Sunday, August 29, 2010

စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ... (၁)

မြန်မာပြည်မှာပြန်နေဖို့ ဆုံးဖြတ်တော့မယ့်အခါ စဉ်းစားရမယ့် စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ ရှိပါတယ်...

ကျောင်းပြီးလို့ အလုပ်မဝင်ခင် မြန်မာပြည်ကို ပထမဆုံး ပြန်တဲ့အခေါက်ရဲ့ အတွေ့အကြုံလေးပါ....

2005 မေလကုန်ခါနီးလောက်မှာ project အပြီးသတ်နိုင်ခဲ့တယ်။
ဇူလိုင်လပထမပတ်မှာ project supervisorရဲ့ ခွင့်ပြုချက်နဲ့ thesis paperကို examinerတွေဆီ တင်လိုက်တယ်။
အဲဒိနောက်တော့ ရှိသမျှအားအင်တွေ အကုန်ပုံအောလိုက်ရသလို အရုပ်ကြိုးပြတ်ပဲ။
စိတ်တွေ လျော့ချလိုက်တာကြောင့်လဲ ဖြစ်မယ်ထင်တယ်။
ဦးနှောက်ကို အလုပ်ပေးရမယ့် ကြီးကြီးမားမားကိစ္စတွေကို လုံးဝမလုပ်ချင်၊ မစဉ်းစားချင်တော့တာ။

ရန်ကုန်ကိုပြန်ပြီး အားရပါးရ နားလိုက်ချင်စိတ်ပဲ ရှိတယ်။
ကျောင်းပြီးခါစမို့ အချိန်ရတုန်းလေး တစ်လလောက် ပြန်နားမယ်လို့ စိတ်ကူးတယ်။
Examinerတွေစစ်ပြီး ၂လလောက်ကြာမှ thesisကို နောက်ဆုံး အပြီးသတ်ပြန်တင်ရမှာ။
ဒါကြောင့် ကြားထဲမှာ ၂လလောက်အချိန်ရမယ်။
အလုပ်ရှာမယ့်ကိစ္စကို ခဏမေ့လိုက်ပြီး ရန်ကုန်ပြန်ဖို့ကိုပဲ ခေါင်းထဲထည့်ထားလိုက်တယ်။
အလုပ်က တသက်လုံးလုပ်ရမှာ၊ အရမ်းပင်ပန်းနေတော့ နားချင်လှပြီ။

ဒီလို ဆုံးဖြတ်လိုက်တာနဲ့ စိတ်တွေ ပေါ့ပါးပြီး အရသာရှိလိုက်တာ မပြောပါနဲ့တော့...

ဒါပေမယ့် ကျောင်းပြီးခါစဆိုတော့ ငွေပိုငွေလျှံသိပ်မရှိဘူး။
ကျောင်းတက်နေတုန်း ကုန်ကျစရိတ်တွေကများ၊ အိမ်ကိုလည်း ထပ်အပူမကပ်ချင်တော့ ပြန်ဖို့လိုအပ်မယ့် ပိုက်ပိုက်အတွက် part-timeလုပ်ပြီး ရှာရပါမယ်။
ဒီရက်ပိုင်းအတွင်း သေချာအနားယူပြီး အားလဲပြန်ဖြည့်ချင်သေးတယ်။
ဒါကြောင့် part-time အလုပ်မလုပ်ခင် တစ်ပတ်လောက် စိတ်လွတ်ကိုယ်လွတ် နားပစ်လိုက်တယ်။
ပထမ၄ရက်ကို အိမ်ထဲမှာပဲအောင်းပြီး ပေါ့ပေါ့ပါးပါး ရသစာပေတွေဖတ်တယ်၊
ရုပ်ရှင်တွေကြည့်တယ်။
နောက်၃ရက်မှာတော့ သွားချင်တာ လျှောက်သွား၊ စားချင်တာ လျှောက်စားတယ်။

Part-timeလုပ်နေတုန်း စိတ်တွေက မြန်မာပြည်ကိုပဲ ရောက်ရောက်နေတော့တာ...
အချိန်တွေ မြန်မြန်ကုန်ပြီး မနက်ဖြန်တွေ မြန်မြန်ရောက်စေချင်လှပြီ။
အဲ... ဒါပေမယ့် မြန်မာပြည်ပြန်ရောက်ရင်တော့ "ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးပေါ့"...

ပြန်ပြီဆိုတော့လဲ လက်ဆောင်လေးတွေ ဝယ်သွားပေးချင်သေးတယ်။
ဒါကြောင့် ဇူလိုင်လ တတိယပတ်ကနေ၊ စက်တင်ဘာလ ပထမပတ်အကုန်အထိ part-timeလုပ်ပြီးရှာလိုက်တာ လမ်းစရိတ်၊ အိမ်လခ၂လစာနဲ့ လက်ဆောင်ပစ္စည်းတွေဝယ်ဖို့ လောက်ငှတဲ့အပြင် ငွေပိုလေးတောင် ရလိုက်တယ်။
သယ်စရာ သိပ်များများမရှိတော့ ကီလို ၃၀ကို ရောင်းလိုက်တဲ့အခါ ငွေတော်တော်ပိုသွားတာပေါ့။
ဒီလိုနဲ့ ကျောင်းပြီးလို့ အလုပ်မဝင်ခင် စက်တင်ဘာလကုန်ခါနီး မြန်မာပြည်ကို ပထမဆုံးအကြိမ် ပြန်ခဲ့ပါတော့တယ်။

လေယာဉ်စီးချိန် ၂နာရီ၄၅မိနစ်ခန့်ကို မြန်မြန်ကုန်စေချင်ပါတယ်။
ဒါကြောင့် အစားမကျွေးခင်အိပ်၊ ကျွေးပြီးတော့လဲအိပ်လိုက်တာ ခါးပတ်ပတ်ဖို့ လာနှိုးမှပဲ နိုးတော့တယ်။
နိုးတာနဲ့ မင်္ဂလာဒုံလေဆိပ်ကြီးကို မြင်လိုက်ရတာ အရသာက တယ်ကောင်းဗျို့

လေယာဉ်ပေါ်ကဆင်းတာနဲ့...
ဒါငါ့မြေ၊ ဒါငါ့နိုင်ငံဆိုတဲ့ အသိကြောင့် စိတ်ထဲမှာ နွေးထွေးသွားပြီး..
ခံစားရသမျှ ပိုင်ပိုင်နိုင်နိုင်ရှိလိုက်တာ...
ဖြာဆင်းနေတဲ့ နေရောင်ခြည်၊ တိုက်ခတ်နေတဲ့ လေပြည်တွေ အားလုံး အားလုံးကို အငမ်းမရခံစား....
ကြည့်စမ်းပါအုံး!!! အရာအားလုံးဟာ ကိုယ်နဲ့တသားတည်း စီးမျောနေကြတာ...

အဲဒိအချိန်ခဏမှာ ထာဝရအသိ၁ခု ရလိုက်တယ်...
ဘယ်နေရာရောက်ရောက်၊ ဘယ်တွေကိုလုပ်လုပ် ဒီနေ၊ ဒီမြေ၊ ဒီရေ၊ ဒီလေကို အမြဲတမ်း လွမ်းဆွတ်နေမယ်၊ ချစ်နေမယ်ဆိုတာ....
ကျနော့်လိုပဲ အဝေးရောက်မြန်မာတွေ ခံစားဖူးကြမှာပါ။

အဲဒိတုန်းက လေဆိပ်အသစ် ဆောက်နေဆဲအချိန်ပါ။
သူတို့ဆီရောက်ဖို့ ဘတ်စ်စီးတော့ ရုတ်တရက် ညစ်နွမ်းနွမ်းခံစားလိုက်ရသေးတယ်။
ကားဘော်ဒီတုန်ခါမှုကြောင့် ကားတံခါးဆီက တဖျတ်ဖျတ်အသံ၊ ကားအင်ဂျင်အိုအိုရဲ့ငြီးငြူသံ ဒီအသံတွေကလည်း ဝရုန်းသုန်းကားနဲ့ ဆီးကြိုကြတယ်။
နောက်ပြီး ကွမ်းတံတွေး နီနီတွေကလည်း ညှိုးငယ်သောစိတ်ထားဖြင့် ကြိုဆိုပါ၏တဲ့။
ဒါတွေ ဒါတွေက မင်းမြန်မာပြည်ရောက်နေပြီလို့ ထပ်လောင်း ပြောပေးနေကြတယ်။

သုံးထပ်သားပြားတွေ ခင်းထားတဲ့ လမ်းရဲ့အဆုံးမှာ သူတို့တွေ ရှိနေကြတယ်။
သူတို့တွေဆိုတာက ကံကောင်းထောက်မလို့ ၁နှစ်လောက် တွေ့စရာ မြင်စရာ ပတ်သတ်စရာမလိုတဲ့..
အပျော်ဖျက် အပြတ်ဖျော်မယ့်လူတွေပေါ့။
ခပ်တင်းတင်း စောင့်ကြိုနေကြလေရဲ့...
အစ်ကိုတစ်ယောက်ပြောတာ ကြားဖူးတာတော့ ငရဲခန်းသို့ ခြေလှမ်းကိုးဆယ်တဲ့။
သူတို့ကိုတော့ မလွမ်းမိတာ အမှန်။

မပြန်ခင် စီနီယာအစ်ကိုတွေကို မေးထားခဲ့ပါသေးတယ်...
အတတ်နိုင်ဆုံး အပိုတွေအတွက် လေအကုန်မခံရမယ့်နည်း၊ အကုသိုလ်နည်းနိုင်သမျှနည်းမယ့် နည်းတွေအကြောင်းလေ...

ဒါပေမယ့် ကျနော် ကံဆိုးပါတယ်...
လေယာဉ်ပေါ်မှာ ထိုင်ခုံနံပါတ်က နောက်ဘက်ကျတော့ ခရီးသည်အကုန်လုံးနီးပါး ဆင်းပြီးတော့မှသာ ကျနော်လဲ ဆင်းလို့ရပါတယ်။
ဒါကြောင့် ကျနော် သူတို့နားကို ရောက်တဲ့အချိန် လူတော်တော်ကုန်နေပါပြီ။
အများအာရုံကျချင်စရာ ထီးထီးကြီးပေါ့...

အစ်ကိုတွေ မှာထားတဲ့အတိုင်း ရုံးခန်းသေးသေးလေးကို ဦးတည်လိုက်တယ်။
အဲဒိအချိန်မှာ အရာရှိငယ်တစ်ယောက် အပြေးတပိုင်းနဲ့ ရောက်လာပါတယ်။
ချိုချိုသာသာပါပဲ "ငါ့ညီ ကျောင်းသားလားတဲ့"။
"ဟုတ်ကဲ့"လို့ ပြန်ဖြေတော့ "ကိုယ့်ကို စာရွက်ပေး ဆရာ့လက်မှတ်ယူပေးမယ်"တဲ့။

ပေးလိုက်ရမလား? ငါကိုယ်တိုင်ပဲ ဝင်တွေ့ရမလား?
ခက်တာက သူ့ဆရာဆိုသူ ..ကြီးကြီးကလဲ ရုံးခန်းလေးထဲမှာ မရှိ။
အူတိအူကြောင် ပုံစံနဲ့ ရုံခန်းထဲ မဝင်သေးဘဲ ရုံးခန်းဝင်ပေါက်ရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေလိုက်တယ်။
အရာရှိငယ်ကတော့ ရုံးခန်းထဲ ဝင်လာဖို့ ခေါ်တယ်။
တကယ်လက်မှတ်ထိုးပေးရမှာ သူမဟုတ်တော့ "ရပါတယ်၊ ဒီကပဲ စောင့်မယ်" ဆိုပြီး သူ့ကို မကြည့်မိအောင် မျက်နှာလွှဲထားလိုက်တယ်။
ဝင်သွားမိရင် မတော်တရော်တွေ လာပြောမှ အားနာတတ်တဲ့ ကျနော် ဒုက္ခရောက်ရပါလိမ့်မယ်။

အဲဒိလို ဝေခွဲမရဖြစ်နေတုန်း ..ကြီးကြီးကို ဖြတ်ခနဲ အတွင်းခန်းလေးထဲမှာ တွေ့လိုက်တယ်။
..ကြီးကြီးဆီ သွားဖို့ ရုံးခန်းလေးထဲအဝင် ခုနက အရာရှိငယ်က "ဆရာဒီမှာ" လို့ ပြောပြီး..
ရုံးခန်းကအထွက် အပေါက်ဝနားမှာ ကျနော့်ကို အမိအရ တိုးတိုးလေး ပြောဖြစ်အောင် ပြောလိုက်သေးတယ်။
"ဆရာ့ကို ဘာညာတဲ့"
လက်မှတ်အရေးတကြီး အရင်လိုနေတဲ့ ဟန်ပန်နဲ့ မကြားလိုက်သလို ဟန်ဆောင်လိုက်တယ်။
("တတ်သည့်ပညာ မနေသာ" ဆိုသလိုပေါ့)

..ကြီးကြီးက ..ကြီးကြီးမို့ အေးဆေးပါပဲ။
ကျောင်းသားလား? ဘာပြန်လုပ်တာလဲ? (တာဝန်?)ဝတ္တရားအရ မေးပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။
ဟိုအရာရှိငယ်က ဆရာ့ကို ဘာညာပေးမပေးကို ခပ်လှမ်းလှမ်းက အကဲခတ်သလို ကြည့်နေတယ်။
"ဒီမျက်လုံးရိုင်းကြီးတွေကြောင့်":(

အူတိအူကြောင်ပုံလုပ်၊ အလျင်စလိုနဲ့ အခန်းထဲက ပြန်ထွက်ပြီး ဟိုအရာရှိငယ် ရှေ့ကနေဖြတ်အလျှောက်...
သူကလဲ တစ်ယောက်တည်းပဲ ကျန်တော့တဲ့ ကျနော့်ကို လွယ်လွယ်နဲ့ လက်မလွှတ်ချင်ဘူးနဲ့ တူပါရဲ့။
"ငါ့ညီက ကျောင်းတက်ပြီး ပြန်လာတော့ ဘာလေးညာလေးများ မပါဘူးလား" တဲ့။
(စိတ်ထဲကတော့ "ဘာမှလဲ မဆိုင်ဘူး" လို့ တွေးလိုက်ပေမဲ့)
အပြင်မှာတော့"ဟုတ်ကဲ့ မပါဘူးအစ်ကို" လို့ လေးလေးစားစား ချိုချိုသာသာ ပြန်ဖြေလိုက်ပါတယ်။
မြန်မာပြည်က အရာရှိတွေအပေါ် ကရုဏာသက်ဝင်မိတဲ့ အခိုက်အတန့်လေးပါပဲ...
သားကျွေးမှု၊ မယားကျွေးမှုပေကိုး။
(မိဘကို လုပ်ကျွေးနေတာ (သို့) သူ့အတွက် သပ်သပ်လဲ ဖြစ်နိုင်ပါတယ်။)

ကဲ တစ်ခုသော ဂိတ်ကိုတော့ အောင်မြင်ခဲ့ပြီ။
ငရဲမကျတော့ဘူးလို့ ထင်လိုက်ပေမဲ့ နောက်ဂိတ်၁ခုက ဆီးကြိုနေပါသေးတယ်။

ဒီတစ်ခါတော့ အသက်၃၅-၄၀ဝန်းကျင် အမျိုးသမီး အရာရှိခင်ဗျ။
"မင်းက အိတ်တွေ များလှချည်လား"တဲ့။
"ဟုတ်ကဲ့၊ hand carryက ကျနော့်ဟာပါ၊ ကျန်တဲ့ အိတ်၂လုံးက သူများဟာ"လို့ ပြောလိုက်မိတယ်။
စကားမှားသွားပြီလို့ သိလိုက်ပေမဲ့ မမှီတော့မှန်း ငေါက်သံလိုလို ကြားမှ သိလိုက်ရတယ်။
"မင်းက ဘာမှန်းမသိ သယ်လာရလား?"
"ဘာမှန်းသိပါတယ်၊ အထဲမှာ အဝတ်အစားတွေပဲ ပါတာပါ၊ ဖွင့်ကြည်နိုင်ပါတယ်" လို့ ဖြေလိုက်တယ်။
စိတ်သိပ်ကြီးတယ် ထင်ပါတယ်။ ထပ်ငေါက်ပါတယ်။
"အဝတ်အစားတွေဆိုရင် အခွန်ဆောင်ရမယ်တဲ့"
"အဝတ်အစားဆိုရင် ဘာဖြစ်လို့ အခွန်ဆောင်ရတာလဲ"လို့ ပြန်မေးလိုက်တယ်။
(တကယ်မသိတာပါ၊ ရစ်တာမဟုတ်ရပါ။)

"အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမယ်လေ"
ဟဲဟဲ သူ့ခွင်ထဲ ကျနော်အဝင် မခံပါဘူး၊ ရှောင်နိုင်လို့ လွတ်ပါတယ်... ကြည့်...
"အဝတ်အစားအသစ် တထည်မှ မပါပါဘူး၊ အကုန် ဝတ်ပြီးသား အဟောင်းတွေပါ"
"အဝတ်အစား အဟောင်းတွေကို ပိုက်ဆံအကုန်ခံပြီး သယ်ခိုင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဒီလို ဆက်ရစ်ပါတယ်။
ကျနော်ကလည်း "ဖြစ်နိုင်ပါတယ်၊ မယုံကြည်ရင် ဖွင့်ကြည့်ပါလို့"ပြောလိုက်တယ်။
ဖွင့်ပြမယ်လို့ မပြောလိုက်ဘူး...(မုန်းလို့)

အပေါ်က စကားတွေ အများကြီးကို နှစ်ဦးနှစ်ဖက် ပြောကြပြီးနောက်...
ဦးလေးရဲ့ သူငယ်ချင်းဖြစ်သူက သူ့အတွက် ကျနော် သယ်လာတဲ့ ပစ္စည်းတွေကို လေဆိပ်အထိ လာယူပါတယ်။
အဲဒိဦးလေးက လေဆိပ်မှာ အသိရှိပုံပါပဲ။
သူ့အိတ်၂လုံးကို ယူသွားလိုက်တာများ လွယ်လွယ်လေး။
ကျနော်ဖြင့် ဒီမှာ စကားရည်လုပွဲ ဝင်နေတာ ရေတောင်ငတ်တယ်။

ကဲ ဒီလိုဆိုတော့ ကျနော် သွားလို့ ရပြီပေါ့။
ဟိုးမှာ တွေ့ချင်လှပြီ ဖြစ်နေတဲ့ အမေ့ကို လှမ်းမြင်နေရတယ်။
ငါ့သား ကြာလိုက်တာလို့ လှမ်းပြောနေသယောင်။

သွားလို့မရသေးပါဘူး....နောက်၁မျိုးပါခင်ဗျ။
"ဒါဆို မင်းရဲ့ hand carryထဲမှာရော ဘာတွေပါလဲ" တဲ့။
"ဖွင့်ကြည့်လို့ ရပါတယ်" ပဲ ပြောလိုက်ပြီး၊ ဖွင့်မပေးခဲ့ပါဘူး။
သူ့ဟာသူ ဖွင့်ကြည့်ပါတယ်။
"မင်းအဝတ်အစားတွေက အကုန်လုံး အသစ်တွေပါလား"တဲ့။
"ဟုတ်ကဲ့"လို့ တိုတိုတုတ်တုတ်ပဲ ဖြေလိုက်တယ်။
(ဟုတ်တယ်လေ... အမေနဲ့ တွေ့ချင်လှပြီ။ လူကို တရားခံစစ် စစ်နေလိုက်တာများ...မုန်းတယ်၊ မုန်းတယ်)

"ဟုတ်ကဲ့ဆိုပြီး မပြီးဘူးလေ၊ အဝတ်အစားအသစ်တွေက အခွန်ဆောင်ရမှာပေါ့"လို့ ပြောပြန်တယ်။
လာပြန်ပြီ... ဒီအခွန်။ သူများပိုက်ဆံ တော်တော်လိုချင်နေကြတယ်။

ကျနော် စကားတွေ ဆက်တိုက် ပြောလိုက်တယ်။
"တဝက်က ကျနော့်အဝတ်အစားတွေ၊ ကျန်တဝက်က အိမ်အတွက် လက်ဆောင်ဝယ်လာပေးတာ၊ ကျနော် ကျောင်းပြီးလို့ အိမ်ပြန်နားချင်တာနဲ့ တစ်လခွဲလောက် အချိန်ပိုင်း အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ အမေတို့အစ်မတို့အတွက် လက်ဆောင်တွေ ဝယ်လာခဲ့တာ"
မြန်မြန်ပြောလိုက်တယ်၊ တော်ကြာ သူဖြတ်ပြောနေရင် ကိုယ်ပြောချင်တာ မပြောလိုက်ရမှာ စိုးလို့။

"ဘာပဲဖြစ်ဖြစ် ဒီအဝတ်အစားအသစ်တွေ ဝယ်လာရင်၊ အခွန်ဆောင်ရမယ်ဆိုတာ မင်းမသိဘူးလား"တဲ့။
ကဲ... သူကလဲ မလျော့ဘူးခင်ဗျ။
"ဟုတ်ကဲ့၊ အဲဒိတုန်းက အိမ်ပြန်ချင်တဲ့စိတ်ရယ်၊ လက်ဆောင်ဝယ်ပေးချင်တဲ့ စိတ်ရယ်ပဲ ရှိပါတယ်၊ ပြီးတော့ ကိုယ်ဝယ်တာကလဲ မိသားစုအတွက် အနည်းအကျဉ်းပါပဲ...စီးပွားဖြစ် လုပ်လာတာ မဟုတ်တော့၊ ဒါတွေ မစဉ်းစားမိခဲ့ဘူး"လို့ ပြန်ဖြေလိုက်တယ်။

တဆက်တည်းမှာပဲ..."လက်ဆောင်ကလဲ အဟောင်းတွေပေးလို့မှ မကောင်းတာ၊ ဒါကြောင့် အသစ်တွေ ဝယ်လာတာ၊ အစ်မလဲ အိမ်အပြန်လက်ဆောင် ဝယ်ဖူးမှာပါ၊ ပြည်တွင်းခရီးပဲ ဆိုရင်တော့ ပြည်တွင်းပြန်လက်ဆောင်၊ ပြည်ပက ပြန်လာရင်တော့ ပြည်ပပြန်လက်ဆောင်ပေါ့... ဘယ်လိုမျိုး လက်ဆောင်ဖြစ်ဖြစ် အစ်မလဲ အသစ်ပဲ ဝယ်မယ်ထင်ပါတယ်၊ အခွန်ဆောင်ရမယ်ဆိုလဲ ကျနော်ဝယ်လာတဲ့အထဲက အစ်မကြိုက်တဲ့အဝတ်အစားကို ယူပါ"လို့ ပြောချင်တာတွေ ပြောချလိုက်ပြီး၊ ကျနော် သူ့ကို တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်ဆိုတာ သိသာအောင် လုပ်လိုက်တယ်။

အဲဒိလို ပြောနေတဲ့ခဏမှာ စိတ်ကောင်းရှိပုံရတဲ့ အရာရှိတစ်ယောက်ဖက်ကို ကြည့်ရင်း စိတ်တွေ ပင်ပန်းနေဟန်၊ အမေကို တွေ့ချင်လှပြီဆိုတဲ့ ပုံစံလုပ်ပြလိုက်တယ်။
ဟုတ်တယ်လေ... ကျနော်တစ်ယောက်တည်း အပြင်မရောက်သေးတာ။ ဘယ်ခရီးသည်မှကို မကျန်တော့တာ။

ဒီတခါတော့ ကျနော် ကံကောင်းပြီခင်ဗျ။
ခုနက စိတ်ကောင်းရှိပုံရတဲ့ အရာရှိက
"ရစ်မနေပါနဲ့တော့ကွာ၊ သူလဲ အမေနဲ့ တွေ့ချင်လှရောပေါ့"လို့ ဝင်ပြောပေးတာ ကျေးဇူးတင်မိပါတယ်။
သူတို့မှာလဲ ဒီမိန်းမကြီး စံပြဝန်ထမ်းလုပ်ပြနေတာနဲ့ပဲ တာဝန်ချိန်ကုန်တာတောင် မပြန်ရဖြစ်တော့မယ် ထင်တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ကျနော်လဲ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ နောက်ဆုံးဂိတ်ကိုဖြတ် အမေ့ဆီကိုသာ အပြေးသွားလိုက်ပါတော့တယ်။
အိမ်ကိုအသွား ကားပေါ်မှာတော့....
"အင်း... တကယ်တမ်းတွေးကြည့်ရင် မြန်မာပြည်က ဒီလိုမျိုး အရာရှိတွေဟာ တော်တော်သနားဖို့ကောင်းပါတယ်...
နဂိုကတည်းက ကိုယ့်ကျင့်တရားမကောင်းတဲ့ တချို့ကလွဲရင်...
သူတို့တွေဟာ သူတို့ရဲ့ အရာရှိဆိုတဲ့ဂုဏ်ကိုတောင်မှ ဂရုမစိုက်နိုင်ကြပဲ အဆမတန် မြင့်မားတဲ့ ကုန်ဈေးနှုန်းကြောင့် ဒါတွေ လုပ်နေကြရတာ...
ဘဝဆိုတာ ခဏလေးပါ၊ သံသရာကတော့ ဘဝပေါင်းများစွာကိုဆိုလိုတယ်...

သံသရာမှာ သူတို့တွေ ကျင်လည်ကြရအုံးမှာကို တွေးမိတော့လဲ..."

"ဒါနဲ့ ခုနက ငါ့အပျော်လေးတွေ ဘယ်တွေရောက်ကုန်ကြပြီလဲ?"

နောက်တော့လဲ အိမ်သွားတဲ့ လမ်းတလျှောက်က ရန်ကုန်မြို့မြင်ကွင်းလေးတွေကြည့်ရင်း အမေနဲ့စကားတပြောပြောလုပ်လာလိုက်တာ အပျော်လေးတွေ ပြန်ရောက်လာခဲ့ပါတယ်...

တော်ပါသေးရဲ့...

ဘာပဲဖြစ်ဖြစ် "ချစ်တယ် မြန်မာပြည်ရယ်..."

10 comments:

Anonymous said...

very good post, friend....
No comment for writing style because perfect..
KKK

မောင်မျိုး said...

ကိုယ်တိုင်မကြုံဖူးပေမယ့် ဒါမျိုးလေးတွေဖတ်ရတာ အရသာရှိတယ် ကျေးဇူးဗျ

မြန်မာပြည်ကို ကျနော်လည်းချစ်တယ် ။

Anonymous said...

ဘာပဲဖြစ်ဖြစ် "ချစ်တယ် မြန်မာပြည်ရယ်..." :))
MS

Anonymous said...

သူငယ်ချင်းကိုယ်တွေ့လေးရေးထားတာ...ဖတ်လို့ကောင်း...ဒါမှတို့နိုင်ငံကွ...ချစ်တာတော့ချစ်မှာပဲ "မြန်မာပြည်"....

llho

Anonymous said...

အကြောင်းအရာက သိပြီးသားပေမဲ့ ရေးထားတာ ဖတ်လို့ကောင်းတယ်...
မျှော်နေအုံးမယ်...
KLMS

မောင်လေး said...

စိတ်ပျက်စရာပဲဗျာ...။စာကိုပြောတာမဟုတ်ဘူးနော်...။
အဖြစ်အပျက်ကိုပြောတာ..။

pandora said...

မြန်မာပြည်ကိုချစ်သူ

ဘလော့ဂ်ဒေးအမှတ်တရ ကိုယ့်ဘလော့ဂ်မှာ ညွှန်းပေးထားတယ်

ရွှေရတုမှတ်တမ်း said...

ကိုယ်တိုင်ခနခနကြုံခဲ့ရတာများလှပါပြီ..
အရေးအသားလေးကောင်းတော့ တောက်လျောက် ဆွဲခေါ်ယူသွားနိုင်တာ အမှန်ပဲ...
word verifcation ကြီး မလိုရင်ဖြုတ်ထားပါလား..

TURN-ON-IDEAS said...

KKK >>> Thanks, fri.
အစ်ကို (မောင်မျိုး) >>> လာလည်တာရော၊ ကွန်မန့်ရေးခဲ့တာကိုရော ကျေးဇူးပါ။
ညီလေး MS >>> ယာ့...ဒါမှ ငါ့ညီ...ကွ
llho >>> သယ်ရင်း ငါတို့တွေ မြန်မာပြည်ကို အမြဲချစ်ကြရအောင်...
KLMS >>> လာလည်တာရော၊ ကွန်မန့်ရေးခဲ့တာကိုရော ကျေးဇူးပါ။
မောင်လေး >>> ဟုတ်တယ် အစ်ကို။ စိတ်ပျက်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့်လဲ လွမ်းတယ်ဟုတ်?
အစ်မပန်ဒိုရာ >>> ဘလော့ဂ်အညွှန်းအတွက် ကျေးဇူးပါ။ အစ်မ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပြီး စာတွေအများကြီး ရေးနိုင်ပါစေ။
ကိုကြီးကျောက် >>> ကျွန်တော်က ဖြစ်ခဲ့တာကို ပြောပြရုံ သပ်သပ်ပါ။ နောက်ကွယ်က သူတို့ဘဝတွေကို အတတ်နိုင်ဆုံး နားလည်ပေးချင်သေးတယ်။(နဂိုကတည်းက attitudeမကောင်းတဲ့လူတချို့ကလွဲလို့ပေါ့)
ဒါကြောင့် ထပ်ထည့်ထားလိုက်တာ... စာလာဖတ်တဲ့သူတွေ စိတ်တွေပင်ပန်းမှာလဲ စိုးလို့...
အစ်ကို လာလည်တာရော၊ ကွန်မန့်ပေးတာအတွက်ကိုပါ ကျေးဇူး။

TURN-ON-IDEAS said...

ကိုကြီးကျောက် ကျနော့်ကို လုပ်စေချင်တာနဲ့ ကျနော်နားလည်သွားတာ တခြားဖြစ်သွားတယ်...
အဲဒိမတိုင်ခင်လေးကမှ သူငယ်ချင်းတစ်ယောက်ပြောတဲ့ ပြဿနာနဲ့ ရောကုန်လို့...

အခု word verificationကြီး ဖြုတ်လိုက်ပြီ...

ကိုကြီးကျောက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပါစေဗျာ...