ဒီတော့ ဖိုးထက် ပေါက်တတ်ကရတွေ ဆိုအောင် လုပ်တတ်ကြသေးတယ်။
အဲ... ဒါပေမယ့်... ပေါ်တင်ကြီးတော့ ဖွင့်မပြောကြဘူး။
အကြောင်းက...
ဒီကောင်က တချို့သီချင်းတွေဆိုရင် ကီးကြောင်နေတတ်တယ်။
အဲဒါမျိုးဆို ကျနော်တို့က "ဟိတ်ကောင် ဒီလိုကွ"လို့ ဆိုပြလဲ၊ မဟုတ်ဘူးကြီးပဲ လုပ်နေတတ်တယ်။
တခါတလေ ကျနော်တို့ဆိုနေတာ မှန်နေရက်နဲ့ ဒီကောင်က ပြန်ပြီး "မှားနေတယ် ဒီလို"ဆိုပြီး အလွဲကြီးဆိုပြတတ်သေးတယ်။
အဲဒါတွေကြောင့် သူ့ကို သိပ်မြှောက်မပေးရဲတာ။
အဲဒိလိုနေ့ကျရင် ကျောင်းအပြန် လမ်းမှာ ကျနော်နဲ့ကျော်ကြီး "ဒီကောင်ဖိုးထက် သူပြောတာမှအမှန် ပြီးတော့ မှန်တာလဲ မဟုတ်ဘူး၊ အတော်ရယ်ရတဲ့ကောင် မနိုင်ဘူး"လို့ ပြန်ပြောရင်း ပြန်ရယ်ဖြစ်ကြတယ်။

ကျနော်တို့ကျောင်းမှာ နောက်ဆုံးစာမေးပွဲကြီးမဖြေခင် နှုတ်ဆက်ပွဲ လုပ်လေ့ရှိတယ်။
စားကြ သောက်ကြ ဆိုကြ တီးကြပေါ့။
မှတ်မှတ်ရရ... ၇တန်းနှစ်က နှုတ်ဆက်ပွဲမှာ ကျနော်သီချင်းဆိုတော့ ငတိုးနဲ့ဖိုးထက်က ဟာမိုနီလိုက်ဆိုပေးတယ်။
ဒီလိုပွဲမျိုးမှာ ကျနော်က သီချင်းမြူးမြူးလေးတွေပဲ ဆိုတယ်။
အဲဒိတုန်းက ဟစ်ဖြစ်နေတဲ့ ထုံချိုင်းသီချင်းတွေဆိုတာပေါ့...မြူးမှမြူးပဲ။
ရန်အောင် ပြန်ဆိုတဲ့ “ဂျင်းဘောင်းဘီ နဲ့ အထင်မလွဲကြေး”၂ပုဒ်ဆိုတယ်။
ထိုင်းအသံထွက်အတိုင်း ဆိုတာ၊ နားလည်လို့တော့ မဟုတ်ဘူး။
မတူတူအောင်လိုက်ဆိုရင်း ကြာတော့ ဆိုတတ်သွားတာ။
ကျနော်သီချင်းဆိုနေတုန်း မိန်းခလေးသူငယ်ချင်း၎ယောက်ထဲက၂ယောက် စင်ပေါ်တက်လာပြီး ကပေးကြတော့ အဆိုရော အကရော မိုက်မှမိုက်ပေါ့ဗျာ။
သူတို့၂ယောက်ကလဲ အိမ်မှာ ထုံချိုင်းခွေ ကြည့်ပြီး ကနေကြဆိုတော့ ကွတ်တိပဲ။
အခုအချိန်အထိ ပြန်တွေးမိတိုင်း အဲဒိအချိန်ကို ပြန်မြင်ယောင်ပြီး လူက အလိုလိုပျော်လာတယ်။

သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ...(အမှတ်တရ ၁)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျနော်တို့မှာ နောက်ထပ်တူတာတစ်ခုရှိသေးတယ်။
အဲဒါက ကျနော်တို့၎ယောက်စလုံး စာကြိုးစားကြတယ်။
ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးလို့ ဂတိတွေလဲ ထားခဲ့ကြတယ်။
ငတိုးက ကျနော်တို့ထဲမှာ စာအတော်ဆုံး။
သိပ်မကြိုးစားရပဲနဲ့ အရမ်းတော်တဲ့ကောင်။
ကျနော်ကတော့ နည်းနည်းထုံတယ်။
ဒါကြောင့် ငတိုးထက် ပိုပြီး ဝီရိယထားရတယ်။
ဒါပေမယ့် ဘယ်တော့မှ ငတိုးကို မကျော်နိုင်ပါဘူး။

ကျနော်တို့သူငယ်ချင်း၎ယောက်မှာ ကျနော်၊ ငတိုးနဲ့ ဖိုးထက်က လက်ရေးလှတယ်။
ငတိုးနဲ့ ဖိုးထက်က အခုဖတ်နေရတဲ့ စာလုံးတွေလို ဝိုင်းစက်နေအောင် ရေးတာ။
ကျနော်က လက်ရေးတော့လှပါတယ်၊ ဒါပေမယ့် ပုံစံစုံအောင်ရေးတယ်။

လက်ရေးနဲ့ပတ်သတ်လို့ အမှတ်တရတွေလဲ ရှိခဲ့ဖူးတယ်။
ငတိုးက ၁ခုခုဆို အမြဲတမ်း အဆန်းထွင်တတ်တယ်။
ကွန့်တတ်တယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။
ငတိုးရဲ့အဆန်းတွေထဲက တချို့ကို ကျနော်က သဘောတကျ လိုက်လုပ်တတ်တယ်။

ငတိုးစာရေးတဲ့အခါ...
ခေါင်းစဉ်ကို font sizeအကြီးနဲ့ရေးလေ့ရှိတယ်။
subtitleတွေကိုတော့ ပုံမှန်ထက် နည်းနည်းကြီးပြီး..
အကြောင်းအရာတွေကိုမှ ပုံမှန်စာလုံးနဲ့ရေးတယ်။
ပြီးတော့ ခေါင်းစဉ်စာလုံးတွေမှာ ကနုတ်တွေထည့်ရေးတယ်။

ငတိုး ခေါင်းစဉ်တွေတပ်တဲ့ စတိုင်လ်ကို သဘောကျပြီး အတုခိုးခဲ့မိတယ်။
ဥပမာ - နာမ်ကို ခေါင်းစဉ်တပ်မယ်ဆိုရင် နငယ်ရဲ့အောက်က အတံကို ရှည်ရှည်လေးဆွဲပြီး အတွန့်ထည့် ငသတ်ကိုလဲ ရှည်ရှည်လေးဆွဲ အတွန့်တပ်နဲ့ ဟုတ်နေတာ...
ကနုတ်ပုံစံလေးတွေဖြစ်အောင် လျှောက်ရေးထားတာ။

ကိုယ့်စာအုပ်လေးကိုကြည့်ပြီး သူငယ်ချင်း၂ယောက် သဘောတွေကျ၊ ပြီးရင် ကနုတ်အသစ်ကလေးတွေ ထွင်ကြတယ်။
မှင်အရောင်ကိုလဲ ၄မျိုးသုံးပြီး ဘာသာ၁ခုစီကို အရောင်၁မျိုးစီ၊ ကနုတ်ပုံစံတစ်မျိုးနဲ့ ခေါင်းစဉ်တပ်တယ်။
တယောက်စာအုပ်တစ်ယောက်ကြည့်ပြီး၊ မင်းကနုတ်က ပိုလှတယ်၊ ငါ့ကနုတ်က ပိုလှတယ်ဆိုပြီး လုပ်ကြသေးတယ်။
စာစစ်ဖို့ ဆရာမဆီမှာ စာအုပ်တွေထပ်ကြတဲ့အခါ အတုခိုးထားတဲ့ ကျနော့်လက်ရေးကို တွေ့ပြီး မြန်မာစာဆရာမ ခေါ်ဆူဖူးတယ်။
ဟုတ်လှပြီထင်ပြီး ရေးထားတာတွေ အကုန်လုံးကို ပြန်ပြင်ရေးခဲ့ရတယ်...:(

အမှတ်တရပါပဲ။ (အမှတ်တရ ၂)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ကျောင်းပိတ်ရက်တွေမှာလဲ ကျနော်တို့၎ယောက် တွေ့ဖြစ်ကြတယ်။
များသောအားဖြင့်တော့ ကျနော်နဲ့ကျော်ကြီး ငတိုး(သို့)ဖိုးထက်တို့အိမ် သွားလေ့ရှိတယ်။
သူတို့နှစ်ယာက်ရဲ့အိမ်နားက ဘုရားနားမှာ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကိုသာယာတယ်။
အဲဒိဘုရားနားမှာ ကြာပင်တွေ ကန်လုံးပြည့်နီးပါးရှိတဲ့ ကြာကန်အကြီးကြီးရှိတယ်။
ကန်ပတ်လည် ကုက္ကိုပင်တွေဝိုင်းနေတဲ့ သိပ်ကို အရိပ်ကောင်းတဲ့ နေရာပါ။
တခါတလေ မိန်းခလေးသူငယ်ချင်း၎ယောက်လဲ ရောက်လာတတ်တယ်။
သစ်ပင်ရိပ်အောက်မှာ ကစားကြတယ်၊ စကားတွေပြောရင်း ငြင်းခုန်ကြတယ်၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။
ပြီးရင် ယူလာတဲ့ မုန့်တွေစားကြတယ်။
အဲဒိနေ့က သူငယ်ချင်း၎ယောက် စိတ်ကူးလေးတစ်ခု ရလိုက်တယ်။

ဒီရေကန်ကြီးထဲက ကြာတွေခူးပြီး ဘုရားမှာ သွားလှူကြမယ်လို့။
အဲဒိမှာ ဖိုးထက်က တစ်ယောက်တစ်ပွင့် ကိုယ်တိုင်ခူးကြရအောင်လို့ အကြံပေးတယ်။
ကန်က အရမ်းနက်တယ်။
ကန်အလယ်သွားဖို့ လှေလည်းမတွေ့ဘူး။
အဲဒါနဲ့ ကန်အစပ်နားမှာ ပွင့်နေတဲ့ ကြာပန်း၎ပွင့်ကို လိုက်ရှာကြတယ်။
တွေ့ပါတယ်၊ ၆ပွင့် ၇ပွင့်လောက်ရှိမယ်။
အဲဒိထဲကမှ ကန်စပ်အရောက်ဆုံး အကောင်းဆုံးကြာကို ခူးဖို့ဆုံးဖြတ်ကြတယ်။
ကန်က အစပ်မှာတင် ပေါင်တဝက်လောက်နီးပါး နက်တယ်။

ကျော်ကြီးနဲ့ ဖိုးထက်က သူတို့ဘောင်းဘီရှည်တွေကို ပေါင်တဝက်လောက်အထိ ခေါက်တင်ကြတယ်။
ကျနော်နဲ့ငတိုးရဲ့ ဘောင်းဘီကအတိုပေမဲ့ ပေါင်အရင်းလောက်အထိ ထပ်ခေါက်ကြတယ်။
ကိုယ်တိုင်ခူးဖို့အလှည့်ကျတဲ့သူက ရှေ့ဆုံးက၊ ကျန်၃ယောက်က နောက်မှာ။
ပြီးမှ တန်းစီပြီး တစ်ယောက်လက်တစ်ယောက်ချိတ် ရေနက်နက်ထဲဆင်းပြီး ကြာပန်းခူးကြတယ်။
ကြာပန်း၎ပွင့်လဲရရော ဘုရားမှာ သွားလှူပြီး ဆုတောင်းကြတယ်။
“ဒီသူငယ်ချင်း၎ယောက် အမြဲအတူတူ နေရပါလို၏၊ ပညာတတ်ကြီးတွေ ဖြစ်ရပါလို၏”ဆိုပြီး ဆုတွေတောင်းခဲ့ကြတယ်။
လူငယ်ဘဝရဲ့ အပေါင်းအသင်းအပေါ် ခင်မင်တဲ့စိတ်၊ ဖြူစင်တဲ့စိတ်တွေနဲ့ သံယောဇဉ်ကြီးခဲ့တဲ့ အချိန်တွေပေါ့ဗျာ။

ပြီးတော့ ဟာသကားတင်လို့ ရုပ်ရှင်သွားကြည့်ကြတယ်။
အဲဒိနေ့က ညနေပိုင်းမှာ မိန်းခလေးသူငယ်ချင်း၎ယောက်နဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားခဲ့တယ်။
ချိန်းထားတဲ့ဆီ မသွားခင် ကျနော်တို့၎ယောက် ဘုရားအရင်သွားခဲ့ကြတာ။

ရုပ်ရှင်ကြည့်နေရင်း ခြေထောက်က စပ်ဖျဉ်းဖျဉ်းဖြစ်တာကို တချက်တချက်သိနေခဲ့တယ်။
ဟာသကားကကောင်း၊ သူငယ်ချင်းတွေက အုပ်စုတောင့်တော့ ပေါက်ကရတွေပြောပြီး
အရွှန်းဖောက်မယ့် စကားတွေကိုလဲ မလွတ်တမ်း နားထောင်၊ ဒီတော့ ခြေထောက်က ဝေဒနာကို မေ့သွားတယ်။
အိမ်ပြန်ရောက်တဲ့အထိပဲ။

အိမ်ပြန်ရောက်ပြီး ရေချိုးတော့မှ အဖြစ်ကို သေချာသိတော့တယ်။
ခြေသလုံးမှာ အရှိုးရာတွေဆိုတာ နည်းတာမဟုတ်ဘူး။
အိမ်ကတွေ့ရင်တော့ ကျောင်းမှာ အရိုက်ခံခဲ့ရတယ်လို့ ထင်မှာ အသေအချာပဲ။
ကိုယ်ကိုယ်တိုင်တောင် အဲဒိလို တွေးမိလိုက်သေးတယ်။
အတော့်ကို စပ်ဖျဉ်းနေလို့၊ ရေအမြန်ချိုးလိုက်ရတယ်။
ထမင်းစားလဲ ဒီစိတ်နဲ့ပဲ။
အိပ်ခါနီးမှ အဖြေကို သိသလိုလို ဖြစ်လာတာ...

ဟိုကောင်တွေဆီကလည်း ဘာသံမှမကြားတော့ ကိုယ်ထင်ထားတာ မဟုတ်လောက်ဘူးလို့လဲ သံသယ ရှိနေသေးတယ်။
ဒါကြောင့် သူငယ်ချင်းတွေဆီ ချက်ချင်းပဲ ဖုန်းဆက်မေးလိုက်တယ်။
ကျော်ကြီးဆီ အရင်ဆက်တယ်။
အဲတော့မှ အဖြေက ပိုနီးစပ်လာပြီး၊ ငတိုးဆီပါ ထပ်ဆက်တော့... ကျနော် ထင်နေတာ အမှန်ပဲ ဆိုတာ သိလိုက်ရတယ်။

ခြေသလုံးက အရှိုးရာတွေရဲ့ တရားခံက မြက်ပင်တွေပါ။
ကြာကန်အစပ် ကန်ပတ်ပတ်လည်မှာ မြက်ပင်ရှည်ကြီးတွေ ရှိတယ်။
မြက်ပင်တွေက ဓားလိုပဲ ထက်တယ်၊ ရှတယ်။
ခြေထောက်မှာ အရှိုးရာတွေဆိုတာ မြင်မကောင်းဘူး။
၂ရက်လောက် ခံလိုက်ရတယ်။
ရေချိုးတဲ့အချိန် အဆိုးဆုံး၊ ပူစပ်နေရောပဲ။

အခုကျတော့လည်း ဒါတွေက အမှတ်ရစရာတွေဖြစ်ရပြီ သူငယ်ချင်းတို့ရေ..
(အမှတ်တရ ၃)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက်မှာ စရိုက်အတူဆုံးက ကျနော်နဲ့ငတိုးပါ။
ကျနော်တို့၂ယောက် စရိုက်တူတာ တော်တော်များတယ်။
အတူဆုံးကတော့ ၂ယောက်စလုံး စတိုင်လ်မလိုင်နဲ့နေရတာကို ကြိုက်တယ်။
အဟဲ... ပဲများတယ်ခေါ်မှာပေါ့။ :P

ကျနော်က ၈တန်းလောက်ကမှစပြီး ပဲများလာတာ။
ငတိုးကတော့ ၆တန်းလောက်တည်းက ပြောတဲ့ဆိုတဲ့ အပြုအမူ၊ နေတဲ့ထိုင်တဲ့ ပုံစံ၊ ဝတ်တဲ့စားတဲ့ စတိုလ်ကော ပဲနဲ့ပေါ့ဗျာ။
ငတိုးက ကျနော်တို့ထဲမှာ ပဲအများဆုံးကောင်။
ဖိုးထက်ကလဲ ကျနော်နဲ့ငတိုးလို ပဲခပ်များများပေမဲ့၊ ကျော်ကြီးကတော့ အဆင်ပြေအောင် ဝတ်စားတာလောက်ပါပဲ။

ကျနော်တို့၎ယောက်မှာ ငတိုးက စိတ်ထားအကောင်းဆုံး။
ဒီကောင်စိတ်ကောင်းရှိတာ တော်ရုံခင်တဲ့လူတောင် သိနိုင်တယ်။
သူ့စိတ်ကို သိနေကြတော့ ငတိုးပဲများနေပေမယ့် ဘယ်သူမှ သောက်မြင်မကပ်ကြဘူး။
တခါတလေ ဒီကောင် overလုပ်ပြနေတာကိုက ခင်စရာ၊ ရယ်စရာဖြစ်နေကြတာ။

ဒီကောင့်ကို မိန်းခလေးသူငယ်ချင်းတွေကလဲ တော်တော်ခင်ကြတယ်။
ငတိုးက အခုအချိန်အထိ ကျနော့်အပေါ်မှာ အကောင်းဆုံးသူငယ်ချင်းပါ။
အမြဲအနစ်နာခံတတ်တယ်။
ကျနော့်ရဲ့ အတိုင်ပင်ခံ သူငယ်ချင်းပေါ့ဗျာ။
ဘဝမှာ ရှားရှားပါးပါး တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းကောင်းလေးပါပဲ။

အပြင်သွားကြမယ်ဆို ကျနော်က ဘယ်သူနဲ့မှ ဆင်တူဝတ်ပြီး မသွားချင်ဘူး။
အဲဒါလဲ ငတိုးနဲ့ တူတယ်။
မတော်တဆတူခဲ့ရင် ၁ယောက်ယောက်က ပြန်လဲရတယ်။
အခုအချိန်အထိ ပြင်လို့မရသေးတဲ့ ကျနော့်စရိုက်ပါပဲဗျာ။

ပဲများတာနဲ့ ပတ်သက်လို့ အမှတ်ရစရာက...
ဆယ်တန်းစာမေးပွဲပြီးခါစ အားနေတဲ့အချိန် ကျနော်၊ ငတိုးနဲ့ဖိုးထက် modelဝင်ပြိုင်ကြသေးတယ်။
ကျနော်နဲ့ငတိုးက စမ်းကြည့်တဲ့သဘောလောက်ပဲ နောက်ပိုင်း ဆက်မလုပ်ဖြစ်ဘူး။
ဖိုးထက်ကတော့ ဆက်လုပ်ဖြစ်တယ်။

ဒါလဲ ဘဝမှာ အမှတ်တရပါပဲ။ (အမှတ်တရ ၄)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

သူငယ်ချင်း၎ယောက် ဆင်တူဝတ်ကြတဲ့ အခါတွေလဲရှိတယ်။
လည်ကတုံးအင်္ကျီအဖြူ၊ ယောပုဆိုးအနက်ကို ကျနော်တို့လေးယောက်စလုံး သိပ်ကြိုက်ပြီး ဆင်တူဝတ်လေ့ရှိတယ်။
အခါကြီးရက်ကြီးတွေနဲ့ မွေးနေ့တွေမှာ ဘုရားသွားကြတဲ့အခါ၊
သီတင်းကျွတ် ဆရာ၊ဆရာမတွေ လိုက်ကန်တော့တဲ့အခါ၊
နှစ်ဆန်း၁ရက်နေ့လိုမျိုး စတုဒီသာကျွေးတာတွေ၊ လူကြီးသူမတွေဆီသွားပြီး ကုသိုလ်လုပ်ကြတဲ့ အခါမျိုးတွေမှာပေါ့...

အဲဒိတုန်းက ကျနော်တို့ သူငယ်ချင်း၎ယောက် ပိုက်ဆံစုပြီး မကြာခဏ အလှူလုပ်လေ့ရှိတယ်။
အစပျိုးခဲ့တာက ဒီလိုပါ...
ကျနော့်မွေးနေ့တိုင်း လုပ်လေ့ရှိတဲ့ အလှူ၁ခုရှိတယ်။
အဲဒါကတော့...မွေးနေ့မှာ မနက်ခင်း ဘုရားတက်ပြီးရင် လမ်းမှာ တွေ့တဲ့ အိုကြီးအိုမနဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့(တောင်းစားနေကြရတဲ့) အဖိုး၊အဖွားတွေကို ကျနော်စုထားတဲ့ ပိုက်ဆံကို ၆ပုံပုံပြီး အရင်ဆုံးတွေ့တဲ့၆ယောက်ကို ကန်တော့လေ့ရှိပါတယ်။

“သားမွေးနေ့မို့ ကန်တော့တာပါ”လို့ ပြောလိုက်တဲ့အခါ နွမ်းနယ်နေတဲ့ သူတို့ရဲ့ မျက်နှာတွေပေါ်က အပြုံးကြောင့် ပီတိဖြစ်ရတယ်။
ဒါကို ဟို၃ကောင် သိတော့ သူတို့လည်း သူတို့မွေးနေ့မှာ ကျနော့်လိုမျိုး အလှူလုပ်ကြတယ်။
ဒါနဲ့ပဲ ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် သူငယ်ချင်း၎ယောက်စလုံး ဆင်တူဝတ် ဘုရားတက်၊ ပြီးရင် အလှူလုပ်ကြတာ စင်ကာပူမလာခင်အထိပဲ...
စင်ကာပူက ပြန်လို့ မွေးနေ့နဲ့ တိုက်ဆိုင်ရင် ဒီလိုမျိုး အလှူလုပ်ဖြစ်ပါသေးတယ်။
ဒါပေမယ့် ကျနော်တစ်ယောက်တည်းပဲ။

ဟို၃ကောင်ကို ပိုပြီးသတိရမိစေတဲ့ အချိန်ပေါ့ဗျာ...(အမှတ်တရ ၅)

..............;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;...............

ငယ်ဘဝရဲ့ အမှတ်တရတွေပါပဲ။
ကျနော်အများဆုံးတွေးမိတဲ့ ငယ်ဘဝအကြောင်းတွေမှာ အဲဒိအရွယ်တုန်းက အမှတ်တရတွေက အများဆုံးပါဝင်နေတယ်၊ တွေးလိုက်တိုင်းလဲ ပျော်တယ်။
ဆက်ရေးရရင် အမှတ်တရတွေက အများကြီးမှ အများကြီးပဲ။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။

ဒီသူငယ်ချင်းလေးယောက်က အခုတော့လည်း မတူတဲ့ လေးနေရာမှာ။
မဆုံဖြစ်ကြတာ နှစ်တွေကြာလှပေါ့။
ကံမကုန်ရင်တော့ ပြန်ဆုံချင်ပါသေးတယ်။
“သူငယ်ချင်းတို့ရေ... မင်းတို့ကို ငါအမြဲလိုလို သတိရနေတယ်၊ မင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကွာ...”

Remind me of enjoying wonderful times with my lovely friends.........

Truly great friends are hard to find, difficult to leave, and impossible to forget...

They never get mad if friend teases with love :)

Miss you guys!!!


9 comments:

မောင်မျိုး said...

လည်ကတုံးအင်္ကျီအဖြူ၊ ယောပုဆိုးအနက်ကို ကိုဝတ်ပြီး သူငယ်ချင်းတွေ အလှူလုပ်ဖြစ်တယ်ဆိုတာလေးဖတ်ရတော့ ကျနော်လည်း အဲ့လိုမျိုးလေး ပြန်ဖြစ်ချင်လိုက်တာလို့ လုပ်ခဲ့ဖူးတာလေး ပြန်အမှတ်ရသွားတယ် ။ ဒီလိုပါပဲ လွမ်းမောရသော အတိတ်ကနေ့ရက်များပေါ့ ပြန်မရနိုင်တော့တဲ့ အဖြူစင်ဆုံးအချိန်တွေပါပဲ သူငယ်ချင်းတွေနဲ့တွေ့ရင် ငယ်ငယ်က အမှတ်တရကို ပြန်ပြန်ပြောရတာကလည်း အရသာတစ်မျိုးပဲ ။

Anonymous said...

ဖတ်လို့ကောင်းတယ်...ရီလဲရီရတယ်...ပျော်ဖို့လဲကောင်းတယ်...ဆက်ဖတ်ချင်သေးတယ်...ထပ်ရေးပါဦး...သူငယ်ချင်းတွေနဲ့ပြန်ဆုံနိုင်ပါစေလို့ဆုတောင်းပေးပါတယ်... ဒီpost ဖတ်ပြီးတော့ငယ်ငယ်တုန်းကအကြောင်းတွေတောင် သတိရသွားတယ်...လူကပြန်နုပျိုသွားသလိုပဲ...ဟဲ ဟဲ...(ပြန်နုပျိုသွားတယ်ဆိုလို့အသက်ကြီးတယ်လို့တော့မထင်နဲ့နော်...:P နဲနဲလေးပါ)

:P said...

သိပ်ခင်ခဲ့တဲ့ မိန်းကလေး သူငယ်ချင်း (၄)ယောက်ကို သတိရသွားပြီ....။

Anonymous said...

အမှတ်တရလေးတွေ....ကောင်းတယ်ဟေ့....
ငယ်ဘ၀တွေ........လွမ်းတယ်ဟေ့....
သူငယ်ချင်းတွေ......ပြန်လည်ဆုံတွေ့ကြပါစို့။

llho

Anonymous said...

ငါလည်း မပါဘူး... :(
နည်းနည်းတော့ မျက်စိလည်သွားတယ်.. ဗိုလ်တထောင်(၆) ကမဟုတ်ဘူးလား..
စာပိုဒ်တွေတော့ နည်းနည်းဖောင်းပွနေသလိုပဲ.. အစအပျိုးလေးတော့ တော်တော်ကောင်းလာတယ်..
KKK

TURN-ON-IDEAS said...

မောင်မျိုး ... ဟုတ်တယ် အစ်ကို၊ လည်ကတုံးအင်္ကျီအဖြူ၊ ယောပုဆိုးအနက်ကို ကျနော်သိပ်ကြိုက်တယ်...
သူငယ်ချင်းတွေ့နဲ့ ပြန်တွေ့ချင်တယ်၊ အခုအရွယ်ပေမယ့် အရင်တုန်းက စိတ်တွေသွင်းပြီး ဟိုတုန်းကအကြောင်းတွေ ပြန်ပြော...
ပျော်စရာ အတော်ကောင်းမှာ...
ခဏလောက်ဖြစ်ဖြစ်တော့ ပြန်ရချင်တယ်...

Anonymous ... ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကြော်ငြာဝင်သွားသေးတယ်... ဟီဟိ စတာ..

:P ... ပြန်ပြောင်ပြတာ မဟုတ်ဘူးနော်... လာလည်တဲ့အတွက် ကျေးဇူးပါ။ သူငယ်ချင်း၎ယောက်နဲ့ အဆက်အသွယ်ရှိသေးလား...ကျနော်တော့ ၂ယောက်ကိုပဲ ဆက်သွယ်လို့ရတယ်...

llho ... ဟုတ်တယ် သယ်ရင်း၊ ငယ်ဘဝတွေက လွမ်းစရာ... ဘာလို့လဲဆိုတော့ လွမ်းလို့ကောင်းလို့...

KKK ... မျက်စိလည်သွားလား...:P
ဗိုလ်တထောင်(၆)မတက်ခင်က သူငယ်ချင်းတွေ...
ငါက စာသိပ်မရေးနိုင်သေးဘူး... မနည်းရေးနေရတော့ အဲလို ဖြစ်ဖြစ်နေတယ်...
ဆောရီးပါ...

Anonymous said...

တော်တော်ကောင်းပါသည်။ ဒီတခါတော့ မနေနိုင်လို့ ချီးကြူးလိုက်မိပြီ။ ဒီလူ့ဘလော့ စကတည်းက ဘယ်တော့များ TURNOVERED IDEA တွေပေါ်လာမလည်းလို့ စောင့်ဖတ်နေတာ၊ တဖြေးဖြေးနဲ့ပိုကောင်းလာတယ်။ Great Article

TURN-ON-IDEAS said...

Anonymous ... လာဖတ်တဲ့ အတွက်ရော၊ ကွန်မန့်အတွက်ရော ကျေးဇူးပါ။

ဘလော့ဂ်ရဲ့နာမည်ပေးဖြစ်တာလေးနဲ့ ပတ်သတ်ပြီး နည်းနည်းလောက်ပြောပြပါရစေ...

ကံတရားက ကျနော့်ကို မျက်နှာသာပေးခဲ့တော့ အလုပ်ရဲ့တာဝန်တွေက ဘဝရပ်တည်မှုအတွက် လိုအပ်တဲ့ ပညာနဲ့ဥစ္စာကို ရစေခဲ့တဲ့အပြင် ဘဝနဲ့ဆန္ဒထပ်တည်းကျစေခဲ့ပြန်တယ်...
သိပ်ကို ကျေးဇူးတင်မိလို့... ကံတရားရဲ့ ပံ့ပိုးမှုတွေ အများကြီးကြောင့် ရလာခဲ့တဲ့ ဒီအလုပ်ကို အမြဲ ဂုဏ်ယူနေချင်တဲ့စိတ်ကြောင့် ဒီဘလော့ဂ်နာမည်ကို အလုပ်ရဲ့ TMသဘောမျိုးဖြစ်တာလေးကို ယူလိုက်တာပါ...

ဒီဘလော့ဂ်ကို ဘဝရဲ့အမှတ်တရတွေ သိမ်းထားချင်တဲ့စိတ်ဆန္ဒ၁ခုတည်းကြောင့်သာ ရေးဖြစ်နေမိတယ်...

ကျနော့်ပို့စ်တွေနဲ့ ပတ်သတ်ပြီး ဝန်ခံစရာတွေလဲ ရှိပါတယ်...

ပို့စ်တွေက...

အများကို ကိုယ်စားပြုနေတာမျိုးမဟုတ်ခဲ့ရင်..

စာသေချာရေးတတ်လို့ (သို့) ရေးတတ်လာမယ်ထင်လို့ ရေးနေတာမျိုး မဟုတ်တဲ့အတွက် ဖတ်မိလို့ စိတ်ကသိကအောက်ဖြစ်စရာတွေ ကြုံလာခဲ့ရင်...

အဲဒိလိုဖြစ်အောင် ရည်ရွယ်ခဲ့ခြင်း လုံးဝမရှိကြောင်း အခုကတည်းက ဝန်ခံပါရစေ...

Anonymous said...

အခုမှ ဖတ်မိတယ် ကိုကြီး...
ကိုတိုးတစ်ယောက်ပဲ မှတ်မိတော့တယ်...
ဖတ်ရတာ အရသာရှိတယ်...

ညီငယ်
MS